Just Another Wordpress Blog

Just another WordPress.com weblog

Episode 32 – သမ္မတ ဦးဆောင်သော ဒီမိုကရေစီ စနစ် (ဖြည့်စွက် ပို့ ချချက်)

သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ်မှာ မဲဆန္ဒ ရှင်ပြည်သူလူထုက ဥပဒေပြုမဏ္ဍိုင်ရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ ဥသျှောင် သမ္မတကို သီးခြားစီ ရွေးကောက် တင်မြှောက်တယ်။ ဒီ စနစ်မှာ ပြည်သူလူထုက ရွေးကောက်လိုက်တဲ့ သမ္မတဟာ ပါတီ တခုက ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မှာ အများစု မဲရထားတဲ့ ပါတီကတော့ တခြား ပါတီ တခုလည်း ဖြစ်နိုင်တယ်။ သမ္မတက ဥပဒေပြု ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ အာဏာကို ထိန်းချုပ်နိုင်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလည်း သမ္မတရဲ့ အာဏာကို ထိန်းချုပ်နိုင်တယ်။

အပြန်အလှန် ထိန်းချူပ်မှု check and balance ပိုအားကောင်း တဲ့ စနစ်ဖြစ်တယ်။ အထက်ပါ စနစ် (၂) ခုကို နှိုင်းယှဉ်မယ် ဆိုရင် ပါလီမန်စနစ်မှာ ဝန်ကြီးချုပ် နဲ့ ပါလီမန်ဟာ သဟာဇာတဖြစ်တာ ကများပြီး အစိုးရ က ဥပဒေတခု ပြဋ္ဌာန်း တဲ့နေရာမှာ အခက်အခဲ ကြီးကြီးမားမား မကြုံရဘူး၊ အချိန်ကြာကြာ ဆွေးနွေးဖို့ လိုအပ်လေ့ မရှိဘူး။ ဒါကတော့ အထက်လွှတ်တော်က ဝန်ကြီးချုပ် အဆိုတင်သွင်းတဲ့ ဥပဒေမူကြမ်းကို ပယ်မချဘူး ဆိုရင်ပေါ့။ တခြား ထိန်းညှိ နိုင်သေးတဲ့နည်းက အတိုက်အခံ နဲ့ သူတို့ရဲ့ မဟာမိတ်ပါတီတွေက အဲဒီကိစ္စကို တရားရုံးချုပ်မှာတင်ပြီး အခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးခိုင်းတာမျိုးလည်းလုပ်လို့ရတယ်။ တရားရုံးချုပ်က အစိုးရ တင်သွင်းတဲ့ ဥပဒေ မူကြမ်းကို လက်ခံရင်တော့ အဆင်ပြေသွားတာပေါ့။ ဒါပေမဲ့ အဲဒီမူကြမ်းဟာ အခြေခံဥပဒေ နဲ့ ဆန့်ကျင်တယ်လို့ ဗဟို တရားရုံးချုပ်က ယူဆရင် ဝန်ကြီးချုပ် နဲ့ သူ့အစိုးရအဖွဲ့ ရာထူးကနေ ဆင်းပေးရတယ်။ ပါလီမန်ကိုတော့ ဖျက်သိမ်းစရာမလိုပါဘူး။ ဒါကြောင့် ပါလီမန်က ဝန်ကြီးချုပ် အသစ်ကို ရွေးပေးရပါတယ်။ အဲဒီဝန်ကြီးချုပ်က ဝန်ကြီး အသစ်တွေကို ထပ်ရွေးပါတယ်။ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီစနစ် မှာတော့ လွှတ်တော်က သမ္မတကို ပြန်လည်ထိန်းညှိနိုင်တဲ့ အတွက် တချို့က အဲဒီ စနစ်ကို ပိုကောင်းတယ်လို့ ယူဆကြတယ်။ ကမ္ဘာ့ အစိုးရ တော်တော် များများ ကတော့ ပါလီမန် ဒီမိုကရေစနစ်ကို ကျင့်သုံးကြတယ်။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ တယောက်ဟာ အများဆုံး သက်တမ်း နှစ်ကြိမ်၊ စုစုပေါင်း ၈ နှစ် အထိ အရွေးကောက်ခံပြီး တာဝန် ထမ်းဆောင်နိုင်တယ်။ ပါလီမန် ဒီမိုကရေစီမှာတော့ သူ့ပါတီက သူ့ကို မဖြုတ်မခြင်း (ဒါမှမဟုတ်) သူကိုယ်တိုင်က ရာထူးကနေ အကြောင်း တစုံတခုကြောင့် မဆင်းမခြင်း ဝန်ကြီးချုပ်လုပ်သူဟာ သက်တမ်းဘယ်လောက်ကြာကြာ သူ့ စိတ်ကြိုက် လုပ်နိုင်တယ်။

ပြင်သစ်နိုင်ငံ လို တချို့ နိုင်ငံတွေမှာတော့ သမ္မတ ကိုပြည်သူလူထုက တိုက်ရိုက်ရွေးကောက် စေပြီး ဝန်ကြီးချုပ်ကိုတော့ ပါလီမန်က ရွေးကောက် စေတယ်။ ဒီနည်းနဲ့ စနစ် နှစ်ခုကိုပေါင်းစပ် ထားတာ လည်းရှိတယ်။ ပြင်သစ်နိုင်ငံမှာ ယေဘုယျအားဖြင့် ပြည်သူတွေက သမ္မတကို ပါတီခေါင်းဆောင် တွေထဲကနေ ရွေး ကောက်တယ်။ လွှတ်တော်မှာ တော့ ဆန့်ကျင်ဘက်ပါတီကို မဲပုံအောပေးကြတယ်။ ဒါမှ ဝန်ကြီးချုပ် က သမ္မတ နဲ့ မတူတဲ့ ပါတီကဖြစ်လာမယ်။ ဒီ နည်းနဲ့ ဆန့်ကျင်ဘက်ပါတီ နှစ်ခုဟာ အာဏာ ချိန်ခွင်လျှာ ကို ထိန်းညှိကြမှာ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သမ္မတ ကတော့ ပါလီမန်ကို ဖျက်သိမ်း ပိုင်ခွင့်ရှိတယ်။ ဆိုလိုတာက သမ္မတ ဟာ ဝန်ကြီးချုပ်ကိုပါ ရာထူးကနေဖယ်ရှားနိုင်တယ်။

လက်ရှိကျနော်တို့ နိုင်ငံမှာ တော့ အရင် စစ်အစိုးရက တဖက်သတ်ရေးဆွဲထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေဟာ သမ္မတ နဲ့ ဝန်ကြီးချုပ်စနစ် ကို ပေါင်းစပ် ထားတယ်လို့ တချို့ကဆိုပါတယ်။ ဒါနဲ့ပါတ်သက်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရပါတီတခုဖြစ်တဲ့ ချင်း အမျိုးသားပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင် ရဲ့ဆောင်းပါးကို အများတကာလေ့လာ ဖတ်ရှု နိုင်အောင် ကျနော်များ http://www.Vansangva.com webpage ပေါ်မှာ တင်ပေးလိုက်ပါတယ်။ ဆောင်းပါးရှင် တင်ပြဆွေးနွေးထားတဲ့ အချက် အလက်တွေထဲမှာ အရေးကြီးတဲ့ အချက်တွေကတော့ ဒီနေ့ ကျနော်တို့နိုင်ငံမှာ ကျင့်သုံးနေတဲ့ ၂ဝဝ၈ အခြေခံ ဥပဒေ က ပြဌာန်းလိုက်တဲ့ စနစ်ဟာ သမ္မတ စနစ် နဲ့ ဝန်ကြီးချုပ် စနစ် ကို ပေါင်းစပ် ထားကြောင်း၊ သမ္မတ စနစ် အပြည့် အဝ မဟုတ်သော်လည်း၊ သမ္မတ စနစ်ရဲ့ အငွေ့ အသက် ပိုများကြောင်း၊ အခြားသောပါလီမန်စနစ်များမှာ လို လွှတ်တော်က ရွေးချယ်ခန့်အပ်လိုက်တဲ့ သမ္မတ နဲ့ သူ့ရဲ့အစိုးရအဖွဲ့ ကို လွှတ်တော်က ပြန်လည်ဖြုတ်ချပိုင်ခွင့်မရှိကြောင်း၊ ဒီလိုဖြစ်နေတဲ့ အတွက် လွှတ်တော်နဲ့ အစိုးရကြားမှာ အပြန်အလှန်ထိန်းညှိမှုတွေအားနဲနေကြောင်း၊ အဲဒီ အားနဲချက်ကို ဖြည့် စည်း နိုင်ဖို့အတွက်ဆိုရင် အနိုင်ရ ပါတီရော အတိုက်အခံပါတီတွေပါပါဝင်တဲ့ ရေးရာကော်မီတီ တွေ များများ ဖွဲ့ပေး ဖို့လိုအပ် နေကြောင်း၊ အဲဒီလို အနိုင်ရပါတီရော။ အတိုက်အခံ ပါတီ အတွက် ပါ ပြောရေးဆိုခွင့် တွေ ပါဝင်နိုင်မှုတွေ အာမခံချက်ရှိတဲ့ ရေးရာကော်မီတီတွေများများမဖွဲ့စည်းနိုင်ဘူးဆိုရင် ဒါမှမဟုတ် ဒီအတိုင်း ဆက်သွား ရင် ၊ အာဏာရှင် အစိုးရ တွေကို “(၅)နှစ် တစ်ကြိမ်အလှည့်ကျ ရွေးချယ်” ရုံ သက်သက် ဖြစ်သွားမှာစိုးရိမ်ရကြောင်း … စသည်ဖြင့် စိတ်ဝင်စား ဖွယ်ရာဖတ်ရှုလေ့လာ နိုင်ပါတယ်။

ရေးရာကော်မတီ ဘယ်မှာလဲ? Check and Balance ဘယ်မှာလဲ?
ဆလိုင်း ကျဲအိုဘိခ်ထောင် (ချင်းအမျိုးသားပါတီ)

အရေးကြီးကြောင်း သိဖို့အရေးကြီး

မကြာသေးခင်သောကာလ၌ လွှတ်တော်နှစ်ရပ်က ရေးရာကော်မတီနှင့် ကော်မတီခွဲ (၂ဝ) ကျော်ဖွဲ့စည်းကြောင်း ကြားသိရ သည်မှာ ဝမ်သာစရာကောင်းလှပါသည်။ သို့သော် တိုင်းပြည်၏ လိုအပ်ချက်အရ ဆက်လက်၍ အများ အပြား ဖွဲ့စည်းမည် ဟုလည်း ယုံကြည်ရပါသည် (အမေရိကန် လွှတ်တော်တွင် အမြဲတမ်းကော်မတီ (၃၈)ခု နှင့် ကော်မတီခွဲ (၂၄၂)ခု ရှိပါသည်)။

ပါလီမန်စနှစ် ကျင့်သုံးသော နိုင်ငံများတွင် ရေးရာကော်မတီ၏ အခန်းကဏ္ဌာသည် ထိုသို့ အရေးမကြီး ပါဟုပြော နိုင်သော်လည်း အထူးသဖြင့် ကျွန်ုပ်တို့မြန်မာနိုင်ငံကဲ့သို့သော သမ္မတ အငွေ့သက် ပိုများသော နိုင်ငံများအတွက် ရေးရာကော်မတီ ၏ အခန်း ကဏ္ဌာကို အမြင့်ဆုံးသို့ မြှင့်တင်ရေးသည် မရှိမဖြစ်လိုအပ်ပေသည်။ တနည်းအားဖြင့် သမ္မတစနစ် ကျင့်သုံးသောနိုင်ငံ အနေဖြင့် ရေးရာကော်မတီကို လုပ်ပိုင်ခွင့်ပြည့်ပြည့်ဝဝ မပေးပါက အုပ်ချုပ်ရေး (အစိုးရ) ကို ထိန်းကျောင်းမည့် ယန္တာရားကျိုးပျက် သကဲ့သို့ဖြစ်ပြီး check and balance လုံးဝ မရှိဘဲ တစ်လမ်းမောင်းစနစ် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် အမေရိကန်သမ္မတ Woodrow Wilson ဆိုလျှင် ဤ ကော်မတီ များကို ဥပဒေ ပြုအဖွဲ့ငယ်များ (Little Legislatures) ဟုပြင် တင်စားခဲ့သေးသည်။

ဥပဒေ/နည်းဥပဒေ Smart ကျဖို့ အရေးကြီး

ရေးရာကော်မတီကိစ္စနှင့် ပတ်သက်၍ မကြာမှီ ထွက်လာမည့် ဥပဒေ/နည်းဥပဒေက ဥပဒေပြုမဏ္ဏိုင် နှင့် အုပ်ချုပ် ရေးမဏ္ဏိုင် အကြား အပြန်အလှန်ထိန်းကျောင်းမှု မည်မျှလောက်ထိ မျှတမှုရှိနိုင်မည် ဆိုသည်ကို အဆုံးအဖြတ်ပေး မည်ဖြစ်ရာ စိတ်ဝင်စား စရာ အလွန်ကောင်းပါသည်။ အမေရိကန်မှာကဲ့သို့ သူတို့ကို အစိုးရဖုံးကွယ် ထားသော စာရွက်စာတမ်းများ၊ လုပ်ငန်း ဆောင်တာများ၊ စာရင်းဇယားများကို တရားဝင် လေ့လာဖတ်ရှုစစ်ဆေးခွင့် ပေးမည်လော? သက်ဆိုင်ရာအစိုးရအကြီးအကဲများကို လိုအပ်သည့် အချိန်များတွင် လွတ်လပ်စွာမေးမြန်းစုံစမ်းခွင့် ပေးပါ့မလား? အပြင်က သက်ဆိုင်ရာ ပညာရှင်များ နှင့် ကျွမ်းကျင် သူများကို ဝန်ထမ်းအဖြစ်ဌားရမ်း ခန့်အပ်နိုင်ရေး စီစဉ်ပေးမှာလား? (အခြေခံဥပဒေတွင် အပြင်လူများကို ကော်မတီ ဝင် အဖြစ် ပါဝင်ခြင်းကိုသာ ကန့်သတ် ပါသည်)။ သို့မဟုတ် UK နိုင်ငံ ကဲ့သို့ ရုပ်ပြသဘောမျှ သာ ဖွဲ့မလား?။

ပါလီမန် စနစ်၏ ကျိန်စာ မသင့်ဖို့ အရေးကြီး

အားလုံးသိရှိပြီးသည့်အတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပါလီမန်စနှစ် နှင့် သမ္မတစနစ် ရောစပ်၍် ရေးဆွဲခြင်းဖြစ်ပေရာ ရေးရာကော်မတီ လုပ်ပိုင်ခွင့်ပေးအပ်ရေး နှင့်ပတ်သက်၍ နည်းဥပဒေများ ချမှတ်ရာတွင် ‘ကွ’ ကျသဖွယ်ရာများ ရှိမည်မှာ အမှန်ပင် ဖြစ်ပါသည် (အခြေခံဥပဒေ ထဲတွင်အသေးစိတ် ပြဌာန်းခြင်းမရှိပါ)။ ဖော်ပြခဲ့ပြီးသည့်အတိုင်း ပါလီမန်စနစ်တွင် ဥပဒေပြုရေးအဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့ကြား check and balance လိုအပ်ခြင်းမရှိလေရာ တစ်ဘက်ကလည်း ရေးရာ ကော်မတီသည် သူ့၏ သဘောတရားအရ အုပ်ချုပ်ရေး အဖွဲ့(အစိုးရ) ကို ထိန်းကျောင်းရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထားခြင်းကြောင့်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပါလီမန်စနစ်၏ သဘောတရားအရ ဥပဒေပြုမဏ္ဏိာုင်(လွှတ်တော်) အနေဖြင့် မိမိရွေးချယ် ခန့်အပ်သော အစိုးရ(အုပ်ချုပ်ရေးမဏ္ဏိာုင်) ကို မိမိကိုယ်တိုင် အချိန်မရွေး အရေးယူဖြုတ်ချ နိုင်သည်ဖြစ်ပေရာ ထို ကဲ့သို့အကုန်ကျခံ၍ ထိန်းကျောင်းရန်ပင်မလိုအပ် သည့်အတွက်ကြောင့်ဖြစ်ပါသည်။

အနိုင်ရ ပါတီအတွက် အရေးကြီး

ဤသို့ရေးရာကော်မတီ အားနည်းသွားစေခြင်းဖြင့် အတိုက်အခံမက အနိုင်ရပါတီကိုပါ အခန့်မသင့်လျှင် ဘေးကျပ် နံကျပ် သို့တွန်းပို့စေနိုင်သည်ကို သတိပြုဖို့လိုအပ်လိမ့်မည်။ အဓိကအကြောင်းအရင်း မှာ အခြေခံဥပဒေက သမ္မတ ၏ သက်တမ်းကို အတိအကျ သတ်မှတ်ပေး(fixed term) ထားခြင်းဖြစ်ပါသည် (ပါလီမန်စနစ်တွင် ဝန်ကြီးချုပ် သက်တမ်း ကိုသတ်မှတ်မထား)။ လွှတ်တော်အနေဖြင့် ဤ ‘ရေးရာကော်မတ’ီ သည် မိမိ လွှင့်တင်လိုက်သော ‘စွန်’ မိမိစိတ်တိုင်းကျ ပျံသန်းနိုင်ရေး ထိန်းကျောင်းမည့် အဓိက နှင့် နောက်ဆုံး ချည်နှောင်ကြိုး ဟုပင် ဆိုနိုင်ပါမည်။ ပွင့်ပွင့်လင်းလင်းပြောရသော် လွှတ်တော်တွင် အာဏာရ သော မည်သည့်ပါတီမဆို မိမိအနေ ဖြင့် သမ္မတ(အစိုးရ) ရွေးချယ်ခန့်အပ်သည့် အခွင့်အရေး တစ်ခုတည်း လောက်တွင်သာ ရောင့်ရဲတင်းတိမ် ကြမည်မဟုတ်ပေ။ စိတ်ချ နိုင်မည် မဟုတ်ပေ။ (သမ္မတခန့်အပ်နိုင်ရုံသာ အာဏာရှိပြီး ဥပဒေပြုရေးတွင် မယ်မယ်ရရအာဏာမရှိပါက ကျေနပ်စရာကောင်းလှမည်မဟုတ်ပါ။)

မည်သို့ပြင်ဆိုစေ ကျွနိုပ်တို့၏ အခြေခံဥပဒေ ပေးထားချက်အရ လွှတ်တော်က မိမိရွေးချယ်ခန့်အပ်သော အစိုးရ ကို မိမိအနေဖြင့် ပြန်ဖြုတ်ချနိုင်ခွင့်မရှိခြင်းကြောင့် ဤရေးရာကော်မတီအား အမေရိကန်ကဲ့သို့ လုပ်ပိုင် ခွင့် အလုံအလောက် ပေးခြင်းသည် လွှတ်တော် (အထူးသဖြင့် အနိုင်ရပါတီ အတွက်) နောက်ဆုံးကျည်ဆံ ဖြစ်ရ ပါမည်။

အစိုးရ မဖွဲ့နိုင်သော ပါတီများ အတွက်လည်း အရေးကြီး

အထူးသဖြင့် သမ္မတ စနစ် အပြည့်အဝ မကျင့်သုံးသော နိုင်ငံ (မြန်မာနိုင်ငံ အပါအဝင်) များတွင် အနိုင်မရ သော ပါတီများတွက် အစိုးရအဖွဲ့တွင်ပါဝင်နိုင်ရေးသည် အလားအလာအလွန်နည်းလေရာ ဤကဲ့သို့ ကော်မတီများ အများအပြား ဖွဲ့စည်းရေးသည် အရေးကြီးလှပါသည်။ သို့ဖြစ်ရာ ရေးရာကော်မတီ အင်အား ချိနဲ့ အောင် လုပ်ခြင်း သည် အတိုက်အခံ platform မရှိအောင် ကြံစည် ခြင်းနှင့် အတူတူ ပင်ဖြစ်ပါလိမ့်မည်။

လက်ရှိအခြေအနေ အတိုင်းဆိုလျှင် အစိုးရအဖွဲ့တွင် မပါဝင်နိုင်သော အင်အားစုများ အနေဖြင့် အစိုးရ၏ လုပ်ငန်း ဆောင်တာ များကို အနီးကပ် Monitoring လုပ်နိုင်ဖို့ (check and balance)နေနေသာသာ မိမိပါတီ၏ နိုင်ငံရေး ရေတို/ရေရှည် မူဝါဒများ၊ proposal များ ရေးဆွဲနိုင်ရေး အတွက် အစိုးရ စာရင်းဇယား ရရှိနိုင်ရေးသည်ပင် အလွန် ခက်ခဲ ပါသည်။

ယုံပါ၊ သို့သော်စိတ်မချနဲ့ ၊အရေးကြီးလို့

ဤ အတိုင်းဆက်သွား ပါက၊ သို့မဟုတ် ရေးရာကော်မတီကို အားကောင်းအောင် အချိန်မှီ မဆောင်ရွက်ပါက ဖော်ပြပြီး သည့် အတိုင်း အစိုးရသည် လွှတ်တော်နှင့်အလှန်းဝေးပြီး ပြည်သူနှင့် အဆက်ပြတ်သွားနိုင်သည်။ ပွင့်ပွင့် လင်းလင်းပြောရသော် အစိုးရ အနေဖြင့် ပြည်သူလူထု၏ ကွယ်ရာတွင် ထင်ရာကြဲလျှင် မည်သူသိရှိတော့ မည်နည်း။ သတင်းမီဒီယာ တစ်ခုတည်းက ကာကွယ်နို်င်မည်မဟုတ်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့၏ ဒီမိုကရေစီ က Francis Fukuyama ထောက်ပြခဲ့သလို အာဏာရှင်အစိုးရ များကို “(၅)နှစ် တစ်ကြိမ်အလှည့်ကျ ရွေးချယ်” ရုံ သက်သက် ဖြစ်သွားမှာစိုးရိမ်ရသည်။

ဆလိုင်း ကျဲအိုဘိခ်ထောင် (ချင်းအမျိုးသားပါတီ)

Advertisements

Written by mike16os

December 13, 2012 at 7:59 pm

Posted in Basic-Part2, Training

One Response

Subscribe to comments with RSS.

  1. Thz so much!

    Tual Kim

    December 13, 2012 at 8:21 pm


Comments are closed.