Just Another Wordpress Blog

Just another WordPress.com weblog

အေသင်မြို့ နိုင်ငံ မှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း အပိုင်း(၅)

ရှေးဟောင်း အေသင်မြို့ နိုင်ငံရဲ့ စစ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး
ရှေးဟောင်း ဂရိခေါမခေတ်မှာ စစ်ဖြစ်လာရင် တိုင်းသူပြည်သားတွေကို စစ်ထဲဝင်ဖို့ ဆင့်ခေါ်တာမျိုးမရှိဘူး။ စစ်တိုက်ကြရာမှာလည်း စစ်သားအဖြစ်နဲ့ လခကို မမျှော်မှန်းကြဘူး။ စစ်သားဘဝ ဆိုတာ ချမ်းသာ ကြွယ်ဝဖို့ အတွက် လမ်းပွင့်တယ်လို့တောင် မြင်ကြတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်ပိုင်မြင်း၊ ကိုယ်ပိုင်ရထား၊ ကိုယ်ပိုင် လက်နက်၊ ကိုယ်ပိုင်သံချပ်ကာ င်္အကျီ စသည် တို့ကို ဝယ်နိုင် ခြမ်းနိုင် တပ်ဆင်နိုင်တဲ့ ချမ်းသာ ကြွယ်ဝသူတွေကို အေသင် အတွက် စစ်တိုက်ပေးဖို့ အများစုက မျှော်လင့် ထားကြတာဖြစ်ပြီး သူတို့တွေက စစ်တိုက်ရင်း သိမ်းပိုက် နယ်မြေက အဖိုးတန် ပစ္စည်းတွေကို တိုက်ယူ သိမ်းပိုက်ကြပြီး ပိုလို့တောင် ချမ်းသာ လာနိုင်ကြတာကြောင့် ဖြစ်တယ်။ ဆိုလိုတာက အဲဒီခေတ်မှာ နိုင်ငံကို ကာကွယ်ဖို့ အမြဲတမ်း ကြေးစား တပ်တွေ မရှိသေးပါဘူး။ ကိုယ့်လက်နက်နဲ့ ကိုယ် ကိုယ့်ဖာသာ တပ်ဆင်ပြီး စစ်တိုက်ကြရတာမို့ မြင်းတို့၊ ရထားတို့ လက်နက်တို့ကို သူဌေး သူကြွယ်တွေကသာ ဝယ်ယူတပ်ဆင် ပိုင်ဆိုင်နိုင် တာဖြစ်တယ်။

ဒါပေမဲ့ စစ်တိုက်ဖို့ အတွက် လူမလုံမလောက် ဖြစ်လာရင်တော့ မင်းစိုးရာဇာ သူဌေး သူကြွယ်တွေရဲ့ မြင်းတပ်တွေမှာ ပါဝင် တိုက်ခိုက်ကြဖို့ အတွက် သာမန် နိုင်ငံသားတွေ နဲ့ အင်အား ဖြည်းတင်းကြတယ်။ ဒီစစ်သားတွေကတော့ ကိုယ့်မိသားစု အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် အနိုင်နိုင် ရုန်းကန်ရတဲ့ လယ်သမားတွေဖြစ်တယ်။ သူတို့ တတွေဟာ စစ်ကိုဝင်တိုက်ရတဲ့ အခါကြတော့ ရန်သူ့ ပစ္စည်းတွေ ဓါးမြတိုက် သိမ်းပိုက်ခွင့် ရပေမယ့်၊ လယ်ယာ စိုက်ပျိုးရေးမှာ သူတို့ရဲ့ လုပ်အားတွေ အလိုအပ်ဆုံး အချိန်မှာ အချိန်မီ ပြန်ရောက် မလာနိုင်ရင် မိသားစုတွေ အတွက် ဝန်ထုတ် ဝန်ပိုးတွေက ကြီးထွားလာတော့တယ်။
ရှေးဟောင်းဂရိခေါမ တဝှမ်းမှာ စစ်တပ်ရဲ့ ခွန်အားဟာ မြင်းတပ်ပေါ်မှာ မှီတည်းနေရတာ ဆိုတော့ မြင်းတို့ လှည်း တို့ကို ကိုယ်ပိုင် တပ်ဆင်နိုင်တဲ့ လူဂုဏ်တန် တွေက အလိုလိုနေရင်း တိုင်းပြည်ရဲ့ အာဏာကို ပိုင်ဆိုင်ခွင့် ရလာတာဖြစ်တယ်။ သူတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို စစ်ရေးမှာ ပုံအောထား ကြရတာ ဆိုတော့လည်း ဒီလိုပဲဖြစ်ရတော့မှာ ဖြစ်တယ်။ အေသင် မှာလည်း ဒီနည်း နှင်နှင်ပါပဲ။

အာရစ်တိုတယ်က မှတ်တမ်းတင်ထားရာမှာ “ရှေးခေတ် ဂရိ ခေါမ ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဘုရင်ပြီးရင် စစ်သားက အာဏာ အရှိဆုံး ဖြစ်တယ်။ မူလ အစပိုင်းကာလ စစ်တိုက်ရာမှာ မြင်းတပ်တွေက အခရာ ကျတယ်။ မြင်းတပ်တွေရဲ့ သူတို့ရဲ့ အရေးပါ အရာရောက်မှုက တော်တော်ကို အခရာ ကျခဲ့ပါတယ်။ ခြေလျင်တပ်ကို လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် တိုင်အောင် အသေအချာ စနစ် တကျ ဖွဲ့စည်းမထားရင် အဲဒီခြေလျင်တပ်ဟာ ဘာမှအသုံးမဝင်ဘူး။ ရှေးဟောင်း ခေတ်ကာလမှာ စစ်ရေးစစ်ရာ သေနင်္ဂဗျူဟာ အတတ်ပညာ တွေကလည်း မထွန်းကားသေးတဲ့ အခါကျတော့ မြင်းတပ်ရဲ့ အင်အားကို အားပြုပြီး စစ်တိုက်ခဲ့ကြရပါတယ်။ ဒါပေမဲ့ နိုင်ငံတွေက ကြီးထွားလာတာနဲ့ အမျှ သံချပ်ကာ ဝတ်တဲ့ စစ်သားတွေ တိုးပွားလာတယ်။ အဲဒီလို တိုးတက်ပြောင်းလဲလာတာနဲ့ အမျှ အစိုးရ အုပ်ချုပ်ရေး ပိုင်းမှာလည်း လူတော်တော်များများ ပါဝင်လာနိုင်ခဲ့တယ်။” ဆိုလိုတာကတော့ သံချပ်ကာဝတ် စစ်သားတွေ တိုးပွား လာတာနဲ့ အမျှ နိုင်ငံ့ အုပ်ချုပ်ရေးမှာ အာဏာ ချိန်ခွင်လျာ ကလည်း ထိုနည်းအတူ ပြောင်းလဲစ ပြုလာတာဖြစ်တယ်။ တနည်းအားဖြင့် အစဉ် တိုးပွားလာနေတဲ့ အဲဒီ မြင်းမစီးတဲ့ hoplite ခေါ် သံချပ်ကာဝတ် ခြေလျင် တပ်သားတွေဟာ လူ့အဖွဲ့အစည်းမှာ အရေးပါအရာ ရောက်လာတာ ဖြစ်တယ်။ နောက် တနည်းပြောရရင် အေသင်ရဲ့ သာမန်ပြည်သူ တွေဆီကိုပါ နိုင်ငံ့ အုပ်ချုပ်ရေး အာဏာတွေ ခွဲဝေ လာရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ hoplite ခေါ် သံချပ်ကာဝတ် စစ်သည်တော်တွေဟာ အေသင်ရဲ့ အဆင်းရဲတကာ့ အဆင်းရဲဆုံး ထဲကတော့ မဟုတ်ကြဘူး။ သံချပ်ကာ င်္အကျီတွေကို ကိုယ်တိုင်ဝယ်ယူ တပ်ဆင်နိုင်ဖို့ အတွက် ဒီ hoplite တွေမှာ လုံလောက်တဲ့ ကြွယ်ဝချမ်းသာမှုရှိရမှာ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တိုင်းပြည်ရဲ့ စစ်ရေးစစ်ရာမှာရော အုပ်ချုပ်ရေးမှာပါ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သာမန် ပြည်သူတွေဟာ ပိုပြီး ပါဝင်လာနိုင်တာဖြစ်ပါတယ်။ ပြင်ပကနေ ရန်သူတွေ ကျူးကျော် တိုက်ခိုက် လာရင် အရင်ဦးဆုံး စစ်ရဲ့ဒဏ်ကို ခံကြရတာကတော့ ပြည်သူအများစု နေထိုင်တဲ့ ကမ်းခြေ နဲ့ ကုန်းတွင်း မြေပြန့်ပိုင်းကလူတွေဖြစ်တယ်။

Cleistenes ဟာ စစ်တပ်ကိုပါ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တယ်။ အေသင်ရဲ့ မျိုးနွယ်စုတိုင်း ကိုယ်စီက hoplite တပ်ရင်း နဲ့ မြင်းတပ်ကို သီးခြားဖွဲ့စည်းစေပြီး၊ hoplite တွေရဲ့ အရည်အသွေးကို မိမိတို့ မျိုးနွယ်စု အလိုက် မြှင့်တင်ရတယ်။ ဒါပေမယ့် မြင်းတပ် အားလုံးရဲ့ အရည်အသွေးကိုတော့ မြို့အုပ်ချုပ်ရေး ကောင်စီ က ကြည့်ကျပ်စေ ပါတယ်။ ဒီစစ်သားတွေကိုလည်း သက်ဆိုင်ရာ မျိုးနွယ်စုထဲက စစ်ဗိုလ်ချုပ် တဦးဆီ ကနေ အုပ်ချုပ် ကွပ်ကဲ စေပါတယ်။ ပြည်သူ တွေကသာ အုပ်ချုပ်လာတဲ့ အေသင်မှာ လုံလုံခြုံခြုံ အကာအကွယ် တွေရှိတဲ့ မြို့ပေါ်ကနေ ဘုရင်လုပ်သူက စစ်နဲ့ ငြိမ်းချမ်းရေးကို သူ့သဘော နဲ့သူ ဆုံးဖြတ်တာမျိုး မရှိတော့ပဲ စစ်ရဲ့ အနိဌာရုံတွေကို တိုက်ရိုက်ကျကျ ခံစားကြရတဲ့ သာမန် ပြည်သူ တွေကပါ စစ်ရေးစစ်ရာမှာ ဆုံးဖြတ်ပိုင်ခွင့် ရလာတယ်။ စစ်တိုက်ဖို့ မတိုက်ဖို့ ဆိုတာ လူတဦးတယောက်တည်းက ဆုံးဖြတ်လို့ မရတော့ဘူး၊ မြို့သားအားလုံး ပါဝင်တဲ့ မြို့လုံးကျွတ် ညီလာခံ ကသာ စစ်ရေးစစ်ရာ ကိစ္စကို အဆုံးအဖြတ် ပေးနိုင်တာဖြစ်ပါတယ်။

နောက်အပိုင်းမှာ အေသင်ဒီမိုကရေစီ ကျဆုံးခန်းကို တင်ပြဆွေးနွေးပါမယ်။

Advertisements

Written by mike16os

October 4, 2012 at 9:54 pm

Posted in Athen History