Just Another Wordpress Blog

Just another WordPress.com weblog

အေသင်နိုင်ငံမှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက် လာပုံ သမိုင်းအကျဉ်း

အပိုင်း(၇)
နိဂုံးချုပ်ဆွေးနွေးခန်း။

To build up a future we must know our past. – Otto Frank –
အနာဂတ်ကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ ဟာ အတိတ်ကိုသိကြရမယ်။ – အိုတိုဖရန့် –

ဒီနေ့ ဒီမိုကရေစီရေး အတွက် ကိုယ်ကျိုးစွန့် ရုန်းကန်နေကြတဲ့ မြန်မာလူငယ် မျိုးဆက် သစ်တွေအတွက် ရှည်လျား ပြီးရှုပ်ထွေး တဲ့ အေသင် ဒီမိုကရေစီ ရဲ့သမိုင်းကို ဖေါ်ပြရာမှာ အရေးကြီးတဲ့ အပိုင်းလောက်ကိုသာ အကျဉ်းရုံး ပြီးဖေါ်ပြလိုက်တာဖြစ်ပြီး၊ အမှန် တကယ် မှာတော့ အေသင်ဒီမိုကရေစီ ဟာ အစပိုင်းမှာဖေါ်ပြခဲ့သလိုပဲ ကမ္ဘာ့ ဒီမိုကရေစီ သမိုင်းရဲ့ နုနယ်သေးတဲ့ ရေမွှာအဆင့်ပဲ ရှိပါတယ်။ ဂရိ နိုင်ငံတဝှမ်းမှာ မင်းဆိုးမင်းညစ်တွေ၊ အာဏာရှင်တွေ၊ မင်းစိုးရာဇာတွေ ကြီးစိုးနေတဲ့ ကာလမှာ ပေါ်ပေါက်ခဲ့တာမို့ အဲဒီကာလ ခေတ်စားနေတဲ့ နိုင်ငံရေး စနစ်တွေကနေရော အ တိတ် ခေတ်ဟောင်းတွေ ကနေပါ လုံးလုံးလျားလျား လမ်းခွဲလိုက်တဲ့ နိုင်ငံရေး အယူ အဆ၊ နိုင်ငံရေး အတွေးအခေါ်၊ နိုင်ငံရေး စနစ်သစ် တခုဖြစ်တဲ့ အတွက် ဒီမိုကရေစီ ဆိုတာ ကို တော်လှန်သော အတွေး အခေါ် တရပ် အဖြစ် တင်စား ဖို့ က လွဲရင် တခြား တင်စား စရာ မရှိ ပါဘူး။

မာစီဒိုးနား ရဲ့ လက်အောက် ကိုကျရောက်ခဲ့ရလို့ အေသင် ဒီမိုကရေစီ ခေတ်ကုန်ဆုံးသွားသည့်တိုင် အောင် နောင် ဂရိ နိုင်ငံရောမ အင်ပါယာ ရဲ့ လက်အောက် ကိုကျရောက်သွားတဲ့အခါမှာ တောင် ရောမ ကိုဗဟိုပြုတဲ့ ဥရောပတခွင် မှာ ရောမ အင်ပါယာ ကနေတဆင့် အေသင် ရဲ့ လွှမ်းမိုးမှု ဟာ ဆက်လက် ရှင်သန် ကြီးထွားနေခဲ့ပါတယ်။ အေသင် မှာ ဒီမိုကရေစီစတင်ထွန်းကားတဲ့ ခေတ်ကာလဟာ တကယ် တော့ ကမ္ဘာမှာ အင်ပါယာ နိုင်ငံတွေ ထူထောင် တဲ့ခေတ်ဖြစ်ပါတယ်။ အေသင် မှာ ဒီမိုကရေစီ အောင်မြင် နေတဲ့ အချိန် မှာတောင် အေသင် ကိုယ်တိုင်ကလည်း အေသင် အင်ပါယာ ကို ထူထောင်ခဲ့သေးတာဖြစ်ပါတယ်။ သို့ပင်ငြားလည်း နောင် အနောက် တိုင်း မှာ ဒီမိုကရေစီ အတွေးအခေါ်တွေ ရှင်သန်ကြီးထွား လာပြီး ဒီမိုကရေစီ အုပ်ချုပ် ရေး စနစ် သစ်တွေ ဖေါ်ဆောင်လာတဲ့ အခါအထိ ရှေးဟောင်း အေသင် ဒီမိုကရေစီ ရဲ့ လွှမ်းမိုး နိုင်စွမ်း အား ဟာလျော့ကျ မသွားခဲ့ပါဘူး။ နှစ်ပေါင်း ၉၀၀ လောက်ရှည်ကြခဲ့တဲ့ ဂရိ ဂန္တဝင် သမိုင်း နဲ့ တဆက်ထဲပေါ်ပေါက်ခဲ့တဲ့ ရောမ အင်ပါယာ (Clasical Age / Greco Roman world) ကုန်ဆုံးပြီးနောက်ပိုင်း ဥရောပ တခွင်မှာ အလယ်ခေတ် (Middle Age အေဒီ ၅ရာစု နှစ် – ၁၅ ရာစုနှစ်) ကိုဖြတ်သန်းခဲ့ရတဲ့ကာလ မှာ ကိုယ်စားပြုဒီမိုကရေစီ စနစ် ဟာအခြေတည်ခဲ့ပြီး အေဒီ ၁၆ ရာစုလောက်မှာ စတင်ခဲ့တဲ့ ခေတ်သစ် (Modern Era) နဲ့ ၁၈ရာ စုခေတ် မှာပေါ်ထွန်းခဲ့တဲ့ အမေရိကန် တော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေး တို့မှာ ဒီမိုကရေစီအတွေးအခေါ် ဟာ တော်လှန်ရေးတွေနဲ့ အတူ ရှင်သန်ကြီးထွား ခဲ့တာ ဖြစ် ပါ တယ်။ ရှေးဟောင်း ဂရိ ယဉ်ကျေးမှု ရဲ့ စာပေ၊ နိုင်ငံရေး၊ ပညာရေးစနစ်၊ အတွေးအခေါ်၊ သိပ္ပံပညာ နဲ့ အနုပညာ စသည် တို့ဟာ အနောက် ဥရောပတခွင်လုံးမှာ ကြီးမားပြင်းထန်တဲ့ ရိုက်ခတ်လွမ်းမိုးမှု တွေ ရှိခဲ့သလို ၁၄ ရာစုခေတ်မှာ စတင်ခဲ့တဲ့ Renaissance ခေါ် ရှေးဟောင်း ဂန္တဝင် ခေတ် အသိပညာ တွေ ပြန်လည်ဖေါ်ထုတ်ကြတဲ့ ဉာဏ်သစ်လောင်း လှုပ်ရှားမှု ကိုပါ အားသစ်လောင်းပေးနိုင်ခဲ့ပါ တယ်။

ဒီနေ့ ဒီမိုကရေစီခေတ်မှာ ကျင့်သုံးတဲ့ ပြည်သူ တွေကပေးအပ်လာတဲ့ အာဏာကို အုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေပြုအဖွဲံ၊ တရား စီရင်ရေး အဖွဲ့ စသည်ဖြင့် မဏ္ဍိုင် ကြီး သုံးခု အဖြစ်ခွဲဝေ တဲ့ စနစ် ဟာလည်းပဲ အခြေခံ အားဖြင့် အေသင်ဒီမိုကရေစီရဲ့ လွှမ်းမိုးမှု တွေဖြစ်တယ်။ အေသင် တိုက်ရိုက်ဒီမိုကရေစီ ဟာ ရှေးကျပြီး ဒီမိုကရေစီရဲ့ ရေမွှာအဆင့်သာရှိ ခဲ့တယ်ဆိုပေမဲ့ ဒီနေ့ ခေတ်သစ် ရင့်ကျက်လာတဲ့ ကိုယ်စားပြု ဒီမိုကရေစီ ခေတ်အထိပါ ဆက်လက် လွှမ်းမိုး နိုင်သေးတဲ့အပြင် အနောက်တိုင်းယဉ်ကျေးမှု တခုလုံးရဲ့ အခြေခံအုတ်မြစ် တခု လည်းဖြစ်ပါတယ်၊ ကမ္ဘာ့လူသားတွေရဲ့ နိုင်ငံရေး အတွေးအခေါ် တွေ အဆင့်ဆင့် ဖြစ်ပေါ် ပြောင်းလဲခဲ့တဲ့ သမိုင်းတလျောက်မှာ အရှည်ကြာဆုံး အထိရောက်ဆုံး လွှမ်းမိုးနိုင်ခဲ့ တာကတော့ အေသင်ခေတ် ဒီမိုကရေစီ အတွေးအခေါ် သာလျင်ဖြစ်တယ်။ ဒါကြောင့် လည်း ဒီနေ့ မြန်မာလူငယ် မျိုးဆက်သစ်တွေ ဟာအေသင် တိုက်ရိုက်ဒီမိုကရေစီ အကြောင်းကို တစေ့တစောင်း လေ့လာသိရှိ နားလည် ထားကြ ဖို့လိုအပ် ပါတယ်။

ဒီမိုကရေစီ ရဲ့ အခြေခံသဘောတရားတွေကိုနားလည်ထားကြတဲ့အပြင်၊ ဒီမိုကရေစီ ဆိုတာ ကမ္ဘာမှာ ဘယ်ပုံဘယ်နည်း စတင်သန္ခေ တည်ပြီး ဘယ်လို ပြန့်နှံ့ ခဲ့တယ် ဆိုတာကိုပါ သမိုင်းအမြင်နဲ့တွဲပြီး လေ့လာသိရှိထားခြင်းအားဖြင့် ဒီမိုကရေစီ အသိတရား နဲ့ ယုံကြည် ချက် တွေ ပိုမိုပြီး ခိုင်ခိုင် မာမာ အမြစ်တွယ်လာမှာ ဖြစ်တဲ့အပြင် သမိုင်းကြောင်းတွေထဲကနေလည်း သင်္ခန်းစာယူစရာတွေ တွေ့ မြင်လာ ကြမယ် လို့ ယုံကြည် မျှော်လင့် မိပါတယ်။ ဒီမိုကရေစီ အရေး ကို တွေးခေါ်ကြရာမှာ ရော ပိုမို အားကောင်း ပြီး လက်တွေ့ကျတဲ့ အယူ အဆ အသစ်တွေ ကို ဖေါ်ဆောင်လာနိုင်မှာ ဖြစ်ပြီး၊ ထပ်ဆင့် ပွား များ တွေးခေါ်တဲ့ နေရာမှာ ပါ တနည်း တလမ်း အထောက် အကူ ပြု သွား မှာဖြစ်တယ်။ ဒီမိုကရေစီ ကို ပြည်သူတွေထဲမှာ ချပြဖြန့်ဖြူးရာမှာ ဘယ်ပုံ ဘယ်နည်း ဖြန့်ဖြူး ရမယ် ဆိုတာ ကစ၊ နည်းလမ်း အသွယ်သွယ်ကိုလည်း ရှာဖွေ တွေ့ ရှိလာနိုင် ကြမယ် လို့ မြော်လင့် ပါတယ်။

ပထမ အချက်အနေနဲ့ အေသင်ဒီမိုကရေစီ သမိုင်းထဲကနေ ဒီမိုကရေစီ ရဲ့ အရေးအကြီးဆုံး နဲ့ အင်မတန် အခြေခံကျတဲ့ အချက်တခု အနေနဲ့ တွေ့ရတာ ကတော့ မြို့ ရဲ့ ဈေးကွက်လပ် မှာ နိုင်ငံရေး၊ လူမှုရေး အသိပညာ တွေ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဖလှယ်ကြတဲ့ အချက် ပဲဖြစ်ပါတယ်။ ဒီလို ပြည်သူတွေက နိုင်ငံရေးကို အကြောက်တရားမရှိ ပဲ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးနိုင်ကြပြီး၊ မပါဝင်သူ မပတ် သက် ချင်သူကသာလျှင် ငတုံးငအ စာရင်း ထဲ အထည့် ခံရမှာ ကိုစိုးရိမ်ရမှာ လိုဖြစ်နေတော့၊ ဒီနေ့ (၂၁) ရာစုခေတ်မှာတောင် အာဏာရှင်နိုင်ငံတွေမှာ နိုင်ငံ့ အရေး မတွေးရ၊ နိုင်ငံ့ အရေး မရေးရ၊ နိုင်ငံ့ အရေး မပြောရ၊ နိုင်ငံ့ အရေး မလုပ်ရ ဆိုပြီး တားမြစ်ပိတ်ပင်နေတာ တွေနဲ့ ယှဉ်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ ကျော် ဘီစီ ခေတ် အေသင်မှာ ထွန်းကားခဲ့တဲ့ နိုင်ငံရေးအတွေးအခေါ်ဟာ ခေတ်ရှေ့ကို အများကြီး ပြေးနေ ခဲ့တယ် လို့ဆိုရ မှာဖြစ်တယ်။ အေသင် ဒီမိုကရေစီ ခေတ် ပြည်သူတွေ ရဲ့ နိုင်ငံ့ အရေးမှာ လွတ်လွတ် လပ်လပ် ပြောဆိုဆွေးနွေးခွင့် ဟာ လည်း ဒီနေ့ (၂၁) ရာစုခေတ် သာမက နောင်ခေတ်အဆက်ဆက်မှာ လည်း ဒီကမ္ဘာ လောကကြီးမှာ လူသားရယ်လို့ ရှိနေသေးတဲ့ ကာလ ပတ်လုံး ဆွဲဆောင်မှု လွှမ်းမိုးမှု ရှိနေဦးမှာ ဖြစ်ပါတယ်။

အဲဒီခေတ်အဲဒီကာလမှာ အေသင် အစရှိတဲ့ဂရိ (ခေါမ) က မြို့နိုင်ငံငယ်တွေ ဟာ ဒီနေ့ခေတ်မြို့တွေ နိုင်ငံတွေ နဲ့စာရင် သေးငယ်နေတာ (ဒါမှမဟုတ်) မြို့လယ်ခေါင် ဈေး ကွက်လပ်မှာ တင်တမြို့သားလုံး ညီလာခံခေါ်လို့ရလောက်အောင် လူဦးရေအားဖြင့်လည်း နည်းနေသေး တဲ့ အချက်ဟာလည်း အေသင်မှာ တိုက်ရိုက် ဒီမိုကရေစီ ကျင့် သုံးလို့ ရတဲ့ အကြောင်းရင်းတခုထဲမှာပါဝင်နေပါတယ်။ အားလုံး သိပြီးဖြစ်တဲ့ အတိုင်း နောင် အင်ပါယာခေတ်တွေ ကုန်ဆုံးပြီး အမျိုး သားနိုင်ငံတွေ၊ အမျိုးသား လူမျိုးစုံ ပါဝင်တဲ့ ပြည်ထောင်စုတွေ ကို ထူထောင် လာကြတဲ့ ခေတ် ရောက်လာတော့ တိုက်ရိုက်ဒီမိုကရေစီ ဟာ ကမ္ဘာ့ တချို့နေရာတွေမှာ မြို့မြူနီစပယ် ရပ်ကွက် အတွင်းနဲ့ ဆွစ်ဇလန် ရဲ့ ကန်တုံ ပြည်နယ်သေးလေးတွေ တချို့ မှာ သာ အသုံးပြုကြပြီး၊ အများအားဖြင့် ပြည်သူ့ကိုယ်စားလှယ်
တွေ စေ လွှတ် အုပ်ချုပ်တဲ့ ကိုယ်စားပြု  ဒီမိုကရေစီ ကိုသာ ကမ္ဘာမှာ အသုံးများလာခဲ့ပါတယ်။

ဒီခေတ်ပိုင်းမှာ တိုက်ရိုက်ဒီမိုကရေစီနဲ့ အနီးစပ်ဆုံးကတော့ ဥပမာ အားဖြင့် တိုင်းပြည်ရဲ့ အခြေခံဥပဒေ လိုဟာမျိုး ကို တပြည်လုံး အတိုင်း အတာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး အများစု ထောက်ခံ မဲ နဲ့ အတည်ပြု တာမျိုး ပဲဖြစ်ပါတယ်။ အေသင်နဲ့စာရင် ဒီနေ့ နိုင်ငံ အများစု ဟာ အဆမတန် ကြီးမား ကျယ်ဝန်းတာ၊ လူဦးရေ အားဖြင့် လည်း အဆမတန်အောင် များပြားနေတာကြောင့် ဒီမိုကရေစီစနစ် ကိုကျင့်သုံးရာမှာ တိုင်းပြည်ရဲ့ နိစ္စဓူဝ အရေး ကိစ္စတွေမှာ ပြည်သူတွေ က အမြဲတမ်း တိုက်ရိုက်ပါဝင်လာဖို့ဆိုတာ လက်တွေ့ မကျတော့ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာတော့ တပါတီအာဏာရှင်ခေတ် ၁၉၇၄ အခြေခံဥပဒေကို ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ အတုအယောင် တခု ကို ဟန်ပြသာပြု လုပ်ခဲ့ပြီး၊ ပြည်သူတွေ ကတခဲနက် ကန့်ကွက်ကြတဲ့ကြား က အာဏာသုံးပြီး အတင်းအဓမ္မ အတည် ပြု ခဲ့ကြဘူးသလို၊ အဲ ဒီလို ပြည်သူ့ဆန္ဒ အစစ်အမှန် ကိုဆန့်ကျင်တဲ့ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ ပါတီစုံ ဒီင်္မိုကရေစီစနစ် ကို ထူထောင်ဖို့ သမိုင်းဝင် ရှစ်လေးလုံး လှုပ်ရှားမှု ကြီးမှာ ပြည်သူတွေက တိုက်ရိုက် ဒီမိုကရေစီ ကျင့်သုံး ပြီး တခဲနက်တောင်းဆိုခဲ့တဲ့ အတွက် မဆလ တပါတီအာဏာရှင် စနစ် ချုပ်ငြိမ်း ခဲ့ရဘူး ပါတယ်။

ဒီနေ့ ကမ္ဘာမှာ တဟုန်ထိုးတိုးတက်လာတဲ့ ဆက်သွယ်ရေး တက်ခ်နိုလိုဂျီ ရဲ့ ကျေးဇူး ကြောင့် ကမ္ဘာ ကြီးတခုလုံး ကိုတောင် ကမ္ဘာရွာကြီး (Global Village) အဖြစ် တင်စားခေါ်ဝေါ်သုံးစွဲလာကြရလောက်အောင် ဆက်သွယ်ရေးတွေ အားကောင်း လာတဲ့ အခါမှာ ကမ္ဘာ့ ပြည်သူတွေ ရဲ့ ဆန္ဒ အစစ်အမှန်ကိုဖေါ်ထုတ်ဖို့ အတွက် ကွန်ယက် တွေ အမြောက်အမြား တည်ဆောက်လာနိုင် ကြပြီဖြစ်တဲ့ အတွက် အေသင် ရဲ့ ဈေးကွက်လပ်ငယ်မှာ မြို့ညီလာခံ ကျင်းပသလို ပဲ တမြို့လုံး၊ တပြည်လုံး၊ တကမ္ဘာလုံး ကပြည်သူတွေရဲ့ ဆန္ဒ အစစ်အမှန်ကို ကွန်ယက် တွေနဲ့ ရယူ ဖို့လွယ်ကူ လာတာ ကိုတွေ့ရပါတယ်။ ဆိုလိုတာက ဒီနေ့ခေတ်ကမ္ဘာကြီး မှာ သတင်းခေတ်ရဲ့ အဆင့်မြင့် တက်ခ်နိုလိုဂျီ ပစ္စည်းကိရိယာတွေ ကိုအသုံးပြုပြီး အေသင်ခေတ်မှာ လိုတိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးလာကြမဲ့ ခေတ် ရေစီးကြောင်းသစ် တခု ကိုမြင်တွေ့နေရပြီဖြစ်ပါတယ်။ အေသင်နဲ့စာရင် တိုင်းပြည်တွေက ပိုကြီးလို့ လူဦးရေတွေလည်း ပိုမို များပြားလာ သည့်တိုင်အောင် e-government, e-democracy စသည်ဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး ပုံစံသစ်တွေ ဖေါ်ဆောင်ပြီး ဆက်သွယ်ရေး အား ကောင်းတဲ့ နိုင်ငံတွေမှာ တက်ခ်နိုလိုဂျီ သစ် ရဲ့ အကူ နဲ့ ပြည်သူတွေ ဟာ လူမှု ကွန်ယက်တွေ၊ ဝက်ဆိုက်တွေ၊ ဘလောက်တွေ၊ မိုဘိုင်း လက်ကိုင် ဖုန်းတွေ ကနေတဆင့် နိုင်ငံရေးမှာ တိုက်ရိုက် ကျကျ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်လာနိုင်ကြ ပြီဖြစ်ပါ တယ်။ တနည်းတလမ်း အားဖြင့် အေသင်ရဲ့ တိုက်ရိုက်ဒီမိုကရေစီ နဲ့ ပိုမိုနီးစပ် တဲ့ ဒီမိုကရေစီ ပုံစံ အသစ် တွေအညွန့် တ လူလူ  ပြန်လည် ပေါ်ထွက်နေ ပြီဖြစ်ပါတယ်။

အေသင်ရဲ့ ဒီမိုကရေစီ အထွတ်အထိပ်ရောက်တဲ့ခေတ် တုန်းကတော့ အေသင်မှာ ကျွန်တွေကလည်း အမြောက်အမြား ရှိနေကြတာမို့ အချိန်ကုန် လူပန်း အလုပ် တွေ ကို အများအားဖြင့် ကျွန်တွေ ကိုလုပ်ခိုင်း ပြီး အေသင် နိုင်ငံသားတွေ က နိုင်ငံ့အရေး မှာ သတင်း ဖလှယ်မှုတွေ ပိုမို လုပ်နိုင် ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခု (၂၁) ရာစုခေတ်မှာ တော့ လူလူချင်း ကျွန် ပြုတဲ့ အလုပ်ဟာ အတိတ်ကိုသာ စွဲလမ်းနေသေးတဲ့ အာဏာရှင်တချို့ကသာ ဆက်လက် ကျင့်သုံးနေ ပြီး တိုင်းပြည်နဲ့ လူမျိုးတခုလုံး ကို ဟောင်းနွမ်း ဆွေးမြေ့နေပြီဖြစ်တဲ့ အတွေးအခေါ်တွေနဲ့ အတိတ် အမှောင်ခေတ် ထဲ ကို အတင်းအဓမ္မ ဆွဲချ နေတာ ကြောင့် ဒီလိုနိုင်ငံတွေမှာ ခေတ်မီတိုးတက်တဲ့ နိုင်ငံတခု အဆင့် ထိမြင့်တက် မလာနိုင် ပဲ နိမ့်ကျပြီးရင်းနိမ့်ကျနေတာ ကလွဲရင် အနာဂတ်ကို ဇောင်းပေးနေတဲ့ တိုးတက်နေတဲ့ နိုင်ငံ တွေမှာ တော့ ကွန်ပြူတာ နဲ့ တခြားမရေမတွက်နိုင်တဲ့ အဆင့်မြင့် နည်းပညာ သစ်တွေ က လူ့လုပ်အားနေရာကိုအစားထိုးပြီး သတင်း အချက် အလက်တွေကို အသိပညာ အဖြစ် အလျင်အမြန်၊ အလွယ်တကူပြောင်းလဲရာမှာ အထောက်အကူ တွေပေးလာနိုင်ပြီဖြစ်တယ်။ ဒီနေ့ ကမ္ဘာမှာ ပြည်သူချင်း သတင်း ဖလှယ်မှုတွေ၊ အသိပညာ ဖလှယ်မှုတွေ ဟာလည်း ပဲ အထွတ်အထိပ် ကိုရောက်လာပြီး အဆမတန် လွယ်ကူ မြန်ဆန် လာတာ ကိုတွေ့လာရပါတယ်။ ဒီနေ့ခေတ်ကို အသိပညာခေတ် Knowledge Age လို့ တောင် တင်စား ခေါ်ဝေါ်နေကြပါပြီ။ Knowledge Revolution ခေါ် အသိပညာတော်လှန်ရေး အရှိန်အဟုန် အားကောင်း လာတာနဲ့ အမျှ အခုခေတ် လူသားတွေ က the future is now ဆိုပြီး အနာဂတ်ဆိုတာ ဝေးဝေးလံလံမှာ မရှိဘူး ဒီနေ့ ပစ္စပ္ပန် မှာ ကို ထိတွေ့ ခံစား နေကြရပြီ ဆိုတဲ့ အချက် ကို ပုံဖေါ် ပြောဆို နေကြတာဟာ ကျွန်တော်တို့ နိုင်ငံမှာလည်း ထိုနည်း၎င်း ပဲ ပြောဆို လာနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးကလည်း အတိတ် အေသင် တိုက်ရိုက် ဒီမိုကရေစီ ပုံစံမျိုး ကို ပုံစံသစ်တခုနဲ့ အလျင်အမြန် ရွေ့လျားရင်း အနာဂတ် သစ်တခု ဆီကို ဦးတည် နေပြီဖြစ် ပါတယ်။

ဒုတိယ အချက်အနေနဲ့ တင်ပြဆွေးနွေးချင်တာကတော့ အဲဒီခေတ် အဲဒီကာလ ဂရိ မြို့ နိုင်ငံ တွေအကြား အတောမသတ်နိုင်တဲ့ အပြန် အလှန် စစ်ခင်းမှု တွေ ကို မီးမောင်းထိုးပြချင်ပါတယ်။ စစ်ပွဲတွေ အတောမသတ်နိုင်တဲ့ အခါမှာ စစ်ဖြစ်လာတိုင်း စစ်ပွဲတွေရဲ့ အနိဋ္ဌာရုံ တွေ ကို တိုက်ရိုက်ကျကျ ခံစားကြရတဲ့ အများစု ပြည်သူလူထုကြီး က စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီး ဘုရင်တဦးတည်းက သူ့စိတ်ကြိုက် စစ်ကြေညာခွင့် မရှိတော့ပဲ အေသင်ဒီမိုကရေစီ ခေတ်မှာ မြို့လုံးကျွတ် ညီလာခံ ကနေ ပြည်သူလူထုတရပ်လုံးက သဘောတူမှ သာလျင် စစ်ကြေညာနိုင်တဲ့ အထိဖြစ်လာခဲ့တယ်။ တချိန်က ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်တွေက တိုင်းပြည် မတည်မငြိမ်ဖြစ်လေ သူတို့ အာဏာမြဲလေ ဆို တဲ့ အယူအဆ ကိုကိုင် စွဲ ပြီး ပြည်တွင်း မငြိမ်မသက်မှုတွေကို ဖြစ်အောင် တမင်လုပ်၊ အဲဒါတွေကို လက်ညှိးထိုး ပြပြီး သူတို့ သာ အာဏာကို စွန့်လွတ် လိုက်ရင် ဒါမှ မဟုတ်သူတို့သာမရှိရင် တိုင်းပြည်ကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမယောင် ပြောင်းတိပြောင်းပြန် တလွဲတချော် အလိမ်အညာ ဝါဒဖြန့်နိုင်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာ တော့ အဲဒီလို မဟုတ်တန်းတရားတွေ နဲ့ ဝါဒဖြန့်တဲ့ ကိစ္စတွေဟာ အရင်ကလို ထိရောက်မှုမရှိတော့ပဲ တန်းတူရေး၊ လွတ်လပ်ရေး အစရှိတဲ့ ဒီမိုကရေစီ ရဲ့ အခြေခံတရားတွေ ဆိပ်သုဉ်း လို့သာလျင် စစ်ပွဲတွေဖြစ်လာရတယ်၊ စစ်ပွဲတွေရှိနေလို့သာ ဗမာအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူ တရပ်လုံး စစ်ကျွန်ဘဝ ကို ကျရောက် ကြရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်လာတဲ့ အခါ မှာ လူမျိုးပေါင်းစုံပြည်သူတို့ အကြား တန်းတူရေး နဲ့ လွတ်လပ်ရေး တွေ ညီတူမျှတူခံစားရဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ကို တည်ဆောက်ဖို့ တောင်းဆိုလာကြပြီဖြစ်တယ်။ စစ်ဖြစ် နေတဲ့ ဒေသ တွေ မှာရော၊ စစ်မရှိတဲ့ဒေသတွေမှာ ပါ တပြည်လုံး အတိုင်းအတာ အနေ နဲ့ ပြည်တွင်း စစ်ရဲ့ဒဏ်ကို အလူးအလိမ့် ခံလာ ကြရ ပြီဖြစ်တယ်။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်တဲ့ အာဏာ ဟာ ပြည်သူတွေ ရဲ့လက်ထဲကို ရောက်လာဖို့ အချိန်တန် နေပြီဖြစ်တယ်။ နောက်ပြီး မှတ်သားစရာကောင်းတဲ့ အချက်တခု ကလည်း အမြဲတန်း တပ်မတော် ရယ်လို့ မရှိသေးတဲ့ အေသင်ခေတ်မှာ စစ်ဖြစ်လာရင် ပြည်သူ တွေကိုယ်တိုင်ဝင်တိုက်ခဲ့ကြရပြီး၊ စစ်ပွဲတွေ ကြောင့် ပြည်သူတွေက အာဏာပိုရှိလာသလို အေသင် ဒီမိုကရေစီ စနစ် ခိုင်မာလာတာနဲ့ အမျှ သူ့ရဲ့ ဒီမိုကရေစီ စနစ် အားကောင်းပြီး စည်းစည်းလုံးလုံးဖြစ်လာတဲ့ အေသင် ရဲ့ သြဇာ ကို အာဏာရှင်ဆန်တဲ့ စပါတာ က စစ်ပွဲ နဲ့ ပဲ အနိုင်တိုက်ပြီး အေသင်ဒီမိုကရေစီ ကို ချုပ်ငြိမ်း စေခဲ့တဲ့ အချက် ဟာလည်းပဲ မှတ်သားစရာ အချက်တခုပါပဲ။ ဒီမိုကရေစီ စနစ်တခု အရှည်သဖြင့် တည်တန့်ဖို့ဆိုရင် ပြည်တွင်းပြည်ပ မှာ ငြိမ်းချမ်းရေး ရှိနေဖို့ လည်း အရေး ကြီးလှပါတယ်။

တတိယ အချက်အနေနဲ့ စိတ်ဝင်စားစရာကောင်းတာတခုကလည်း ဒီမိုကရေစီ ဟာ အေသင်ဆိုတဲ့ မြို့ နိုင်ငံကနေ သာလျင် ထူးထူး ခြားခြား မွေးဖွားလာရတဲ့ အကြောင်းရင်း တွေထဲမှာ အေသင် မှာ မင်းဆိုးမင်းညစ်မျိုး တွေ နှစ်ပေါင်း ၅ဝ ကျော် ၆ဝ နီးပါး အုပ်စိုးခဲ့ တဲ့ အချက်ဟာ အကြောင်းရင်းတွေ အမြောက်အမြားထဲမှာ အရေးကြီးတဲ့ အကြောင်းရင်း တခုဖြစ်နေတာပါပဲ။ ဒီလို မင်းဆိုး မင်းညစ်တွေ နောက်ထပ် မပေါ်ပေါက် လာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စဉ်းစား တွေးခေါ် လာကြတဲ့ အခါမှာ နောင်ကို မျိုးနွယ်စု ကွဲပြားမှု၊ လူတန်းစားကွဲပြားမှု နဲ့ ဒေသကွဲပြားမှုတွေကို အခွင့်ကောင်းယူ၊ အသုံး ချပြီးဒီမင်းဆိုးမင်းညစ် တွေ အာဏာရ မလာအောင် အေသင် ကို (၁ဝ) ပိုင်းပိုင်းပြီး အာဏာကိုညီတူ မျှတူ ခွဲဝေပေးလိုက်ကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း နှစ်ပေါင်း (၆ဝ) ကျော်လာတဲ့ ပြည်တွင်း စစ် ဟာ လွတ်လပ်ရေး ရဲ့ ဖွားဘက်တော်ဖြစ်တဲ့ အလျောက် ရပ်တန်းကရပ်ပြီး ပြည်တွင်း စစ်ရဲ့ အဓိကတရာခံဖြစ်တဲ့ မှားယွင်း ဖေါက်ပြန်တဲ့ အခြေခံ ဥပဒေ တွေကို အတိတ်မှာ ပဲထားခဲ့ ပြီး နိုင်ငံ့ အာဏာနဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ကို ဒေသတခု လူမျိုး တမျိုးတည်း ရဲ့ လက်ထဲမှာ တဖက်စောင်းနင်း စုပြုံမထားပဲ ဒီမိုကရေစီ နဲ့ လွတ်လပ်ခွင့် အစရှိသည်တို့ ကို လူမျိုးတိုင်းဒေသတိုင်းက မျှဝေ ခံစားစေတဲ့ ပြည်ထောင်စုစစ်စစ် (ဝါ) ဖက်ဒရယ် ဒီမိုကရေစီ စနစ်အားဖြင့် သာ လျှင် ပြည်တွင်း စစ်မီး ကို ငြိမ်းသတ်နိုင်မှာဖြစ်ပြီး၊ ပြည်တွင်း စစ်ကိုအားပြုပြီး သက်ဆိုးရှည်နေတဲ့ စစ်အာဏာ ကိုလည်းချုပ်ငြိမ်းစေနိုင်မှာ ဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေးဆိုတာကိုလည်း အဲဒီလိုအတိုင်းအတာအထိ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာနိုင်မှသာ ဗမာအပါ အဝင်လူမျိုးပေါင်း စုံ ပြည် သူတွေက လက်တွေ့ ကျကျ ခံစား လာ ရမှာ ဖြစ် ပါ တယ်။

စတုတ္ထ အချက် အနေနဲ့ သံဝေဂရစရာ၊ သင်ခန်းစာယူစရာတခုကတော့ အေသင်မှာ ဒီမိုကရေစီအောင်မြင်ခဲ့ပြီး သူတို့ ဦးဆောင် ထူထောင်ခဲ့တဲ့ Delian League ကို စည်းလုံး ညီညွတ်ပြီး ခိုင်မာတဲ့ မဟာမိတ် သမဂ္ဂ အဖွဲ့ အဖြစ် မထူထောင်နိုင်ခဲ့တဲ့အတွက် နောက်ဆုံးမှာ စပါတာရဲ့ လက်အောက် ကိုကျရောက်ပြီး အေသင် ဒီမိုကရေစီပါ ချုပ်ငြိမ်း ခဲ့ရ တဲ့ အချက်ပဲဖြစ်ပါတယ်။ အေသင် အနေနဲ့ရောတခြားဂရိ မြို့နိုင်ငံတွေမှာ ပါ အဲဒီခေတ်ကာလ အကြီးမားဆုံး ပြင်ပရန်သူက တော့ ပါးရှားအင်ပါယာဖြစ်တယ်။ ပါးရှား အင်ပါယာ ကလည်း အဲဒီ ကာလ ကမ္ဘာကြီးမှာ အကြီးမားဆုံး အင်ပါယာတခုဖြစ်တယ်။ တကြိမ် တည်း မှာ ဂရိမြို့ နိုင်ငံပေါင်း မြောက်မြား စွာ ကလည်း အချင်းချင်း စစ်ခင်းနေကြတော့ အဲဒီ ကာလ ဂရိ မြို့နိုင်ငံတွေရဲ့ သမိုင်း ဖြတ်သန်း မှုဟာ အင်မတန် ရှည်လျား ရှုပ်ထွေး လှပါတယ်။ အေသင် ဟာသူတို့ဦးဆောင်တဲ့ Delian League အဖွဲ့ဝင် မဟာမိတ် ဂရိ နိုင်ငံငယ်ပေါင်း ၁၅ဝ – ၁၇၃ လောက် ကို အပေါ်စီးကနေ ဗိုလ်ကျစိုးမိုးခဲ့တယ်။ ပထမပိုင်းမှာ ပါးရှား ကို အံတုဖို့ဆိုပြီး ဖွဲ့စည်းတုန်းကတော့ မဟာမိတ် အသွင်ဖြစ်ပေမဲ့ နောက် ပိုင်းမှာ အင်အားသုံး အနိုင်ကျင့် စိုးမိုးလာပြီး အင်ပါယာ အသွင်သွတ်သွင်းခဲ့တာဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံငယ်တွေနဲ့ ပြဿနာ တွေ ဖြစ်လာရင် အကြမ်းဖက်ဖြေရှင်းခဲ့တဲ့အပြင် ပါးရှားရန် ကို ကာကွယ် ဖို့ အတွက် ဒီးလျန်း သမဂ္ဂပိုင် ဘဏ္ဍာတော်ငွေတွေ ကိုလည်း ကာကွယ်ရေးမှာ မသုံးပဲ အေသင်မြို့ ကို တခန်းတနားဖြစ်အောင်တည်ဆောက်ရာမှာ အသုံးပြုခဲ့ကြတယ်။ Delos ဆိုတဲ့ ကျွန်း နိုင်ငံငယ်လေးမှာ ဖွဲ့စည်းခဲ့တာကိုအစွဲပြုပြီး Delian League လို့ခေါ်ခဲ့တဲ့ အဲဒီအဖွဲ့ကအဖွဲ့ဝင်တွေ စုပေါင်းထည့်ဝင်ထားတဲ့ စစ်ရေး ရံပုံငွေတွေကိုလည်း အစပိုင်းမှာ အဲဒီကျွန်းမှာ ရှိတဲ့ ဘုရားကျောင်း ဘဏ္ဍာတိုက်မှာ ထားတာကို နောက်ပိုင်းမှာ Pericles က လုံခြုံရေးအကြောင်းပြပြီး မဟာမိတ်ရံပုံငွေတွေကို အေသင် ကို ယူသွားခဲ့တယ်။ မဟာမိတ်ပိုင် စစ်သင်္ဘောတွေကိုပါ အေသင် ရဲ့ အကျိုးစီးပွား အတွက်အသုံးပြုခဲ့တယ်။ ဒီလိုနဲ့ မဟာမိတ် အဖြစ်ဖွဲ့စည်းခဲ့တဲ့ Delian League ဟာ အေသင်အင်ပါယာရဲ့ လက်ဝေခံ နိုင်ငံငယ် တွေဘဝကို သက်ဆင်းနိမ့်ကျခဲ့ရတယ်။ အဖွဲ့ဝင်အဖြစ်ကနေ ထွက်ဖို့ ကြံရွယ်ပြီး ပုန်ကန်ခြားနားလာတဲ့ အခါမှာ လည်း စစ်သင်္ဘော အဆင်း ၂ဝဝ လောက်ပိုင်ဆိုင်နေတဲ့ အေသင်ကို အံတုဖို့ အင်အား မရှိကြတော့ဘူး။ ပုန်ကန်ခြားနားပြီး စစ်ရှုံးသွား တဲ့ နိုင်ငံငယ်တွေမှာ ခေါင်းဆောင်ပိုင်း ကို ထောင်နဲ့ချီပြီး သတ်ဖြတ်ခြေမှုန်းခဲ့တဲ့ အပြင်တချို့ကိုတော့ယေက်ျားတွေကိုအကုန်သတ် ပြီး မိန်းမတွေကိုတော့ ကျွန်အဖြစ်ရောင်းစားကြတဲ့ အထိ လူမဆန်စွာ ရက်စက်ခဲ့ကြတယ်။ အတိုချုပ်ပြောရရင် ဒီလို နယ်ချဲ့ အင်ပါယာ မူမျိုး နဲ့ အုပ်ချုပ်ခဲ့လို့ အေသင်အင်ပါယာ ကို ခိုင်မာစည်းလုံးတဲ့ မဟာမိတ် သမဂ္ဂ အဖြစ် မထိမ်းသိမ်း နိုင်ပဲ၊ စပါတာရဲ့ Pelopponesian League နဲ့ စစ်ဖြစ်တဲ့အခါမှာ အေသင်ဟာ မရှုမလှ ရှုံး နိမ့်ခဲ့ရပြီး အေသင် ဒီမိုကရေစီ ပါပျက်သုဉ်းခဲ့ရတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း ဗမာအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူတို့ ရာသက်ပန် ချစ်ချစ်ခင်ခင် စည်းစည်း လုံးလုံး နေ ထိုင်ကြဖို့ အတွက် ဒီမိုကရေစီနဲ့ ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်ကို ပင်လုံမှာ အခိုင်အမာ ချထားခဲ့ပါရက်နဲ့ ဗိုလ်ချုပ်အောင် ဆန်း လုပ်ကြံခံရ ပြီးတဲ့ အချိန်ကစပြီး အုပ်စိုးသူတွေဟာ ပြည်ထောင်စုမူကို ရော ပင်လုံ သဘောတူညီ ချက်တွေကိုပါ လေးစားလိုက်နာမှုမရှိကြတော့ပါဘူး။ ပင်လုံပြည်ထောင်စုမူ ကနေ လမ်းခွဲ ခဲ့ကြတယ်။ ဗိုလ်ချုပ် အောင်ဆန်း က သေနပ်တချက်မဖေါက်၊ သွေးတစက်မကျစေပဲ ငြိမ်းချမ်း သောနည်းနဲ့ မွေးဖွားပေးခဲ့တဲ့ ပြည်ထောင်စုကနေ ခွဲထွက်ပြီး ကုန်လွန်ခဲ့တဲ့ အနှစ် ၆၀ ကျော်ကာလအ တွင်း သေနပ်သံတွေ မဆဲ၊ သွေးတွေတွင်တွင်စီးခဲ့တဲ့ ပြည်ထောင်စု အတုအယောင် ကိုသာ ထူထောင် ခဲ့ကြပါတယ်။ ဒီနေ့ခေတ်သစ် နဲ့ လားလားမှ မအပ်စပ် တော့တဲ့ တမင်းတနိုင်ငံ အင်ပါယာ လို စနစ်ဟောင်း မျိုးကိုသာ အစွဲကြီင်္း စွဲပြီး လူမျိုး တမျိုးနဲ့တမျိုး နိုင့်ထက်စီးနင်းပြုကျင့်တဲ့ တပြည်ထောင် ကိုလိုနီ အင်ပါယာ စနစ်မျိုးကို စစ်ရေးနည်းနဲ့ အတုအရောင်ပြည်ထောင်စုကို အတင်းအဓမ္မ ထူထောင်လိုကြတဲ့ အတွက် နောက် ဆက်တွဲ အဖြစ် အတော မသတ်နိုင် တဲ့ ပြည်တွင်းစစ်ကြောင့် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဘဝ ကိုကျရောက်ခဲ့တာတောင် ဒီနေ့ အထိ ပြည်တွင်း စစ်ဟာ တောက်လောင် နေဆဲဖြစ်တယ်။ သင်ခန်းစာ ယူတတ်ရင် သင်ခန်းစာယူချင်ရင် အေသင်သမိုင်းပါ မက ကမ္ဘာ့ သမိုင်းတွေ ထဲက နေရော ကျွန်တော်တို့ ပြည်ထောင်စု နိုင်ငံကြီးရဲ့ ခေတ်သစ် သမိုင်းထဲ ကနေ ပါ သင်ခန်းစာ ယူစရာတွေ သံဝေဂရစရာတွေ တပုံတခေါင်းကြီး ရှိနေပါတယ်။

နာဇီ ငရဲခန်းကနေ လွတ်မြောက်လာ ခဲ့တဲ့ ဂျူးအကျဉ်းသားဟောင်း Otto Frank (အိုတို ဖရန့်) ရဲ့ နာမည်ကြီးတဲ့ မှတ်ချက် တခု လိုပဲ “အနာဂတ်ကို တည် ဆောက်ဖို့အတွက် အတိတ်ကို သိရ မှာ” ဖြစ်ပါတယ်။

အေသင်မှာ လူသားတွေစတင်ထွန်းညှိခဲ့တဲ့ ဒီမိုကရေစီ မီးရှူးတန်ဆောင်ဟာ ရာစုနှစ်ပေါင်း မြောက်မြားစွာ ကြာညောင်း ခဲ့သည့် တိုင်အောင် ကမ္ဘာ့လူသားတွေကို ဆက်လက်ပြီး အလင်းရောင်တွေ ပေးစွမ်း နိုင်စွမ်းရှိသလို၊ ခေတ်သစ် စနစ်သစ်ကိုမျှော်မှန်းပြီး (၂၁) ရာစုခေတ်မှာ ငြိမ်းချမ်း ပြီး စည်းလုံးတဲ့ ပြည်ထောင်စု နိုင်ငံ စစ်စစ်ကိုပြန်လည်ထူထောင်ဖို့ဆိုရင် ပင်လုံမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စတင် ထွန်းညှိခဲ့တဲ့ ဒီမိုကရေစီ မီးရှူးတန်ဆောင် ဟာလည်း နောင်မျိုးဆက်ပေါင်း မြောက်မြားစွာ အထိ အလင်းရောင်ပေးစွမ်း နိုင်ဦး မှာ ဖြစ်တဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက် ပါတယ်။

Advertisements

Written by mike16os

November 11, 2012 at 12:38 am

Posted in Athen History

One Response

Subscribe to comments with RSS.

  1. Reading the story of how democracy came into exist doesn’t work in practical solution to run a prosperous democratic government. It’s better to learn how to boost up the economy, how to do a better job creation and how to protect the rights of the people. And it’s necessary to study how to guide a communist, socialist or muslim government to become a flawed democracy country, and a flawed democracy government to become a full democracy country.


Comments are closed.