Just Another Wordpress Blog

Just another WordPress.com weblog

FREEDOM HOUSE ရဲ့ electoral democracy ညွှန်းကိန်း။

Vansangva Online Democracy Discussions / အမြင့်ပျံငှက် အွန်လိုင်း ဒီမိုကရေစီ ဆွေးနွေးဝိုင်း (၂)

FREEDOM HOUSE ရဲ့ electoral democracy ညွှန်းကိန်း။

[display_podcast]

အရင် အပတ်က FREEDOM HOUSE ညွှန်းကိန်း ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စစ်တမ်းကိုတစေ့စောင်းဆွေးနွေးတင်ပြခဲ့ပြီး၊ အခုတခါမှာတော့ FREEDOM HOUSE ရဲ့ ကမ္ဘာ့ နိုင်ငံတွေထဲမှာ electoral democracy ကိုကျင့်သုံးမှု ရှိမရှိ လေ့လာစောင့်ကြည့် ပုံ နဲ့ ပတ်သက် ပြီး အကြမ်းဖျင်း တင်ပြ ဆွေးနွေးသွားပါမယ်။

ကမ္ဘာမှာ ရွေးကောက်ပွဲတွေ ကို (၄) နှစ်တကြိမ် တန်သည် (၅) နှစ်တကြိမ်တန်သည် ပုံမှန်ကျင်းပသွားပြီး တိုင်းပြည်ကို အုပ်ချုပ်မဲ့ ပါတီ (ဝါ) အစိုးရကိုပြည်သူတွေက တိုက်ရိုက် ရွေးကောက်ကြရတဲ့ ပါတီစုံရွေးကောက် ပွဲကျင်းပပေးတဲ့ စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေ အတော် အသင့် များပြားလာပေမဲ့ FREEDOM HOUSE ကတော့ အဲဒီလိုပါတီစုံစနစ် ကိုကျင့်သုံးတဲ့ နိုင်ငံတိုင်း၊ ရွေးကောက်ပွဲ ပုံမှန်ရှိတဲ့ နိုင်ငံတိုင်းကို electoral democracy စနစ် ကျင့်သုံးတဲ့ နိုင်ငံ (သို့မဟုတ်) တရားမျှတပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကို ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံ တခု ရယ်လို့ အလို အလျောက် မသတ်မှတ်ပါဘူး။

တရားမျှတပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကို ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံ တခု (သို့မဟုတ်) electoral democracy စနစ် ကျင့်သုံးတဲ့ နိုင်ငံ အဖြစ်သတ်မှတ်နိုင်ဖို့အတွက် FREEDOM HOUSE က စစ်တမ်းကောက် အမှတ်ပေး ရာမှာ အနိမ့်ဆုံး စံ တခု တော့ ထားရှိပါတယ်။ ဥပမာ အရင် အပတ် ကဖေါ်ပြခဲ့ပြီးဖြစ်တဲ့ အတိုင်း နိုင်ငံရေး ရပိုင်ခွင့် political rights နဲ့ပတ်သက်ပြီး စမ်းစစ်ရာမှာ မေးခွန်းပေါင်း (၁ဝ) ခု ရှိပါတယ်၊ အဲဒီ မေးခွန်းတခုချင်း စီ အတွက် အနိမ့်ဆုံး သုံည ကနေ အမြင့်ဆုံး (၄) မှတ်အထိရနိုင်ပြီး စုစုပေါင်း အမြင့်ဆုံး အမှတ် (၄ဝ) အထိရနိုင် ပါတယ်။ နိုင်ငံတခုကို electoral democracy စနစ် ကျင့်သုံးတဲ့ နိုင်ငံ စာရင်းထဲကို ထည့်သွင်း နိုင်ဖို့ဆိုရင် ရနိုင်ခြေ အမြင့်ဆုံး အမှတ် (၄ဝ) ထဲကနေ အနည်းဆုံး အမှတ် (၂ဝ) တော့ ရရှိ ရမှာ ဖြစ်တဲ့ အပြင် အဲဒီမေးခွန်း (၁ဝ) ခုထဲက ပထမ မေးခွန်း (၃) ခု မှာ အမြင့်ဆုံးရနိုင်ခြေ (၁၂) မှတ်ထဲကနေ အနည်းဆုံး (ရ) မှတ် လည်း ရရှိ ရ ဦး မှာ ဖြစ်ပါတယ်။ အဲဒီ ပထမ မေးခွန်း (၃) ခုကတော့ မေးခွန်းအုပ်စု A ထဲမှာ ပါရှိပြီး ရွေး ကောက်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေ ရဲ့ လိုရင်း ကတော့ ….

၁။ ထိပ်ဆုံး ကနေ အစိုးရ ကိုဦးစီးမဲ့ သမတ ကို ဖြစ်စေ ဝန်ကြီးချုပ်ကိုဖြစ်စေ တခြားသော အမျိုးသားအဆင့် အာဏာပိုင် ထိပ်သီး ခေါင်းဆောင် တွေ ကို ရွေးကောက်ရာမှာ တရားမျှတပြီး လွတ်လပ်တဲ့ နည်းနဲ့ရွေးကောက်ခဲ့သလား၊

၂။ အမျိုးသားအဆင့် [မြန်မာနိုင်ငံ အတွက်ဆိုရင် ပြည်ထောင်စုအဆင့်] ဥပဒေပြု ပြည်သူ့ကိုယ်စားလှယ် အမတ်လောင်းတွေကိုရွေးကောက်ရာမှာ တရားမျှတပြီး လွတ်လပ်မှုရှိသလား၊

၃။ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ မူဘောင် frame work တွေ ဟာတရားမျှတမှုရှိသလား။ …… စတာတွေပဲဖြစ်ပါတယ်။

နောက် တခါ B အုပ်စု မေးခွန်း (၄) ခုကတော့ ပါတီစုံစနစ်ကျင့်သုံးမှုနဲ့ လူထုပါဝင်မှု တွေနဲ့ သက်ဆိုင်ပါတယ်။ အဲဒါတွေကို အကျဉ်းရုံးပြောရရင်..

၁။ ပြည်သူတွေမှာ နိုင်ငံရေးပါတီတွေထူထောင်ခွင့်၊ မိမိကြိုက်နှစ်သက်ရာ ယှဉ် ပြိုင်ဘက် ပါတီမှာ ပါဝင်ခွင့် တွေရှိသလား၊ နောက်ပြီး တိုင်းပြည်မှာ ကျင့်သုံး တဲ့ နိုင်ငံရေးစနစ်ဟာ ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေ အတွက် အောင်နိုင်ခြင်း သော်၎င်း ရှုံးနိမ့် ခြင်းသော်၎င်း ရင်ဆိုင်နိုင်အောင် တပြေးညီ လမ်းဖွင့် ထားတဲ့ စနစ် ဖြစ်သလား၊

၂။ အင်အားတောင့်တင်းတဲ့ အတိုက်အခံပါတီတွေရှိသလား၊ နောက်ပြီး အတိုက်အခံတွေအနေနဲ့ ထောက်ခံမှုတွေတိုးပွားအောင် ဒါမှမဟုတ် အာဏာကို ရွေးကောက်ပွဲအားဖြင့် ရရှိလာနိုင်တဲ့ လက်တွေ့ကျတဲ့ အလားအလာတွေရှိသလား၊

၃။ ပြည်သူတွေရဲ့ရွေးချယ်မှု ဟာ စစ်တပ် ဒါမှမဟုတ် ပြည်ပနိုင်ငံတခုခု ဒါမှမဟုတ် တင်းကြပ်တဲ့ ဗဟိုဦးစီးမှု နဲ့ချုပ်ကိုင်ထားတဲ့ ပါတီတခုခု၊ ဘာသာရေး အရ အဆင့်ဆင့် ချုပ်ကိုင်မှု၊ စီးပွားရေး အထက်စီးရနေတဲ့ အနည်းစုသော လူ့မလှိုင်လွှာ၊ ဒါမှမဟုတ် တခြားသော အင်အားစုတခုခု ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကနေ လွတ်ကင်းမှု ရှိသလား၊

၎။ ယဉ်ကျေးမှု အရ၊ လူမျိုးစုအရ၊ ဘာသာရေးအရ ဖြစ်နေတဲ့ လူနည်းစုတွေ ဒါမှမဟုတ် တခြားသောလူနည်းစု တွေ မှာ နိုင်ငံရေး ရပိုင်ခွင့် နဲ့ ရွေးကောက် ပွဲ ဆိုင်ရာ အခွင့်အရေးတွေရှိသလား။ ….. စသည်တို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် C အုပ်စု မေးခွန်း (၃) ခုကတော့ အစိုးရရဲ့ အုပ်ချုပ်မှု ပုံစံ နဲ့ပတ်သက်ပြီး အောက်ပါအတိုင်းဖြစ်ပါတယ်…

၁။ လွတ်လပ်စွာ အရွေးကောက်ခံရတဲ့ အစိုးရ ထိပ်သီးခေါင်းဆောင် နဲ့ အမျိုးသား [ပြည်ထောင်စု] အဆင့် ဥပဒေပြု ပြည်သူ့ကိုယ်စားလှယ် အမတ် တွေ က အစိုးရရဲ့ပေါ်လီစီ တွေကို အမှန်တကယ်ပြဌာန်းနိုင်သလား၊

၂။ အစိုးရ ဟာ ထင်ထင်ရှားရှားကျယ်ကျယ်ပြန့်ပြန့် အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု တွေ နဲ့ ကင်းလွတ်မှုရှိသလား၊

၃။ အစိုးရဟာ ရွေးကောက်ပွဲ တခုနဲ့ တခုအကြား မှာ ရွေးကောက်လိုက်တဲ့ ပြည်သူတွေအပေါ် တကယ်ပဲ တာဝန်ခံနိုင်သလား၊ နောက်ပြီး ပွင့်လင်း မြင်သာ မှု ရှိရှိ အလုပ်လုပ်သလား။…. စတာတွေပဲဖြစ်ပါတယ်။

[မှတ်ချက်။ ဒီမေးခွန်းတွေ ကို စကားလုံးတလုံးချင်းစီ ဘာသာမပြန်ပဲ၊ နားလည်လွယ်အောင်နဲ့ စာသားချောမွေ့ အောင် ဆိုလို ရင်း ကို သိသာ ထင်ရှား အောင် ဆီလျော်သလို ပြန်ထားပါတယ်။ မူရင်းကို ဒီ လင့်မှာ ဖတ်ရှုနိုင်ပါတယ်။ http://www.freedomhouse.org/report/freedom-world-2013/checklist-questions-and-guidelines]

ဒီတော့ FREEDOM HOUSE ရဲ့ညွှန်းကိန်း စံနှုန်းတွေအရ လက်ရှိ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံ အနေနဲ့ electoral democracy စနစ် ကျင့်သုံးတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်လာဖို့အတွက် အလှမ်း တော်တော်လေး ဝေးနေသေးတာ ကို ထင်ထင် ရှားရှား တွေ့ရှိရ မှာ ဖြစ်ပါတယ်။ Electoral democracy ကျင့်သုံးတဲ့ နိုင်ငံဖြစ်လာဖို့ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ဟာလည်း အမှန်တကယ် နှောင်ကြိုးမဲ့ ပြီး တကယ့်ကို ဘက်မလိုက် တမ်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ဖို့လို အပ် ပါလိမ့်ဦးမယ်။ လာမဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ မှာ အရင် ၂ဝ၁ဝ တုံးကလို ရွေးကောက် ပွဲကော်မရှင်က လည်း အရင် စစ်အစိုးရခေတ်က စစ်ဗိုလ်ဟောင်းတွေပဲ ကြီးစိုး နေဦးမယ်၊ ရွေးကောက်ပွဲ ဥပဒေကိုလည်း ရွေးကောက်ပွဲ နီးမှ ကပ်ပြီးကြေညာမယ်၊ အတိုက်အခံ ပါတီတွေအတွက် အချိန်၊ ငွေ စတာတွေ နဲ့ အကန့်အသတ် တွေကြားထဲမှာ တက်သုတ်ရိုက် ပါတီဖွဲ့စည်းလိုက်ရတာမျိုး၊ ပါတီဝင် အလုံအလောက် ရှိအောင် အချိန်လုပြီး စည်းရုံး ရေးဆင်းရတာမျိုး၊ ကြံ့ခိုင်ရေးပါတီ အနေနဲ့ နိုင်ငံတော်ဘတ်ဂျက်ကို ဖေါချင်းသောချင်းသုံးနိုင်ပြီး ရွေးကောက်ပွဲဝင်မဲ့ ပါတီအသစ် ကပါတီ အမတ်လောင်းတွေ အနေနဲ့ ကတော့ တင်သွင်းရမဲ့ ရွေးကောက်ပွဲမှတ်ပုံတင်ကြေး ကျပ် ငွေ (၅) သိန်း ကို ဖတ်ဖတ်မောအောင်ရှာကြရတာမျိုး၊ စတဲ့ စတဲ့ မညီမျှ၊ မမျှတ တဲ့ game plan အပြင် တပြေးညီတဲ့ ကစားကွင်း level play ground ကင်းမဲ့နေတာမျိုး ဆက်လက်တည်ရှိနေဦးမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံ ဟာ FREEDOM HOUSE ရဲ့ စံချိန်စံညွှန်းနဲ့ ကြည့်ရင် electoral democracy ခေါ် တရားမျှတသော ရွေးကောက်ပွဲ စနစ်ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံ စာရင်း ထဲကိုဝင်လာဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။ စစ်တိုက်တဲ့အခါမှာ ရန်သူကိုဘာမှကြိုတင်အသိမပေးပဲ ပုန်းလျှိုးကွယ်လျှိုး စစ်ပရိရာယ် အမျိုးမျိုးဆင်ပြီး ရန်သူ့အငိုက်မှာ လျှပ်တပျက် ခြုံခိုတိုက် ပြီးမှ အပြတ်အသတ် အနိုင်ယူရ တဲ့ သဘောမျိုး နဲ့ ကိုယ့် အတိုက်အခံ ရော ကိုယ်ရော အားလုံးတပြေးညီ အခွင့် အရေးတွေ၊ သတင်း ပွင့်လင်းမှုတွေ အောက်မှာ မျှမျှတတ လုပ်ပြီး၊ ပါဝင်ယှဉ်ပြိုင် သူအားလုံး ဂုဏ်ကျက်သရေရှိရှိ ယှဉ်ပြိုင်ရတဲ့ electoral democracy စနစ် က မိုးနဲ့မြေ လိုကွာခြားပါတယ်။ အဲဒီတော့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိုလုပ်ဆောင်ရာမှာ ပြုပြင်ရမဲ့ အချက်တွေ တပုံတခေါင်းကြီးရှိနေပါသေးတယ်။

နောက်ပြီး FREEDOM HOUSE ရဲ့ political rights နဲ့သက်ဆိုင်တဲ့ မေးခွန်းပေါင်း (၁ဝ) ခုထဲကနေ အမှတ် (၂ဝ) အထိ အနည်းဆုံး ရရှိဖို့အတွက်ဆိုရင် ဒီမိုကရေစီ သဘောတရားတွေ၊ ဖက်ဒရယ်ပြည်ထောင်စု သဘောတရားတွေ ကင်းမဲ့နေတဲ့ ၂ဝဝဂ အခြေခံဥပဒေ ကို ပြင်ဆင် ရပါဦးမယ်၊ ဒါမှမဟုတ် အသစ် တခုကို ပြန် လည် ရေးဆွဲရ မှာ ဖြစ်ပါတယ်။ ဒီအပိုင်းကိုတော့ နောက်ပိုင်းတွေမှာ ဆက်လက် ပြီး ပိုပြီး အသေးစိတ် ဆွေးနွေး သွားပါမယ်။

နောက်ပြီး ပြည်သူတွေ ရှေရှည် ခက်ခက် ခဲခဲ ရုန်းကန် ကျော်လွှားကြရဦး မဲ့ တောင်ကြီးတလုံးကတော့ C အုပ်စု မေးခွန်း (၃) ခုအနက် နံပတ် (၂) မေးခွန်း ဖြစ်တဲ့ “အစိုးရ ဟာ ထင်ထင်ရှားရှားကျယ်ကျယ်ပြန့်ပြန့် အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု တွေ နဲ့ ကင်းလွတ်မှုရှိ သလား” ဆို တဲ့မေးခွန်း ရဲ့ အဖြေကို (သုံည) ကနေ အထက်ကိုဘယ်လိုတက်လာအောင်လုပ် မလဲ ဆိုတာ ပါပဲ။ ကမ္ဘာ့ နိုင်ငံအသီးသီး မှာ ခြစားမှု တွေ ကို စောင့် ကြည့် လေ့လာ တဲ့ Transparency International ရဲ့ ၂ဝ၁၂ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဂတိ လိုက် စား၊ အကျင့် ပျက်ခြစားမှု အမြင့် ဆုံး နိုင်ငံစါရင်းထဲမှာပါရှိနေပါတယ်။ အောက်ပါဇယားကိုကြည့်ရင် ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့ နိုင်ငံ ၁ရ၆ နိုင်ငံအနက် ခြစားတဲ့ နေရာမှာ အမှတ် (၁ရ၂) ချိတ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ ထက်ဆိုးတာဆိုလို့ Sudan, Afganistan, North Korea နဲ့ Somalia တို့ပဲ ဖြစ်ပါတယ်။ သမတ ဦးသိန်းစိန် အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကိုပြဌာန်းလိုက်တာကိုကြိုဆိုကြရမှာ ဖြစ်ပေမဲ့၊ ခြစားတဲ့ အစဉ်အလာကြီးဟာ ဒီနေ့ မနက်ဖန်ဆိုသလို တမဟုတ် ခြင်း ပျောက်သွားမှာ မဟုတ်ပါဘူး။

Source : http://issuu.com/transparencyinternational/docs/cpi_2012_report?e=2496456/2010281#search

ခစားမှုကို မီဒီယာတွေကလည်းလွတ်လွတ်လပ်လပ်ဖေါ်ထုတ်ခွင့်ရှိရမဲ့အပြင်၊ မူလတန်းကျောင်းကစလို့ တက္ကသိုလ်တွေအထိ စာရိတ္တ မဏ္ဍိုင် ခိုင်မာရေး ကို အခြေခံကျကျ တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ လူထုထဲမှာရော အစိုးရဝန်ထမ်းလောကမှာ ရော ခြစားမှုတိုက်ဖျက်ရေး လူထု လှုပ်ရှား မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာဖို့လည်းလိုအပ်မှာ ဖြစ်ပါတယ်။ တကြိမ်ထည်းမှာ တရားဥပဒေစိုးမိုးမှုရှိဖို့ နဲ့ ဒီမိုကရေစီရဲ့ တတိယ မဏ္ဍိုင် ဖြစ်တဲ့ တရားရေးဌာနကလည်း ခြစားမှုတွေကိုအပြစ်ပေးအရေးယူရာမှာ တကယ့်ကို လွတ်လပ်တဲ့ တရားစီရင်ရေး ကိုလုပ်ဆောင်နိုင်ရမှာ ဖြစ်ပါ တယ်။ ခြစားမှု ကိုဖွင့်ချဖေါ်ထုတ်တဲ့ whistle blowers ခေါ် ခြစားမှုပပျောက်ရေး ကိုရည်ရွယ်ပြီး သတင်းပေးသူတွေကိုလည်း ဥပဒေက အကာအကွယ် ပေးနိုင်ရမှာ ဖြစ်တယ်။ မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ မျိုးဆက်သစ် ခေါင်းဆောင် တွေ ပေါ်ပေါက်လာဖို့ အတွက် ရေရှည် စီမံကိန်း ချပြီးလက်တွေ့ကျကျဇောင်းချပြီး မလုပ်နိုင်ရင်တော့ ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်း တဲ့ အချိန်ကစပြီး အခြေတည်လာခဲ့တဲ့ အဂတိလိုက်စားမှု ဟာ ကျွန်တော်တို့ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်း လာ ဖို့အတွက် ကြီးမားတဲ့ အနှေက်အယှက် အဟန့်အတားတခုဖြစ်နေဦးမှာ ဖြစ်ပါတယ်။

အထူးသဖြင့် သယံဇာတပေါကြွယ်ဝ တဲ့ ကျွန်တော်တို့နိုင်ငံမှာ သစ်မာ၊ ကျောက်မျက်ရတနာ၊ ရေနံ၊ မီးသွေး၊ ဓတ်ငွေ့ အစရှိတဲ့ သယံဇာတ ပစ္စည်း တွေ ကို ထုတ်ရောင်း လို့ရတဲ့ငွေတွေဟာ ခရှိုနီ တွေ နဲ့ ထိပ်သီး စစ်တပ်ခေါင်းဆောင်တွေ အိတ်ထဲရောက်သွားကြပြီး၊ ပြည်သူတွေ အတွက် ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ဝန်ဆောင်မှု နယ်ပယ်နဲ့ infrastructure တည် ဆောက် ရေး မှာ အသုံးချ ခွင့်မရှိ သေးသမျှကာလပတ်လုံး တခြား ပြုပြင်ပြောင်းလဲရေးတွေ ကိုဘယ်လောက်ပဲလုပ်လုပ် ပြည်သူတွေရဲ့အနာဂတ်ဟာ မှေးမှိန်မြဲမှေးမှိန်နေဦးမှာ သာ ဖြစ်ပါ တယ်။ “နှစ်ပေါင်း ဘယ်လောက် အ တွင်း စင်ကာပူ လိုဖြစ်စေရမယ်” ဆိုတာမျိုးကြွေးကြော်နေလို့ လည်းဖြစ်လာမှာ မဟုတ်ပါဘူး။

ဒီတော့ FREEDOM HOUSE ရဲ့ စံနှုန်းနဲ့ ညွှန်းကိန်း အရ ကျွန်တော်တို့ နိုင်ငံအနေနဲ့ electoral democracy ကျင့်သုံးတဲ့ နိုင်ငံ စာရင်း ထဲမှာ ပါလာဖို့ ဆိုရင် ချောက်နက်ကြီးထဲ ကျရောက်နေရာကနေ မတ်စောက်မြင့်မားတဲ့ ချောက်ကမ်းပါးကြီး ကိုပြန်လည် တွယ် ဖက်ပြီးတက်ရသလို ခက်ခဲ နေဦး မှာ ဖြစ်ပါတယ်။ နိုင်ငံတကာကနေ ငွေကြေးအထောက်အပံ့တွေ ဘယ်လောက်ပဲ ပုံအောပြီးကူညီသည့်တိုင်အောင် ဘာမှထူးခြားလာမှာ မဟုတ် ပါဘူး။ ပြည်ပ နိုင်ငံတွေ က အကူညီငွေတွေ ထက်စာရင် နောင်လာမဲ့ အာဏာရ တိုင်းပြည်ခေါင်းဆောင် အဆက်ဆက် နဲ့ ပြည်သူတွေ အကြား မှာ နိုင်ငံရေး ဆန္ဒ political will အားကောင်း ဖို့ သာလျင် ပိုပြီး အဓိကကျပါတယ်။ တိုင်းပြည်ကို ပြည်သူတွေကသာပိုင်ဆိုင်တယ်ဆိုတာကို အာမခံ ပေးနိုင်တဲ့ အစိုးရမျိုး ပေါ်ထွန်း လာဖို့ လိုအပ် နေပြီဖြစ်ပါတယ်။

နိုင်ငံရေး ဆိုတာကတော့ ပြည်သူကို အလုပ်အကြွေးပြုရတာဖြစ်တယ်၊ ပြည်သူတွေ အတွက် ဝန်ဆောင်မှု ကိုပေးရတဲ့ အလုပ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေကို အလုပ်အကြွေးပြုမဲ့၊ ပြည်သူတွေ အတွက် စစ်မှန်တဲ့ ဝန်ဆောင်မှုကိုဆောင်ရွက်ပေးမဲ့ ကိုယ်ကျိုးမဖက် ပဲ အမှန် တကယ် ရိုးသား ဖြောင့်မတ်တဲ့ ခေါင်းဆောင် တွေ ပေါ်ထွန်းလာ ဖို့ ကို ပြည်သူတွေက မွတ်သိပ်စွာ တောင့်တ နေခဲ့ကြတာဖြစ်တယ်။ နိုင်ငံရေး ဖြစ်စဉ်တွေ အပေါ်မှာ ပြည်သူ လူထုရဲ့ ယုံကြည်မှုတွေ ပြန်လည်ရှင်သန်လာဖို့ အတွက် လက်တွေ့ ကျကျလုပ်ဆောင်လာမဲ့ နိုင်ငံ့ ခေါင်းဆောင်မျိုး၊ နိုင်ငံရေးပါတီမျိုးသာ ဖြစ်ပါစေ၊ ဘယ် ပါတီ ဖြစ်ဖြစ် ပြည်သူတွေကတော့ အစဉ် အမြဲ ထောက်ခံ ကြမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုတာ ဒီလို ပြည်သူ့ ပါတီမျိုးပေါ်ထွန်းလာဖို့ လမ်းဖွင့်ပေးတာပဲဖြစ်ရပါမယ်။ ပါတီတခု ဒါမှမဟုတ် အုပ်စုတခုခုက နိုင်ငံရေးဖြစ်စဉ် တွေကို အစဉ်အမြဲ ထိမ်းချုပ်နေဖို့မဖြစ်သင့်ဘူး။ ပြည်သူ တွေရဲ့ နိစ္စဓူဝ အခက်အခဲတွေကို ကျော်လွှား နိုင်ဖို့အတွက် နက်နက်ရှိုင်းရှိုင်း တွေးခေါ်မျှော်မြင်တတ်တဲ့ နိုင်ငံ့ ခေါင်းဆောင် ကောင်း တွေ ပေါ်ထွန်း လာဖို့ လမ်းဖွင့်ပေးတာ ပဲဖြစ်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံ ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်သစ်သမိုင်းမှာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားအရေး ဆိုပြီးလွဲမှားစွာကင်ပွန်း အတပ်ခံခဲ့ရတဲ့ ပြည်ထောင်စုအရေး၊ လူ့အခွင့် အရေး၊ ကျောင်းသားအရေး၊ အလုပ်သမားအရေး၊ လယ်သမားအရေး၊ အမျိုးသမီးများအရေး၊ ကလေးစစ်သားများအရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ စတဲ့ ပြည်သူ့အရေး တွေ နဲ့ ဆက်နွှယ်နေတဲ့ ပြဿနာပေါင်း မရေ မတွက်နိုင်အောင် များပြားလှပါတယ်။ နောင်တက်လာမဲ့ မျိုးဆက်သစ် နိုင်ငံရေး ခေါင်းဆောင် တွေ က နိုင်ငံကို failed state ခေါ် ကျဆုံးနိုင်ငံ ဘဝကို ကျရောက် မသွားအောင် တော်တော့ကိုအားသွန်ခွန်စိုက်ကျိုးပမ်းကြရမှာ ဖြစ်တယ်။ တကြိမ်ထည်းမှာ (၂၁) ရာစုခေတ်ရဲ့ မရေမတွက် နိုင် အောင် များပြားလှတဲ့ စိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်နေကြရဦးမှာ ဖြစ်တဲ့ အတွက် ခေတ်နဲ့ တပြေးညီ တွေးခေါ်နိုင် တဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့ အရေးကြီးလှပါတယ်။

စစ်မှန်တဲ့ electoral democracy စနစ်ကို ပီပီပြင်ပြင် ကျင့်သုံး နိုင်ဖို့ အတွက် လိုအပ်တဲ့ အကြောင်းအရာ အချက်အလက်တွေ အများကြီးရှိပါတယ်။ ဒီအချက်အလက်တွေကိုတော့ နောက်ပိုင်းမှာ အသေးစိတ်ဆွေးနွေးပါမယ်။ အဲဒီလို ဒီမိုကရေစီ စနစ် တခု ရှင်သန်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ အနက် အရေးကြီးတဲ့ အချက်တခုကတော့ နိုင်ငံရေး ပါတီ တွေအုပ်စုတွေကြားမှာ အပြန်အလှန်ယုံကြည်မှု နဲ့ mutual security1 ခေါ် အပြန်အလှန် လုံခြုံမှုရှိစေရေး ဆိုတဲ့ ဒီမိုကရေစီ ထုံးတမ်းစဉ်လာတခု အမြစ်တွယ်ကြီးထွားလာဖို့လိုပါတယ်။ ဆိုလိုတာက ဘယ်ပါတီဘယ်အုပ်စုပဲ အာဏာရရ၊ ရှုံးနိမ့်သွားတဲ့ ပါတီတခုအနေနဲ့ ထောင်တွင်း အကျဉ်းချခံရတာမျိုး၊ ကျူပင်ခုတ်ကျူငုတ်မကျန် အပြတ်ရှင်းခံရတာမျိုးမရှိပဲ ရှုံးနိမ့်သွားသည့် တိုင်အောင် အတိုက်အခံပါတီဘဝကနေ နိုင်ငံ့အာဏာကို ပြည်သူတွေရဲ့ထောက်ခံမှု နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ပြန်လည် ရယူနိုင်တဲ့အာမခံချက်လည်းရှိရပါမယ်။ Electoral ဒီမိုကရေစီ စနစ် အပေါ် တန်ဘိုးထားယုံကြည်ပြီး အပြန်အလှန် လုံခြုံမှု ရှိစေရေး မျိုး ကို အာမခံပေးနိုင်တဲ့ ဒီမိုကရေစီ ဓလေ့ထုံးတမ်းတွေ အမြစ်တွယ် လာအောင် ပြည်သူတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် တည်ဆောက်သွား နိုင်ရမှာဖြစ်ပါတယ်။ ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး အုပ်စုတခု နဲ့ တခု အပြန်အလှန်အမြစ်ပြတ်ခြေမှုန်းဖို့ ကျိုးစားကြရင်း နှစ်ပေါင်း (၆ဝ) ကျော်သွေးချောင်းစီးခဲ့ကြတာကို ဒီနေ့ပြည်သူတွေက အော့နှစ်လုံးနာနေကြပါပြီ။ ဒါကြောင့် လည်း ဒီစနစ်ဆိုးတွေကို အတိတ်မှာ ပဲထားခဲ့ နိုင်ဖို့အတွက် electoral democracy ခေါ် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာဖို့ အထူးလိုအပ်နေပါတယ်။ တခြား ရွေးချယ် စရာ လမ်းမရှိပါဘူး။

ဆလိုင်းကစ်(ပ်)ခိုလျန်
အောက်တိုဘာလ (၁ဝ) ရက် ၂ဝ၁၃၊ ဟမ်းဘတ်၊ ဂျာမဏီ။

1. Robert A. Dahl, Polyarchy: Participation and Opposition (1971) The focus of the book is the conditions under which such systems of public contestation develop and exist. Because “conditions that provide a high degree of mutual security for government and oppositions would tend to generate and to preserve wider opportunities for oppositions to contest the conduct of government,” Dahl frames his question as follows: “What circumstances significantly increase the mutual security of government and oppositions and thereby increase the chances of public contestation and polyarchy?” (p. 16). Professor Larry Diamond: Democracy Development: “That each side has some recognition and respect for the essential interests of the other, the essential dignity of the other, and there’ll be constraints on what they do. And of course, you can’t have a stable democracy, you can’t have a consolidated democracy, without belief in the legitimacy of democracy, as we’ve noted.

Advertisements

Written by mike16os

October 16, 2013 at 5:03 pm