Just Another Wordpress Blog

Just another WordPress.com weblog

အေသင်မြို့ နိုင်ငံ မှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက် လာပုံ သမိုင်းအကျဉ်း

အပိုင်း(၃)

Solon (c.640-c.559 B.C.)

ဘီစီ ၆၀၀ ၀န်းကျင်လောက်မှာ အေသင်မြို့ရဲ့လူဦးရေတိုးပွားနှုန်းနဲ့ အလျင်မီအောင် လယ်သမားတွေက စားနပ်ရိက္ခာ အလုံ အ လောက် မထုတ်လုပ်နိုင်တဲ့ အတွက်ကြောင့် အေသင်မြို့မှာ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှု တွေပေါ်ပေါက်ခဲ့ရတယ်။ စားနပ်ရိက္ခာ မလုံလောက်တဲ့အခါကြတော့ လယ်သမားတွေက သူတို့ ရဲ့ လယ်ယာမြေတွေ ကို တပိုင်းစီ ဖဲ့ရောင်းပြီး အစာရေစာ ၀ယ်ယူခဲ့ ကြရ တယ်။ ဒီလိုနဲ့ အကြွေး တွေ တင်လယ်ယာမြေတွေဆုံးရှုံးကြရပြီးချွတ်ခြုံကျတဲ့ အထိဖြစ်ခဲ့ကြရတယ်။ မြေယာမြေ ပိုင်ဆိုင်မှု ကလည်း လက် တဆုပ် စာ ရဲ့လက်ထဲမှာရှိပြီး လယ်ယာမြေ ငှားခမပေးဆပ်နိုင်သူတွေဟာ မြေရှင် တွေရဲ့ ကျေးကျွန်ဘ၀ကို ကျရောက် ကြရ တယ်။

ဒီ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ဟာ ဘီစီ ၅၉၄ မှာ အေသင်မြိုသားတွေက Solon ခေါ် အဆင့်မြင့် အရာရှိဟောင်းတဦးကို နိုင်ငံ့ အကျပ်အတည်း တွေ ကို ကိုင်တွယ် ဖြေရှင်းဖို့ အကြီးအကဲ အဖြစ် တင်မြှောက်လိုက်တဲ့ အခါမှာ အတော်အသင့် ပြေလည်မှု ရရှိသွားပါတယ်။ Solon ကသူတက်လာတဲ့အခါမှာ လယ်ယာ နဲ့ ပတ်သက်တဲ့ ကြွေးမြည် တွေအားလုံး ရှော်ပစ်လိုက်တဲ့ အပြင် အေသင်မြို့သား အချင်းချင်း ကျွန်ပြုမှုကို ဖျက်သိမ်း ပြီး လွတ်ငြိမ်းချမ်း သာ ခွင့်ပေး ပစ်လိုက်တယ်။ Solon ဟာ ပဋိပက္ခ တွေကို ငြိမ်းငြိမ်း ချမ်းချမ်း မျှမျှတတ ဖြေရှင်းလေ့ ရှိတယ်လို့ အများ ကယုံကြည် ကြတယ် လို့ဆို တယ်။ Solon ဟာ မျိုးနွယ်စုတွေ ဒေသတွေ လူတန်းစား တွေ နဲ့ ကွဲပြားနေတဲ့ အေသင်မြို့ ရဲ့ လူမှု အဖွဲ့အစည်း ကို လူတန်းစား(၄)ရပ် အဖြစ်ခွဲခြား ပေးတဲ့ အဖြေခံဥပဒေ ပြုပြင်ပြောင်း လဲရေး တရပ် ကိုစတင်ခဲ့တယ်။ အဲဒီလို လူတန်းစား(၄)ရပ်ခွဲ လိုက်တဲ့အခါမှာ မျိုးနွယ်စုကိုအခြေမခံပဲ သူတို့ရဲ့ နှစ်စဉ် လယ်ယာထွက်ပစ္စည်း ထုတ်လုပ်မှု အနည်းအများ ပေါ်မူတည် ပြီးခွဲ ခြား သတ်မှတ် လိုက် တာဖြစ်တယ်။ အဲဒီလိုလူတန်းစား (၄)ရပ်ထဲကနေ အမြင့် ဆုံးလူတန်းစား (၃) ရပ်ကို နိုင်ငံ့ အုပ်ချုပ်ရေးမှာ ပါဝင်စေတယ်။ Solon ရဲ့ အုပ်ချုပ်ရေး စနစ်ထဲမှာတော့ မိန်းမတွေ၊ ကလေးတွေ၊ ကုန်သည်တွေ၊ အနုပညာသည်တွေ၊ တနယ်တကျေးကပြောင်းရွှေ့နေထိုင်တဲ့ နိုင်ငံခြားသားတွေ၊ ထုတ်လုပ်မှု မြင့်မြင့်မားမားမရှိတဲ့ လယ်ယာမြေ မပိုင်ဆိုင်သူတွေနဲ့ ပြင်ပကကျွန်တွေ ကို တော့ ပါဝင်ခွင့်မပေးခဲ့ဘူး။
Solon ရဲ့ ပြုပြင်ပြောင်းလဲရေး ဟာ တာရှည်မခံခဲ့ပေမဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ နောင်မှာ အေသင် တိုက်ရိုက် ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ အခြေခံအုပ်မြစ်အဖြစ် လေ့လာသူတချို့က ယူဆ ကြတယ်။ Solon ရဲ့အခြေံဥပဒေ ပြုပြင်ပြောင်းလဲရေး က အရင်က အောက်ကျနောက်ကျဖြစ်ခဲ့တဲ့ မိသားစုတချို့နဲ့ လူသစ်တချို့ ကို နိုင်ငံ့ အုပ်ချုပ်ရေးမှာ ပါဝင်လာနိုင်အောင်နဲ့ စီးပွားရေးမှာ လည်း နလံထူလာနိုင်အောင်ဆောင်ကျဉ်းပေးနိုင်ခဲ့သော်လည်း လယ်ယာမြေ ကိုအခြေခံတဲ့ အကျပ်အတည်းတွေကိုတော့ အဆုံးမသတ် ပေးနိုင် ခဲ့ပါဘူး။ အုပ်စုဖွဲ့ အကွဲအပြဲတွေကတော့ပြေပျောက်မသွားခဲ့ပါဘူး။ Solon တက်လာတဲ့ကာလမှာ ဂရိခေါ်မတ၀ှမ်းမှာ မင်းဆိုး မင်းညစ် တွေ စတင်ထွန်းကားစပြုနေပါတယ်။

အေသင်ရဲ့ မင်းဆိုးမင်းညစ်များ The Tyrants of Athen

အများအားဖြင့် မြို့နိုင်ငံတွေရဲ့ စစ်နဲ့ငြိမ်းချမ်ရေး ကိစ္စ တွေကို အုပ်စိုးသူဘုရင်တွေကသာ တဖက်သတ် ဆုံးဖြတ်ကြတယ်။  ဘီစီ ၅၆၁ မှာ Pisistratus (c.600-527 B.C.) ဆိုတဲ့ စစ်ခေါင်းဆောင် ဟောင်းတဦးက Solon ကိုဖြုတ်ချပြီး မင်းဆိုးမင်းညစ် တဦး အဖြစ် အေသင် ကို စတင် အုပ်ချုပ် ခဲ့တယ်။ သူသေဆုံးတဲ့ ဘီစီ ၅၂၇ အထိ သူဟာ သူ့နောက်လိုက် တချို့ကို ချမ်းသာတဲ့ မိသားစုတွေရဲ့ လယ်ယာမြေ တွေကိုသိမ်းပိုက်ပြီး လယ်ယာမြေ ဝေငှပေးကမ်း တဲ့နည်းနဲ့ သိမ်းသွင်းစည်းရုံးခဲ့တယ်။ ဒီ လိုနည်းနဲ့ သိမ်းသွင်းထားတဲ့ လယ်သမားတွေဟာ အေသင် ခေတ်ရဲ့ ခရိုနီတွေ ပဲ ဆိုကြ ပါဆို့။ Pisistratus ဟာ ကူးသန်းရောင်ဝယ်မှု နဲ့ လူထုလုပ်ငန်းတွေကိုပါ ကိုမြှင့်တင်ခဲ့တယ်။ ဘုရားကျောင်းတွေတည်ဆောက်ပြီး ဘာသာရေး အဆောက်အအုံ တွေကိုလည်း ပြုပြင်ခဲ့တယ်။ ဘာသာရေးပွဲတော်တွေကိုလည်း စတင်ကျင်းပပေးခဲ့တယ်။   ဘီစီ ၆ ရာစုရဲ့ အလယ်ပိုင်းလောက်မှာ အေသင်မှာ လူဦးရေ တိုးပွား လာတာ နဲ့အမျှ စီးပွားရေးပါတိုးတက်စပြုလာတယ်။ တကြိမ်ထည်းမှာလည်း နိုင်ငံသားတွေရဲ့ လူနေမှု အဆင့်အတန်း ဟာလည်းပဲ မြင့်တက်လာနေတယ်။ အချိန်ပိုတွေလည်းပိုရလာတာနဲ့အမျှ အရင် မျိုးဆက်တွေ နဲ့စာရင် အချင်းချင်း အကြား သတင်း ဖလှယ်မှု လည်း ပိုများလာပါတယ်။ Pisistratus လို မင်းဆိုးမင်းညစ် က သူ့ရဲ့ အာဏာကို အောက်ခြေ အထိ ဝေမျှပြီး ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကိုရယူလိုခဲ့တာမို့ သူအုပ်ချုပ်တဲ့ကာလမှာပဲ နိုင်ငံသား တော်တော်များများ က နိုင်ငံရေး အတွေ့အကြုံ တွေရရှိ လာကြပါတယ်။ ဒီထက်အပြင် ကြွယ်ဝချမ်းသာမှု ကိုလိုက်ပြီး အုပ်ချုပ်ရေး တာဝန်တွေ ကို ထမ်းဆောင် ခွင့် ရလာ ကြတာ ဆိုတော့  ၀င်ငွေတွေတိုးပွားလာကြတဲ့ အဲဒီကာလမှာပဲ အစိုးရရဲ့ အုပ်ချုပ်ရေးတာဝန်တွေကို လူတော်တော်များများ က ပါဝင် ထမ်းဆောင်လာနိုင် ကြပါတယ်။

Pisistratus သေတော့ သူ့ရဲ့ အရိုက်အရာ ကို သူ့သား Hippias က ဆက်ခံပြီး၊ Hippias ကတော့ အရင်သူ့အဖေခေတ်အတိုင်းပဲ စနစ်တွေမပြောင်ပဲ ဆက်လက် အုပ်ချုပ် မင်းလုပ် ခဲ့ပါတယ်။ ဘီစီ ၅၁၀ မှာ တော့ Pisistratus ရဲ့သားတွေက နယ်နှင်ဒါဏ် ပေးတာကို ခံခဲ့ရတဲ့ ဆွေမျိုးစုတခုက စပါတာရဲ့ အကူ အညီ ကိုရယူပြီး Hippias ကိုနန်းဖြုတ်ခဲ့တဲ့အတွက် Hippias လည်း ပါးရှားကို တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်။ စပါတာ တွေထွက်သွား တဲ့အခါမှာ အေသင်ကို Isagoras ကဆက်လက်အုပ်ချုပ် မင်းလုပ် ပေမဲ့ သူဟာပြုပြင်ပြောင်းလဲရေးလုပ်ဖို့ထက် Solon မတိုင်မီ ခေတ် ဆီကို ခေတ်နောက် ပြန်ဆွဲပြီး မင်းမျိုးရာဇာတွေအုပ်စိုး တဲ့ ခေတ် ကိုပြန်လည်ထူထောင် ဖို့ကျိုးစားပြီး အေသင်နိုင်ငံသားဖြစ်မှုကိုပါ သန့်စင်ဖို့ ကျိုးပမ်း လာ တဲ့အတွက် သူ့ကို ဆန့်ကျင်မဲ့ Cleisthenes ဆိုသူတဦး ဟာသူတို့ဆွေမျိုးအုပ်စုထဲ ကနေပဲ ပြိုင်ဘက် အနေနဲ့ ပေါ်ပေါက် လာပါတော့တယ်။  ဒါပေမဲ့ Isagoras က စပါတာရဲ့အကူအညီကို တခါထပ်မံရယူပြီး ကလေ့ဟ်သေနီ ကို အေသင်ကနေ မောင်းထုတ်ပြစ်လိုက်တဲ့အပြင် လူပေါင်းရာနဲ့ချီပြီး သူတို့ရဲ့နေအိမ်တွေ ကနေ မောင်းထုတ်ခဲ့တယ်။ ဒီထက် ဆိုးဝါး တာ က မြို့ရဲ့ အုပ်ချုပ်ရေးကောင်စီကိုပါ ဖျက်သိမ်းဖို့လုပ်လာတာဖြစ်တယ်။ ကောင်စီ ကဒါကိုအပြင်းအထန်ဆန့်ကျင်တဲ့အခါမှာ ပြည်သူတွေ ကပါကောင်စီဖက်မှာ အပြည့်အ၀ ထောက်ခံ ပါဝင်လာကြတယ်။ နောက်ဆုံး မှာတော့ Isagoras နဲ့ အပေါင်းပါတွေ ဟာ ထွက်ပြေး တိမ်း ရှောင်သွားရပြီး ပြည်သူတွေ က ပြည်ပ အဝေးရောက် Cleisthenes ကိုပြန်ခေါ်တဲ့အခါမှာ သူဟာ ရာပေါင်း များစွာ သော တခြား အဝေး ရောက်တွေနဲ့ အတူ ပြည်တော် ပြန်ပြီး တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ခဲ့တယ်။

အေသင်တွင်တုက်ရိုက်ဒီမိုကရေစီစနစ်ပေါ်ထွန်းခြင်း

Cleisthenes ဟာသမိုင်းမှာ ဘယ်သူမှလုပ်လေ့မရှိခဲ့ တဲ့အလုပ်ကိုလုပ်ခဲ့တယ်။ အဲဒါ ကတော့ အရင်ခေါင်းဆောင်တွေလို မင်းမျိုးရာဇာ နဲ့ စစ်ဖက် အဆင့်မြင့် အရာရှိတွေကို အားကိုးတာမျိုး လည်းမလုပါဘူး၊ လူတန်းစားနဲ့ မျိုးနွယ်တွေကွဲပြားမှုကိုခြေခံပြီး၊ အခွင့်ကောင်း ယူပြီး တော့လည်း အာဏာမြဲ အောင်မလုပ်ခဲ့ဘူး၊ ဒီလိုလုပ်ရိုး လုပ်စဉ်တွေကနေခွဲထွက်ပြီး သူဟာ ပြည်သူတွေ ကို တိုက်ရိုက် အားကိုးခဲ့တယ်။ ပြည်သူတွေ စီ ကနေလည်း တခဲနက်ထောက်ခံမှုကိုရယူနိုင်ခဲ့တယ်။

ဘီစီ ၅၀၈ မှာ ကလေ့စ်သေနီ က ပြည်သူတွေက အေသင်မြို့နိုင်ငံကို တိုက်ရိုက် အုပ်ချုပ်နိုင်မဲ့ နိုင်ငံရေး စနစ်တခုကို ချမှတ်ခဲ့တယ်။ ဒီ နိုင်ငံရေး အဖွဲ့အစည်းသစ်ကို သူက demokratia (သို့မဟုတ်) ဒီမိုကရေစီ လို့အမည်ပေးလိုက်တယ်။ အဓိပ္ပါယ်ကတော့ ပြည်သူ အားလုံး ပါဝင်တဲ့ အဖွဲ့အစည်းက အုပ်ချုပ်သည် လို့အဓိပ္ပါယ်ရတယ်။

ဒီမိုကရေစီစနစ်သစ် ဟာကောင်းမွန်လွန်းတဲ့အတွက် နောင်အနာဂတ်မှာ ဒီစနစ်ကိုဖျက်စီးဖို့ အာဏာပြိုင်လုကြမဲ့ မင်းဆိုးမင်းညစ် တွေ ပေါ်ပေါက်နိုင် တော့မှာ မဟုတ်ဘူးလို့ ကလေ့စ်သနီကယုံကြည်တယ်။ အေသင်ဒီမိုကရေစီ ကိုဘယ်ပုံဘယ်နည်း အကောင်းဆုံး ဖြစ်အောင်ပုံဖေါ်ခဲ့ကြတယ်၊ ဒီလောက်ကောင်းမွန်တဲ့ စနစ်ဟာ နောက်ဆုံးမှာ ဘာ့ကြောင့် ပျက်စီးသွားရတယ်၊ အနောက်တိုင်း ဥရောပ နိုင်ငံတွေမှာ ရော ဒီနေ့ ကမ္ဘာတ၀ှမ်းမှာ လူသားအားလုံးရဲ့ စံထားရတဲ့ စနစ်တခုအဖြစ် ဖြစ်လာရတဲ့ အေသင်ဒီမိုကရေစီ သမိုင်းရဲ့ စိတ်ဝင်စားစရာကောင်းဆုံး အပိုင်းကို ဆက်လက်ဆွေးနွေးသွားပါမယ်။

Advertisements

Written by mike16os

September 23, 2012 at 12:12 am

Posted in Athen History