Just Another Wordpress Blog

Just another WordPress.com weblog

အေသင်မြို့ နိုင်ငံ မှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက် လာပုံ သမိုင်းအကျဉ်း

အပိုင်း(၆)

အေသင် ဒီမိုကရေစီ ရွှေခေတ် ကုန်ဆုံးခြင်း

Cleistenes သေဆုံးပြီး တဲ့ အခါမှာ သူ့ရဲ့မြေးဖြစ်သူ Pericles (BC 490 – 429)ဟာ အေသင်မှာ သြဇာအရှိဆုံးဖြစ်တယ်။ ဒီမိုကရေစီ စနစ် အရ ပြည်သူကသာအုပ်ချုပ်တယ်၊ လူ ၅၀၀ (၅၀ x ၁၀) ပါဝင်တဲ့ မြို့ကောင်စီကအုပ်ချုပ်တယ်ဆိုရာမှာလည်း၊ တကယ့် လက်တွေ့မှာ လူ ၅၀ စီပါတဲ့ မျိုးနွယ်စု အသီးသီး က တနှစ်ပတ်လုံး ၃၅ ရက်စီ အလှည့်ကျ အုပ်ချုပ် ပြီး သမတ္တ ဆိုတာကလည်း အလှည့် ကျတနှစ်မှာ (၁၀) ဦးတက်နေတာဆိုတော့ အေသင် နိုင်ငံ အုပ်ချုပ်ရေး မှာ ဗဟိုကနေ တင်းတင်း ကျပ်ကျပ် အုပ်ချုပ်တာ မရှိဘူး။ တစုံတဦး က မင်းစိုးမင်းညစ် တဦးဖြစ်လာရလောက်အောင် သြဇာ အာဏာ အလွန့်အလွန် ကြီးမားလာ တယ်လို့ အထင်ခံရ ရင် လည်း မြို့လုံးကျွတ်ညီလာခံ ကနေ အဆိုတင် သွင်းပြီး ပြည်နှင်ဒဏ်ပေးနိုင် တဲ့ ဥပဒေကလည်းရှိနေတယ်။

အေသင်စစ်တပ်ရဲ့ ဗိုလ်ချုပ်တဦး ဖြစ်တဲ့ Pericles (ပဲရီကလီးစ်) ကတော့ အေသင်ရဲ့ ဒီမိုကရေစီ ကိုဆက်လက်ထိမ်းသိမ်းရင်း အများကြိုက် မူဝါဒတွေ နဲ့ အတူ အေသင်မြို့ ရဲ့ ဂန္ခ၀င်မြောက် ပါသီနွန် အဆောက်အဦး အပါအ၀င် တခြား ရင်သပ်ရှုမောဘွယ်ရာ သမိုင်းဝင် အေသင်ရဲ့ အထင်ကရ ဆောက်အဦးတွေကိုတည်ဆောက်ပြီး စာပေ အနုပညာ ပြဇတ် စသည်တို့ကို ပါ မြှင့် တင်ရင်း သူ့ရဲ့သြဇာ ကို တည်ဆောက် နိုင်ခဲ့တယ်။ သူပိုင်ဆိုင်ရရှိခဲ့တဲ့ ဘိုးဘွား ပိုင် အမွေအနစ်တွေ တနင့်တထောကြီး ရှိထားတော့ အေသင် မြို့ ရဲ့ ဘဏ္ဍာ တော် ငွေတွေနဲ့ သူ့ရဲ့ အေသင်မြို့လှပရေး၊ ဂုဏ်ကျက်သရေ နဲ့ ပြည့်စုံစေရေး အတွက် ပြုလုပ်တဲ့ ဆောက်လုပ်ရေး ပရိုဂျက် တွေ နဲ့ ပတ်သက်ပြီး မြို့လုံးကျွတ်ညီလာခံမှာ အပြင်းအထန် ဝေဖန် ကန့်ကွက် လာသူ တွေ ရှိလာတော့ သူက သူ့ ကိုယ်ပိုင် ငွေနဲ့ ပဲ ဒီ ပရိုဂျက်တွေ ကိုဆောက်လုပ် သွားဖို့ တန်ပြန် အဆိုတင်သွင်း လိုက် တယ်။ ပြည်သူတွေကလည်း သဘောတူ လက်ခံလိုက်တဲ့အပြင် ဒီ ဆောက်လုပ် ရေး ပရိုဂျက်တွေ ကြောင့် အလုပ်အကိုင် တွေရရှိလာ ကြ တဲ့ အေသင် မြို့သားတွေအပေါ်မှာ ရော အလှည့်ကျ သမတ္တ တွေအပေါ်မှာပါ Pericles ရဲ့သြဇာဟာကြီးထွားလာတယ်။ Pericles ရဲ့ အများပြည်သူကြိုက် လုပ်ငန်းတွေအများကြီးထဲကနေ နောက် ဥပမာ တခုအားဖြင့် ပြောရရင် အေသင်ရဲ့ အထင်ကရ ပြဇတ်ကြီး တွေကိုလည်း ပြည်သူတွေ အခမဲ့ ၀င်ကြည့်နိုင်အောင် နိုင်ငံ့ ဘဏ္ဍာတော်ငွေ ထဲကနေ ကျခံပေးဖို့ အဆိုတင်သွင်းခဲ့တယ်။ အောင်လည်း အောင်မြင်ခဲ့တယ်။

ဒီလိုနဲ့Pericles ဟာ ညီလာခံမှာ ပြည်သူတွေရဲ့ ဆန္ဒ ကိုရယူပြီး အေသင် ဒီမိုကရေစီကို တမျိုးတဖုံပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်။ Pericles ရဲ့ခေတ် မှာ ပြည်သူတွေ ဟာ တရားဥပဒေအောက်မှာ တန်းတူမှု နဲ့ အခွင့် အလန်း တွေ တန်းတူမှုကို ရရှိခဲ့ကြ တယ်လို့ဆိုပါတယ်။ တရားဥပဒေအောက်မှာ တန်းတူမှု ရှိအောင် တရားရေးကိစ္စတွေမှာ ကျွန်တွေ နဲ့ နိုင်ငံခြားသားတွေ ဟာ သူ့တို့ကိုယ်စား သူတို့ကို အကာအကွယ်ပေးမဲ့ စောင့်ရှောက်သူတွေထားရှိစေတယ်။ အခွင့်အလန်း တန်းတူမှု ဆိုတာကတော့ လူတိုင်းဟာ အရာရာ မှာ အခွင့် အရေး တန်းတူတယ်ရယ်လို့မဟုတ်ပဲ၊ အုပ်ချုပ်ရေး မှာ ပြည်သူတွေပါဝင်နိုင်ဖို့အတွက် ချမ်းသာ ကြွယ်ဝမှုကိုအခြေမခံပဲ အရည်အချင်း၊ အစွမ်းအစ အစရှိတဲ့ ထိုက်တန်မှု ကိုခြေခံစေတာဖြစ်တယ်။ တနည်းအားဖြင့် အကောင်းဆုံး အတော်ဆုံးလူတွေကို ရွေးကောက်စေတာဖြစ်တယ်။ လက်တွေ့မှာ အတော်ဆုံး လူကို ဂရိဘာသာစကားနဲ့ aristoi (the best one man) လို့ခေါ်တယ်။ အဲဒီ aristoi ဆိုတဲ့ ဂရိ ဝေါဟာရ ကနေပဲ aristocracy ခေါ်တဲ့ မင်းစိုးရာဇာ အုပ်စိုးတဲ့ စနစ် ဆိုတဲ့ စကားလုံး ပေါ်ပေါက် လာတာဖြစ်တယ်။ အဲဒီတော့ ရှေးဟောင်း ဂရိ ခေါ်မ သမိုင်းပညာရှင်တွေကပဲ Perciles ကို the first citizen of Athens အေသင်ရဲ့ ထိပ်တန်း နိုင်ငံသား အဖြစ်မှတ်တမ်းတင်ခဲ့ကြတယ်။ ဂရိခေါ်မခေတ် သမိုင်းပညာ ရှင် Thucydides (သူးစီးဒီးတီးစ်) ကမှတ်တမ်း တင်ရာမှာ Pericles ခေတ် အေသင်ဒီမိုကရေစီဟာ “သီအိုရီအရ ဒီမိုကရေစီဖြစ်ပေမဲ့ လက်တွေ့မှာ အေသင်နိုင်ငံ ရဲ့ ထိပ်တန်းနိုင်ငံသား ကအုပ်ချုပ်တဲ့စနစ် ဖြစ်ပါတယ်” လို့ဆိုခဲ့ပါတယ်။ ဆိုတော့ ဘီစီ ၅၀၀ ၀န်းကျင် မှာ Cleisthenes ကစတင်ခဲ့တဲ့ အေသင်ဒီမိုကရေစီဟာ ဘီစီ ၄၃၀ ကစပြီး Pericles (ပဲရီကလီးစ်) ရဲ့ခေတ်မှာ မင်းစိုးရာဇာ အုပ်ချုပ်တဲ့စနစ်ဖြစ်သွားတယ်လို့ဝေဖန်ထားပါတယ်။

သို့ပင်ငြားလည်း ခေတ်သစ်သမိုင်းပညာရှင်တွေကတော့ Pericles ရဲ့ခေတ်ကို အေသင်ဒီမိုကရေစီ ရဲ့ရွှေခေတ်လို့သုံးသပ်သူ ရှိသလို အဆိုး အကောင်း ရှုထောင့် အမျိုးမျိုး ကနေ ချည်းကပ်ဝေဖန်ကြပါတယ်။ Pericles ရဲ့ခေတ်ကို အေသင်ဒီမိုကရေစီရဲ့ရွှေခေတ်လို့ တင်စားစရာတွေ ကလည်း အများကြီးရှိနေပါတယ်။ လူ ၅၀၀ ပါဝင်တဲ့ မြို့အုပ်ချုပ်ရေးကောင်စီ နဲ့ မြို့ညီလာခံတွေဟာ Pericles ရဲ့ခေတ် မှာ ဆက်လက် ရှင်သန် နေခဲ့တယ်။ ဒီ ကောင်စီနဲ့ ညီလာခံတွေမှာ အကောင်းဆုံး အစိုးရဟာဘယ်လိုဟာမျိုးလဲ? ကောင်းမွန် တဲ့ လူ့ဘ၀ဆိုတာ ဘယ်လိုဟာ လည်း စသည်ဖြင့် အကြောင်းအရာစုံ ကို ငြင်းခုံဆွေးနွေးကြပြီး Pericles ခေတ်မှာ အတွေးအခေါ် ပညာရှင်တွေ လည်းထွန်းကား ခဲ့ တယ်။ အထုးသဖြင့် သူတို့ ဆွေးနွေးတဲ့ အရာတွေထဲမှာ စစ်နဲ့ ငြိမ်းချမ်းရေးအကြောင်းတွေက တော်တော်အခရာကျခဲ့ပါတယ်။ ငြိမ်းချမ်းရေး နဲ့ စစ်ရေးစစ်ရာ မှာ အရင်ကလို ဘုရင်တဦးထည်း ကဆုံးဖြတ်တာမျိုးမဟုတ်ပဲ စစ် ကြေညာ တဲ့ အမှုကို မြို့လုံးကျွတ်ညီလာခံကသာ ပြုလုပ်ခွင့်ရှိတယ်။

မို့ညီလာခံကလည်း Pericles အဆိုတင်သွင်း သမျှကို အလွယ်တကူလက်ခံခဲ့တာများပါတယ်။ သူ့ခေတ်သူ့အခါမှာ Pericles ဟာ အေသင်မှာ ရှိခဲ့ဘူးတဲ့ တခြား ဘုရင်တွေထက်ကို သြဇာအာဏာရှိနေခဲ့တယ်။ အကြောင်းရင်းကတော့ သူ့ကိုကြောက်ကြလို့မဟုတ်ပဲ၊ သူပြော တဲ့စကားတွေဟာ ရှင်းရှင်းလင်းလင်းရှိလှပြီး၊ အကျိုးအကြောင်း အင်မတန် ဆီလျော် ညီညွတ်လေ့ရှိတဲ့အပြင် Pericles ဟာ သူ့ ကိုယ် ကျိုးအတွက် လုပ်နေတာမနဟုတ်ပဲ မြို့ ရဲ့ တိုးတက်ရာတိုးတက်ကြောင်းနဲ့ အေသင် မြို့ ရဲ့ ဂုဏ်ရောင်ပြောင်ဖို့အတွက် ကိုယ်ကျိုး စွန့်ပြီး ဆောင်ရွက်နေသူအဖြစ် အများ တကာက သိမြင် ကြလို့ဖြစ်တယ်။ သူအဆိုတင်သွင်း သမျှ ကို မြို့သားတွေ က အလွယ် တကူ သဘောတူလက်ခံ လာ ရလောက်အောင် အတ္တစိတ်ကင်းမဲ့ပြီး၊ ကိုယ်ကျိုးစွန့်နိုင်သူတဦးအဖြစ် ဂုဏ်ရောင် ပြောင်တဲ့ အပြင် သူဟာ စစ်ရေးမှာ အင်မတန်ကျွမ်းကျင်သလို ငြိမ်းချမ်းရေး ကာလမှာ သူ့လုပ်ဆောင်ချက်တွေကလည်း ညဏ် အမျှော်အမြင် ကြီးမားတဲ့ ပညာရှိ တဦး ဖြစ်တယ်။ ဒါပေမဲ့ သူ့မှာ ရန်သူတွေရှိခဲ့တယ်။ Pericles (ပဲရီကလီးစ်) ဟာသူ့ရဲ့အဆင့်မြင့်တဲ့ ရာထူးနဲ့ မတန်တဆ မလိုက်ဖက်တဲ့ အပြုအမူမျိုး ကို ဘယ် တော့ မှမလုပ်ခဲ့တဲ့အပြင် လူတွေကိုလည်း မြှောက်ပင့်တာမျိုး၊ သူ့ရန်သူတွေကိုဖိနှပ်တာမျိုး ဘယ်တော့မှမလုပ်ခဲ့ဘူး။ တိုင်းပြည်ရဲ့ဘဏ္ဍာတော်ငွေတွေကို သူ့စိတ်ကြိုက်လက်လှမ်းမှီသည့်တိုင်အောင် ဘယ်သောအခါမှ သူ့ ကိုယ်ကျိုး အတွက် အလွဲသုံးစားမလုပ်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အေသင်မြို့သားတွေကတော့ Pericles ကို စံပြ ဂရိလူမျိုး တဦး အဖြစ် လေးစားကြတယ်။

Pericles ကိုယ်တိုင်ကလည်း ဂီတ အနုပညာ နဲ့ အတွေးအခေါ် ပညာရပ်တွေကို ဆရာကြီးသမားကြီးတွေဆီမှာ သင်ယူဆီးပူး ခဲ့ ဘူးသူဖြစ် တယ်။ စာပေ နဲ့ အနုသုခုမပညာ အမျိုးမျိုး ကိုလည်း ခုန်မင် ခင်တွယ် လေးစားမြတ်နိုး တဲ့ အလျောက် သူ့ခေတ်မှာ အသက်ဝင်လှတဲ့ဂန္ခ၀င်မြောက်ပန်းချီပန်းပုပညာတွေလည်းထွန်းကားခဲ့တယ်။

ကမ္ဘာ့ ဗိသုကာ သမိုင်းမှာ မှတ်ကျောက်အတင်ခံရပြီး အေသင် နဲ့ ဂရိခေါမရဲ့ ဂုဏ် ရောင် တွေ ပြောင်စေတဲ့ ပါသီနွန်အပါအ၀င် အဆောက်အဦးတွေ အမြောက်အမြား ကို အေသင်ရဲ့ Acropolis ခေါ် မြို့ရိုးတံတိုင်းတွေနဲ့ အလုံအခြုံ ကာကွယ်ထားတဲ့ မြို့ရဲ့ ဗဟိုမှာ တည် ဆောက် နိုင်ခဲ့တာကြောင့် နောင် ဥရောပတခွင် မှာ အေသင်ရဲ့ ဒီမိုကရေစီစနစ်သာမက အေသင်ရဲ့ ဗိသုကာ ပညာ တွေ၊ စာပေတွေ ဂီတာ၊ ပန်းချီ၊ ပန်းပုအစရှိတဲ့ အနု သုခုမ ပညာတွေ ဟာ ဥရောပ ယဉ်ကျေးမှု တခုလုံးအတွက် ခိုင်မာတဲ့ အခြေခံ အုပ်မြစ်တခု ချပေး နိုင်ခဲ့တယ်။

Pericles ကြီးစိုးအုပ်ချုပ်ခဲ့တဲ့ ပထမ (၁၅) နှစ်တာ ကာလအတွင်းမှာ ဂရိ နိုင်ငံ နဲ့ အနီးဝန်းကျင် မှာ စစ်ပွဲတွေမရှိပဲ ငြိမ်းငြိမ်း ချမ်းချမ်း ရှိနေခဲ့ တာကြောင့် လည်း Pericles ဟာသူ့ရဲ့ ဆောက် လုပ် ရေး ပရိုဂျက်တွေကို အနှောက်အယှက်မရှိ တည် ဆောက် နိုင်ခဲ့တယ်။ အေသင် ဒီမိုကရေစီ ဟာလည်းပဲ အထွပ်အထိပ် ကိုရောက်နိုင်ခဲ့ တဲ့ အ လျောက် အနီးအနား က ပါးရှား နဲ့ စပါတာ အစရှိတဲ့ ရန်ကို စိုးရိမ် နေကြရတဲ့ တခြား ဂရိ နိုင်ငံငယ်အမြောက်အမြား ကို ပါရှားရန်ကို ကာကွယ် ဖို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ စည်းရုံး သိမ်းသွင်းနိုင်ခဲ့ ပြီး သူတို့ရဲ့ ဦးဆောင်မှု အောက်မှာ Delian League ခေါ် နိုင်ငံပေါင်းစု သမဂ္ဂ ကိုဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီသမဂ္ဂအဖွဲ့ဝင်နိုင်ငံငယ်တွေ ရဲ့ ဘဏ္ဍာ တော်ငွေတွေ ကိုပါ အသုံး ပြု ပြီး Pericles ဟာ အေသင်မြို့ ကို ခမ်းနားသထက်ခမ်းနား ကြီးကျယ် အောင်ပြုပြင် မွမ်းမံ တည်ဆောက်ခဲ့တဲ့အပြင် Delian (ဒီးလျန်) League အဖွဲ့ ၀င် နိုင်ငံတွေကို အေသင်ရဲ့ အင်ပါယာ အဖြစ်တည်ဆောက်နိုင်ခဲ့တယ်။ Pericles ရဲ့ခေတ်မှာ အထင်ကရ ပြဇတ်ရေးဆရာ အကျော်အမော်တွေ၊ ဆေးပညာပိုင်းဆိုင်ရာ နဲ့ သမိုင်းပညာရှင် အကျော်အမော်တွေ ပေါ်ထွန်းခဲ့တဲ့အပြင် ဆော့ကရေးတီးစ် (Socrates)၊ ပလေတို (Plato) အစရှိတဲ့ ကမ္ဘာ့ ဂန္ခ၀င်မြောက် အတွေးအခေါ် ပညာရှင်ကြီး တွေပါ ပေါ်ထွန်း ခဲ့ပါတယ်။ တခြား ကမ္ဘာ့ ဂန္ခ၀င်မြောက် အတွေးအခေါ် ပညာရှင်ကြီး တဦးဖြစ်တဲ့ အာရစ္စတိုတယ် (Aristotle) ဟာ ဂရိ နိုင်ငံမြောက်စွန်းပိုင်း မာစီဒိုးနီးယား က ဖြစ်ပေမဲ့ အေသင်မြီု့ ပလေတိုရဲ့ ကျောင်းမှာ ပညာစည်းပူးခဲ့ တဲ့ပလေတိုရဲ့ တပည့် အရင်း တဦး ဖြစ်တယ်။ အေသင်ဟာ အဲဒီခေတ် ဂရိခေါမ တ၀ှမ်းမှာ သြဇာ အရှိဆုံး ဂုဏ်ရောင်အပြောင်ဆုံး မြို့နိုင်ငံ ဖြစ်ခဲ့တယ်။ ဘီစီ ၄၉၀ နဲ့ ၄၇၄ အတွင်း ဂရိတွေဟာ ပါးရှားနဲ့ စစ်ခင်းကြတယ်။ အေသင်ဟာ စစ်ရေးအင်အားကြီးထွားလာတာနဲ့အမျှ သူတို့ရဲ့ မဟာရန်သူ စပါတာကလည်း အေသင်ရဲ့ အောင်မြင်နေတဲ့ ဒီမိုကရေစီ စနစ်ရဲ့ လွမ်းမိုးမှုကို စိုးရိမ်လာတယ်။ ဒီတော့ စပါတာ က Peloponnesian League ခေါ် သူဦးဆောင်တဲ့ ဂရိ မြို့ နိုင်ငံတစုကို ဖန်တီးပြီး Delian သမဂ္ဂ ကို ဦးဆောင်တဲ့ အေသင် ရဲ့ နယ်မြေချဲ့ထွင်မှုနဲ့ လွမ်းမိုးမှု ကို စိန်ခေါ်ခဲ့တယ်။ ဘီစီ ၄၃၁ ကနေ ၄၀၄ အထိ စပါတာ နဲ့ အေသင် တို့ စစ်ခင်းကြပြီး အေသင်မြို့ဟာ စပါတာ ရဲ့ လက်အောက်ကိုကျရောက်ခဲ့တယ်။ အေသင် ရဲ့ ဂရိ တ၀ှမ်း လွမ်းမိုးမှုတွေ အဆုံးသတ်ခဲ့တဲ့အပြင် အေသင်ဒီမိုကရေစီ ဟာလည်းပဲ ဒီမှာ တင် အဆုံးသတ်ခဲ့ပါတယ်။

ခေတ်သစ်သမိုင်းသုတေသီတွေကတော့ အေသင်ရဲ့ ကျဆုံးခမ်းဟာ အေသင်ရဲ့ နယ်ချဲ့ဝါဒကြောင့် လို့သုံးသပ်ကြတယ်။ အေသင် အင်ပါယာကို လောဘ တကြီးထူထောင် နိုင် ခဲ့ပေမဲ့ ဒီမိုကရေစီ နဲ့ လွတ်လပ်ခွင့် တွေကိုတော့ သူ့ရဲ့ လက်အောက်ခံ တခြား ဂရိ နိုင်ငံ ငယ်တွေမှာ တဖက်သတ် နှိပ်ကွက် ထားပြီး အင်ပါယာ ပိုင်ရှင်ဖြစ်တဲ့ အေသင်မှာ သာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေကွက်ပြီး ရှင်သန် စေခဲ့တာ ကြောင့် ဖြစ် တယ်လို့ဆိုတယ်။ တနည်းအားဖြင့် အေသင်ဟာ သူ့ရဲ့ ဒီမိုကရေစီစနစ် ကိုသူ့အင်ပါယာ တ၀ှမ်းမှာ မတင်ပို့ ခဲ့ တဲ့ သူတို့ ရဲ့ မာန ဂုဏ် နဲ့ အပေါ်စီး ကနေ တခြားမျိုးတူ ဂရိ နိုင်ငံငယ်တွေ ကို ဗိုလ်ကျ စိုးမိုး ခဲ့တဲ့ အတွက် Delian League ကို စည်းလုံး ညီညွတ်ပြီး ခိုင်မာတဲ့ မဟာမိတ် သမဂ္ဂ အဖွဲ့အဖြစ် မထူထောင်နိုင်ခဲ့ဘူး။ နောက်ဆက်တွဲအနေနဲ့ အေသင်အင်ပါယာ ကို ပုန်ကန်ခြားနားတဲ့ ပြည်တွင်း စစ်တွေ ဖြစ်ခဲ့တဲ့ အချက်ဟာ အေသင်ရဲ့ ကျဆုံး ခမ်း အတွက် အခရာ ကျတယ် လို့ သုံး သပ် တာဖြစ် တယ်။

တခြားသမိုင်းသုတေသီတွေကတော့ အေသင်ရဲ့ ကမ္ဘာသူကမ္ဘာသားတွေအတွက် ချန်ထားခဲ့တဲ့ ရာသက်ပန် တည်တန့်သွားမဲ့ အမွေအနှစ်ကတော့ အေသင် ရွှေခေတ်ရဲ့ လူသားဝါဒပဲဖြစ်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ဟာ ဒီနေ့ (၂၁) ရာစု နဲ့ ဒီရာစု အလွန်ကာလတွေအထိ ဆက်လက်ရှင်သန်နေဦးမဲ့ အေသင်ဒီမိုကရေစီ စနစ်ရဲ့ ကောင်းမွေတခုပဲဖြစ်ပါတယ်။ Pericles (ပဲရီကလီးစ်) ကိုလည်းပဲ ရှေးဟောင်းဂရိ ရဲ့ စံပြ နိုင်ငံ့ ခေါင်းဆောင်တဦး အဖြစ်လည်း တင်စားကြပါတယ်။

အဲဒီနောက်ပိုင်း ခရစ်တော် မပေါ်မီကာလ နဲ့ ခရစ်တော်ပေါ်ပြီး ကာလ တွေ အတွင်း ဂရိနိုင်ငံမှာ ကြီးမားတဲ့ နိုင်ငံရေး အလှည့် အပြောင်း တွေ ပေါ် ပေါက် ခဲ့တယ်။ ဂရိလူမျိုး တွေထဲ မှာ အရိုင်းအစိုင်း တွေအဖြစ် အသတ်မှတ် ခံရတဲ့ ဂရိနိုင်ငံမြောက်ပိုင်း မာစီဒိုးနား ဒေသက မျိုးနွယ်စု တွေ ထဲကနေ ဂရိ နိုင်ငံ တခုလုံး ကို စုစည်းပေးမဲ့ ဖိလစ်ဘုရင် ပေါ်ထွန်းခဲ့တယ်။ ဖိလစ်ဘုရင်သေဆုံးတော့ သူ့သား Alexander the Great ကသူ့အဖေရဲ့ အရိုက်အရာကိုဆက်လက် ခံယူခဲ့တယ်။ ဘီစီ ၃၃ဂ ခုနှစ်မှာ အေသင်ဟာ မစီဒိုးနီးယားရဲ့ လက်အောက်ကို စပါ တာ အပါအ၀င် တခြားဂရိ မြို့ နိုင်ငံတွေနဲ့ အတူ ကျရောက်ခဲ့ပြီး League of Corinth ခေါ် မာစီဒိုးနီးယားဦးဆောင်တဲ့ ဂရိနိုင်ငံ ပေါင်းစု သမဂ္ဂ မှာပါဝင်ခဲ့ရတယ်။ League of Corinth ကို ပါးရှားရန်ကိုကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းခဲ့ သလို ဂရိမြို့နိုင်ငံ တွေ က လည်း ပါးရှား ကိုအံတုရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်လို့ဆိုတယ်။ Alexander the Great ရဲ့ဦးဆောင်မှု နဲ့ အဲဒီခေတ်အဲ ဒီ ကာလ ကမ္ဘာ့ အကြီးဆုံးအင်ပါယာဖြစ်တဲ့ ပါးရှားအင်ပါယာ ကြီး ကိုအောင်နိုင်ခဲ့တဲ့အပြင် Alexander the Great ဟာ အန္ဒိယ အပါ အ၀င် အာရှ ကိုပါကျူးကျော်သိမ်းပိုက်နိုင်ခဲ့တယ်။ Alexander the Great သေဆုံးပြီး တဲ့နောက်ပိုင်းမှာ သူ့ရဲ့အင်ပါယာဟာ (၄) ပိုင်းကွဲသွားခဲ့တယ်။

ဘီစီ ၁၄၆ မှာတော့ မာစီဒိုးနီးယား ဟာ ရောမအင်ပါယာ ရဲ့ပြည်နယ်တခုဖြစ်ခဲ့ရတယ်။ တခြားဂရိ နိုင်ငံတွေကတော့ ရောမရဲ့ အဆောင့် ရှောက်ခံ နိုင်ငံတွေဖြစ်ခဲ့ပေမဲ့ ဘီစီ ၂၇ မှာတော့ ရောမအင်ပါယာ လက်အောက်ကို လုံးလုံး လျားလျား ကျရောက်ခဲ့ကြပါတယ်။ ရောမတွေက စစ်အင်အား အရ သာစီး ရ လို့သာ ဂရိကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ ဂရိ တို့ရဲ့ လျမ်းလျမ်းတောက် ယဉ်ကျေးမှုတွေကိုတော့ အားကျ နှစ် သက် ခုန်မင်ခဲ့ကြပြီး ဂရိ ယဉ်ကျေးမှု ဟာ ရောမ အင်ပါယာ ကို နက်နက် ရှိုင်းရှိုင်း လွမ်းမိုးနိုင်ခဲ့တယ်။ ဒီအချက်ကို ရောမခေတ် နာမည် ကြီး ကဗျာ ဆရာ ကြီး ဟိုးရေးစ် (Horace) က ကွက်ကွက်ကွင်းကွင်းဖေါ်ပြနိုင်ခဲ့တယ်။ သူက “ဂရိ ဟာ အသိမ်းပိုက်ခံခဲ့ရပေမဲ့၊ သူ့ကို အောင်နိုင် ခဲ့တဲ့ အရိုင်းအစိုင်းတွေကို အကျဉ်းချနိုင်ခဲ့တယ်” လို့မှတ်ချက်ချခဲ့တယ်။

ခရစ်တော်ပေါ်ပြီးနောက်ပိုင်း မှာ ခရစ်ယန်ဘာသာ ကို ဥရောပ မှာ စတင်ဖြန့်ဖြူးခဲ့ကြတဲ့ ခရစ်တော်ရဲ့ နောက်လိုက်သာဝက တွေထဲက သံပေါလု အစရှိတဲ့ ရှေးဦး ခရစ်ယန်ခေါင်းဆောင်တွေဟာ ဂရိနိုင်ငံသားတွေ မဟုတ်ကြပေမဲ့ ဂရိဘာသာစကားကိုတတ်ကျွမ်းကြတယ်။ ရှေးအကျဆုံး ခရစ်ယန် သမ္မာကျမ်း စာအုပ်တွေ ကိုလည်း ဂရိ ဘာသာစကား နဲ့ ရေးသားခဲ့ကြတယ်။

၁၄၅ဂ ခုနှစ်မှာတော့ ဂရိနိုင်ငံဟာ အိုတိုမန်အင်ပါယာ ရဲ့လက်အောက်ကိုကျဆင်းခဲ့တယ်။ ၁၈၃၄ ခုနှစ်မှာ ဂရိတော်လှန်ရေး အားဖြင့် အိုတိုမန်အင်ပါယာ ကနေ ဂရိနိုင်ငံ လွတ်မြောက်လာတဲ့ အပြီးမှာ အေသင်ရဲ့ ပြောင်မြောက် ပြီးစိတ်လှုပ်ရှား စရာ ရှေးဟောင်း သမိုင်းနောက်ခံ တွေကိုအခြေခံပြီး အေသင်မြို့ ကို ခေတ်သစ် ဂရိနိုင်ငံရဲ့ မြို့တော်အ ဖြစ် သတ်မှတ်ခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ် ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် ဂရိခေါမ ဂန္ခ၀င် ခေတ်က အေသင်ရဲ့ ဒီမိုကရေစီ ရွှေခေတ်ဟာ နောင်ရာစုနှစ်ပေါင်း များစွာအထိ ဒီမိုကရေစီနဲ့ လူ့ဂုဏ်သိက္ခာ အတွက် ဆက်လက် တိုက်ပွဲ ၀င်ကြဦးမဲ့ လူသားမျိုးဆက်နဲ့ ကမ္ဘာ့ပြည်သူတွေ အတွက် မကုန်နိုင်မခမ်းနိုင်တဲ့ စွမ်းအား အမွေအနစ်တွေကိုတော့ ဆက်လက်ပေးဆောင် နေဦးမှာဖြစ် တဲ့အကြောင်းတင်ပြရင်း ကျွန်တော်များ Vansangva ၀ိုင်းတော်သားများ က ရှည်လျားပြီး ရှုပ်ထွေးတဲ့ အေသင် ဒီမိုကရေစီ ရဲ့ သမိုင်း ကို အကျဉ်းရုံး ပြီး ဖေါ်ပြလိုက်ပါတယ်။ နောက်အပိုင်းမှာ ကျွန်တော်တို့ ဒီနှစ်ပေါင်း နှစ်ထောင်ကျော်လောက်က ပေါ်ထွန်းခဲ့တဲ့ ဒီအေသင်ဒီမိုကရေစီအကြောင်းကို က ဘာဖြစ်လို့ Vansangva စာဖတ် ပရိသတ်နဲ့ နားသောတရှင်များ ကို တင်ပြဆွေးနွေးခဲ့သလဲဆိုတာကို နိဂုံးချုပ်အနေ နဲ့ အကျယ်တ၀င့် ဆွေးနွေး တင်ပြသွားပါမယ်။

Advertisements

Written by mike16os

October 17, 2012 at 9:11 pm

Posted in Athen History