Just Another Wordpress Blog

Just another WordPress.com weblog

Athen History အေသင်သမိုင်း အပိုင်း(၁)

အေသင်မြို့ နိုင်ငံ မှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက် လာပုံ သမိုင်းအကျဉ်း
အပိုင်း(၁)

နိဒါန်း။ အေသင် ကို တကြော့ ပြန်လှည့် ကြည့်ကြ ရအောင်

(၂၁) ရာစု အစပိုင်း ကာလ၊ ကမ္ဘာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေရဲ့ အ၀န်းအ၀ိုင်ထဲမှာ ကျွန်တော်တို့နိုင်ငံဟာလဲ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ နဲ့ ဒေသဆိုင်ရာ အင်အားကြီး နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂ၊ တရုတ်၊ အန္ဒိယ၊ အာဆီယံ အစရှိသည်တို့ရဲ့ အထူးအာရုံစိုက် ခံရတဲ့ နိုင်ငံတခုဖြစ်လာပါတယ်။ ကမ္ဘာ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ ခေါ် ပြည်သူ့အာဏာ ကို တက်ခ်နိုလိုဂျီ နည်းပညာသစ် တွေရဲ့ အကူအညီနဲ့ ကမ္ဘာမှုပြုလာကြတဲ့ အခု (globalization of peoples power) လို အချိန် ကာလ မှာ လေးစားရ ပါသော ကျွန်တော် များ Vansangva စာဖတ်ပရိသတ်တွေ နဲ့ သောတရှင် များကို ကမ္ဘာ့ဒီမိုကရေစီ စတင်ပေါက်ဖွားရာဖြစ်တဲ့ ဟိုး လွန်ခဲ့တဲ့ အနှစ်ပေါင်း ၂၅၀၀ က ဂရိခေါမ ဂန္တ၀င်သမိုင်းထဲ က အေသင် ဆိုတဲ့ မြို့ နိုင်ငံလေးဆီ ကို အာရုံပြောင်း ခေါ်ဆောင် သွားချင်ပါတယ်။

အခုလို (၂၁) ရာစုခေတ်ထဲကိုကျွန်တော်တို့ချည်းနင်းဝင်ရောက်နေပြီး လူသားမျိုးဆက်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ဟာလည်း အထွတ် အထိပ် ကို ရောက်နေချိန်မှာ ဘာဖြစ်လို့ မွေးကင်းစ (သို့မဟုတ်) ဒီမိုကရေစီရဲ့ သန္ဓေသား ရေမွှာ အဆင့် လို့ တောင်ပြောလို့ ရတဲ့ ရှေးကျပြီး နုနယ်တဲ့ အေသင် ရဲ့ တိုက်ရိုက် ဒီမိုကရေစီ စနစ် ပေါ်ထွန်းလာပုံ သမိုင်းကြောင်းတွေကို အာရုံစိုက် ပြီးပြန်လည် မီးမောင်းထိုးပြရသလဲ ဆိုတာကိုတော့ ဒီဆွေးနွေးခန်းရဲ့ နိဂုံး မှာ အကျယ်တဝင့် တင်ပြဆွေးနွေး သွားမှာ ဖြစ်ပါ တယ်။

အေသင်မြို့နိုင်ငံ နဲ့ လူထုပါဝင်တဲ့ ဒီမိုကရေစီ

ဘီစီ ၅၀၄ လောက်မှာပေါ်ပေါက်ခဲ့တဲ့ ဂရိ ခေါမ နိုင်ငံ က အေသင်မြို့ရဲ့ တိုက်ရိုက်ဒီမိုကရေစီ စနစ်ဟာ နိုင်ငံသား လို့ အသတ်မှတ် ခံရတဲ့ လူထုလူတန်းစားတရပ်လုံး ကျယ်ကျယ် ပြန့်ပြန့် ပါဝင်တဲ့ ဒီမိုကရေစီ (participatory democracy) စနစ်ဖြစ်တယ်။ တနည်းပြော ရရင် မြို့နိုင်ငံတခုလုံးရဲ့ အရေးကိစ္စ တွေနဲ့ ပတ်သက်လာရင် အသက်ပြည့်ပြီး လွတ်လပ်တဲ့ ယောက်ျား ဖြစ်သူ နိုင်ငံသားတိုင်း ဟာ မြို့လုံး ကျွတ် ညီလာခံမှာ ကျယ်ကျယ်ပြန့်ပြန့် ညီတူမျှတူ လွတ်လွတ်လပ်လပ် ပါဝင်ဆွေးနွေး ငြင်းခုံခွင့်၊ မဲပေးပိုင်ခွင့် တွေရှိကြပါတယ်။
အေသင် မြို့ နိုင်ငံရဲ့ နိုင်ငံရေး တည်ဆောက်ပုံ
အေသင် မြို့နိုင်ငံရဲ့ တိုက်ရိုက် ဒီမိုကရေစီစနစ်အောက်မှာ နိုင်ငံရေး တည်ဆောက်ပုံ political structure ကို လိုရင်းတိုရှင်း ဖေါ်ပြရမယ် ဆိုရင် ၊၊၊၊၊၊၊

(၁) တနှစ် တကြိမ် မဲစနစ်နဲ့ အလှည့်ကျ ရွေးကောက်ခံရတဲ့ လူ ၅၀၀ ပါဝင်တဲ့ မြို့ကောင်စီ က နိစ္စဓူဝ နိုင်ငံ့ အရေးတွေကို တာဝန်ယူ ထမ်းဆောင် ရပါတယ်။ သူတို့ကို လခ ပေးထားတယ်။ ဒီတော့ နိုင်ငံသားတိုင်းဟာ သူ့တသက်မှာ အနည်းဆုံး တခါတော့ တနှစ် သက်တမ်းရှိပြီး လူ ၅၀၀ ပါဝင်တဲ့ မြို့ကောင်စီ (တနည်းအားဖြင့် အေသင်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်လို့ပဲ ဆိုကြပါဆို့) အဲဒီမှာ ပါဝင် ထမ်း ဆောင်ဖို့ အခွင့်အလမ်းရှိကြတယ်။

(၂) အဲဒီ ကောင်စီကပဲ တမြို့သားလုံးပါဝင်တက်ရောက်ရတဲ့ မြို့လုံးကျွတ် ညီလာခံ ကို တနှစ်ကို (၄) ကြိမ် ခေါ်ယူကျင်းပ ပေးရတယ်။ ဒီမြို့လုံးကျွတ် ညီလာခံကတော့ ဒီနေ့ ခေတ် အခေါ်နဲ့ဆိုရင် အေသင်ရဲ့ ဥပဒေပြု မဏ္ဍိုင်ဆိုပါစို့။

(၃) မှုခင်းတွေကြားနာ စစ်ဆေးဖို့နဲ့ တရားစီရင်မှုကို ဂျူရီလူကြီး အယောက် ၂၀၀ ကို နိုင်ငံသားထဲကနေ မဲစနစ် နဲ့ အလွတ်ရွေးပြီး ကြားနာ၊ စစ်ဆေး၊ စီရင်စေပါတယ်။ အေသင် ရဲ့တရားရေးမဏ္ဍိုင်လို့လဲဆိုနိုင်ပါတယ်။

(၄) အသက်ပြည့် သူ နိုင်ငံသား (ယောက်ျားး) တိုင်း လူတိုင်းစေ့ဟာ အေသင်မြို့နိုင်ငံရဲ့ နိုင်ငံရေး ဘဝမှာ တနည်း မဟုတ် တနည်း ပါဝင်ခွင့်ရှိတယ်။ ချမ်းသာတာ ဆင်းရဲတာ စတဲ့လူတန်းစားကွဲပြားမှုတွေ၊ မျိုးနွယ်စုမတူတာတွေ၊ ဒေသ ကွဲပြားတာတွေ စတဲ့ မတူညီမှု ကွဲပြားခြားနားမှု တံတိုင်းတွေ က ဘယ်သူ့ အခွင့်အရေးကိုမှ ဟန့်တား ထားတာမရှိဘူး။

(၅) အစိုးရ ဆိုတာမရှိဘူး၊ ပြည်သူတွေကပဲ နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်တယ်။
ပိုမိုပြီး ရှင်းအောင် အောက်ပါ ဒိုင်ယာဂရမ်လေးနဲ့ လည်းထပ်မံ ဖေါ်ပြပေးလိုက်ပါတယ်။

ဒီတော့ ဒီဒိုင်ယာဂရမ် ကိုကြည့်ရင် အေသင်မှာ ပြည်သူက နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်တယ်။ အစိုးရဆိုတာမရှိဘူး။ ဆိုလိုတာကတော့ လယ်သမားတွေ၊ တံငါသည်တွေ၊ အလုပ်သမားတွေ၊ လက်လုပ်လက်စားတွေ၊ ကုန်သွယ်ကူးသန်းရောင်းဝယ်တဲ့ သူတွေ၊ ပညာရှင်တွေ၊ ပညာတတ်တွေ၊ အနုပညာသည်တွေ၊ စစ်သည်တွေ စသည်ဖြင့် နိုင်ငံသားအားလုံးဟာ အေသင်မြို့နိုင်ငံရဲ့ နိုင်ငံရေးဘဝမှာ အပြည့်အဝ ပါဝင် ခွင့်ရှိကြတာဖြစ်ပါတယ်။ တနည်းပြောရရင် အာဏာရှင်မရှိဘူး၊ မင်းစိုး မင်းညစ် မရှိဘူး။ ဒီတော့ နိုင်ငံသားတိုင်းဟာ လွတ်လပ်မှု ကို အပြည့်အဝ ခံစားကြရတယ်။ နိုင်ငံသားတိုင်းက အေသင်နိုင်ငံကို ဘယ်လိုနိုင်ငံမျိုး ဖြစ်စေချင်တယ် ဆိုတာကို အတူတကွ ဥပဒေပြုခွင့် ရှိကြတယ်။ နိုင်ငံသားတိုင်းမှာ ညီတူညီမျှ မဲတမဲဆီ ပိုင်ဆိုင်ကြတယ်။ တန်းတူမှု ဆိုတာ ရှိနေတယ်။ အများစု ရဲ့ဆန္ဒ အတိုင်း နိုင်ငံ့ အရေးကို ပုံဖေါ်ကြရတယ်။ အေသင် နိုင်ငံသားများ ရဲ့ တန်းတူမှု နဲ့ လွတ်လပ်မှု ဆိုတာတွေကို အဲဒီ အေသင်နိုင်ငံရဲ့ နိုင်ငံရေး တည်ဆောက်ပုံ political structure က အပြည့်အဝ အာမခံထားတာဖြစ်တယ်။ လူတိုင်းက သူပြဋ္ဌာန်းချင်တဲ့ ဥပဒေ တရပ်ကို အဆိုတင်သွင်းနိုင်တယ်။ ဘီစီ ၅၁၀ မှာ စတင်ခဲ့တဲ့ အေသင်ရဲ့ ဒီမိုကရေစီစနစ်ဟာ အောင်မြင်မှု ရလာတာနဲ့ အမျှ တခြား ဂရိ မြို့နိုင်ငံတွေကပါ အတုယူလာကြပြီး ဒီမိုကရေစီ စနစ်ဟာ ဂရိနိုင်ငံ တဝှမ်းကို ကူးဆက်ပြန့်နှံ့လာပါတော့တယ်။

ရှေးဦး အေသင်ရဲ့ ဒီမိုကရေစီ စနစ် အောက်မှာ ရှိတဲ့ မြို့လုံးကျွတ်ညီလာခံ ဟာ ဒီနေ့ခေတ် ကိုယ်စားပြု ဒီမိုကရေစီ ရဲ့ ဥပဒေပြု အဖွဲ့ (လွှတ်တော်) နဲ့ သဘောအားဖြင့် တူညီပါတယ်၊ ရှေးဦးအေသင် ရဲ့ လူ ၅၀၀ ပါဝင်တဲ့ ကောင်စီ ရဲ့ အလုပ် တာဝန်တွေ ကတော့ ဒီနေ့ခေတ် ရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် နဲ့သဘောအားဖြင့် တူညီနေပါတယ်။ လူ ၂၀၀ ပါဝင်တဲ့ ခုန်ရုံးကတော့ ဒီနေ့ခေတ် မှာ ကျွန်တော်တို့ နားလည်တဲ့ တရားရေးအဖွဲ့ပါပဲ။

အဲဒီခေတ်မှာ အဲဒီကာလ ဂရီနိုင်ငံတဝှမ်းမှာ အေသင်နဲ့ စာရင် တခြား မြို့နိုင်ငံတွေက သူတို့ရဲ့ နိုင်ငံရေး ဘဝတွေမှာ နိုင်ငံသားပါဝင်မှု အားနည်း နေတယ်။ ဘာလို့လဲဆိုတော့ အေသင်မှာလို လူတိုင်းစေ့ မဲပေးပိုင်ခွင့် မရှိပဲ မြေပိုင်ရှင်၊ အိမ်ပိုင်ရှင် ချမ်းသာ ကြွယ်ဝတဲ့ လူတန်းစားတွေကသာ မဲပေးပိုင်ခွင့်ရှိကြတယ်။ အေသင်မှာတော့ အဲဒီလိုလူတန်းစားခွဲခြားမှုမရှိဘူး။ အဲဒီတော့ အများစုဖြစ်တဲ့ ဆင်းရဲသားတွေက အသာစီး ရတယ်လို့ တချို့ ဝေဖန်သူတွေ ဝေဖန်ကြပါတယ်။ ဝေဖန်ရေးသမား တချို့ ကဆိုရင် အေသင် ဒီမိုကရေစီဟာ အများစုကြီး ဖြစ်တဲ့ ဆင်းရဲသား တွေက ချယ်လှယ်နိုင်တာမို့ ပစ္စည်းမဲ့ အာဏာရှင်စနစ် ဖြစ်ပါ တယ်လို့ တောင် ပေါက်ပေါက် ရှာရှာ ဝေဖန်တာ တွေလည်းရှိပါတယ်။

ဒီနေ့ခေတ်လို တိုင်းနိုင်ငံကြီးတွေ ထူထောင်လာကြတဲ့ အချိန်မှာတော့ လူတိုင်းစေ့ ပါဝင်တဲ့ ညီလာခံကျင်းပဖို့ဆိုတာ လက်တွေ့ မကျတော့ပါဘူး။ အုပ်ချုပ်ရေးမှာရော တရားစီရင်ရေးမှာရော ပြည်သူတွေအားလုံး ပါဝင်လာဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ ပြည်သူတွေက တိုင်းပြည်ကို အုပ်ချုပ်ဖို့ တိုင်းရေးပြည်ရေးတွေကို ဆောင်ရွက်ဖို့ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးပြီး အစိုးရ အဖွဲ့အစည်းတွေ ဖွဲ့ပေး လာရပါတယ်။ ဒိုင်ရာဂရမ် ရဲ့ ဒုတိယပုံ မှာဖေါ်ပြထားသလိုပဲ ပြည်သူဆိုတာ ဟာ ဒီနေ့ ခေတ်သစ် ဒီမိုကရေစီစနစ်အောက်မှာ အစိုးရ ဆိုတဲ့ အ၀န်းအ၀ိုင်းရဲ့ အပြင်ဖက် ကို ရောက်သွားကြပါတယ်။

ဒီနေ့ခေတ် အမြင်နဲ့ ကြည့်ရင် အေသင် ရဲ့ တိုက်ရိုက် ဒီမိုကရေစီ စနစ်ဟာ လစ်ဘရယ်လ် ဒီမိုကရေစီ လို့ပြောလို့ မရဘူး၊ ဘာလို့လည်း ဆိုတော့ အေသင် ရဲ့ နိုင်ငံသား သတ်မှတ်ချက်ထဲ မှာ အမျိုးသမီးတွေ၊ ကျွန်တွေ နဲ့ တနယ်တကျေးကနေ ပြောင်းရွေ့နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ ပါဝင်ခွင့် မရှိဘူး။ သို့သော်ငြားလည်း အေသင်မြို့ရဲ့ အခြေခံ ဥပဒေ အရ နိုင်ငံသား အဖြစ် အသတ်မှတ် ခံရသူ ပြည်သူတိုင်းဟာ တန်းတူညီမျှ ကြတယ်၊ လွတ်လပ်ကြပါတယ်။ မြို့လုံးကျွတ်ညီလာခံမှာ မိမိရဲ့သဘောထားတွေကို လွတ်လွတ်လပ်လပ် တင်ပြပြောဆိ ဆွေးနွေးခွင့်ရှိတယ်။ ဆိုလိုတာက ဒီမိုကရေစီ အခွင့်အရေးကို ခံစားကြရတယ်။ တနည်းပြောရရင် အာဏာရှင် တဦးဦး ကဖြစ်စေ၊ လက်တစုပ်စာ လူ တစု ကဖြစ်စေ၊ လူမျိုး (သို့မဟုတ်) မျိုးနွယ် ကြီးတခုခု ကနေ လူလူချင်း သိက္ခာ မဲ့လောက် အောင် နိုင့်ထက်စီးနင်း ပြုကျင့်ပြီး တဖက်သတ် အမိန့်ပေး အုပ်ချုပ် တာမျိုး မရှိပါဘူး။

နောက်ပြီး သူတို့ တီထွင်လိုက်တဲ့ စနစ်မှာ အစိုးရ ဆိုတာ မရှိဘူး၊ အေသင်မြို့ နိုင်ငံတွင်း ဒေသရယ်၊ မျိုးနွယ်စုရယ်၊ လူတန်းစား ရယ် အမျိုးမျိုး ကွဲပြားကြသော်လည်းပဲ ဘယ်ဒေသ၊ ဘယ်မျိုးနွယ်စု၊ ဘယ်လူတန်းစား ကဖြစ်ဖြစ် နိုင်ငံသားတိုင်း တယောက်မကျန် ပါဝင်ပြီး ဒီမြို့နိုင်ငံလေးကို အလှည့်ကျ အုပ်ချုပ်သွားတာဖြစ်တယ်။ တနည်းပြောရရင် အေသင် မြို့ နိုင်ငံသားတိုင်းဟာ မြို့လုံးကျွတ် ညီလာခံကြီးမှာ မူတွေ၊ ဥပဒေ တွေကို တိုက်ရိုက်ပါဝင်၊ ဆုံးဖြတ်၊ ချမှတ်၊ ပြဋ္ဌာန်းတာဖြစ်တဲ့ အတွက် သူတို့ကျင့်သုံးတဲ့ ပြည်သူတွေ တိုက်ရိုက်အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို တိုက်ရိုက် ဒီမိုကရေစီ စနစ်လို့ ခေါ်တယ်။ ကမ္ဘာ့သမိုင်းမှာ ပထမဦးဆုံး အကြိမ် ပြည်သူအားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ် (participatory democracy) ပေါ်ထွန်း ခဲ့တာဖြစ်ပါတယ်။

ဒါဆိုရင် အဲဒီလောက်တောင်မှ တနိုင်ငံလုံး ထောင့်တိုင်းစေ့၊ လူတိုင်းမှာ နိုင်ငံ့ အာဏာကို ပိုင်ဆိုင်ကြပြီး လူတန်းစားမခွဲ၊ ဒေသ၊ မျိုးနွယ် မခွဲခြားပဲ တန်းတူမှုတွေ လွတ်လပ်မှုတွေကို အတူတကွ ခံစားကြရလောက်အောင် ကောင်းမွန်လှတဲ့ ဒီစနစ်ဟာ ဒီနေရာ ဒီဒေသ၊ ဒီကာလမှာ မှ ဘာကြောင့် ပေါ်ပေါက် ခဲ့တာလဲ? ဒီမိုကရေစီ ရေစီးကြောင်းတွေ အားကောင်းမောင်းသန်လာတဲ့ ဒီနေ့ခေတ် ကမ္ဘာသူ ကမ္ဘာသား တွေအတွက်ရော ပြည်ထောင်စု မြန်မာနိုင်ငံသားတွေ အတွက်ပါ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ ဒီမေးခွန်းရဲ့အဖြေကို သိနိုင်အောင် ရှေးဟောင်း ဂရိခေါမ ရဲ့ ဂန္တဝင် သမိုင်းကို တစေ့တစောင်း ပြန်လှန် ကြည့်ကြရအောင်။

အပိုင်း (၂)

စစ်ပွဲ တွေ အတောမသတ်နိုင်ခဲ့တဲ့ ခေါမ ရဲ့ မြို့နိုင်ငံတွေ နဲ့ ဒီမိုကရေစီ ရေခံမြေခံ
ရှေးဟောင်း ဂရိ နိုင်ငံ မှာ သီးခြားလွတ်လပ်စွာ တည်ရှိတဲ့ မြို့နိုင်ငံပေါင်း ရာဂဏန်း နဲ့ ချီပြီးရှိခဲ့တယ်။ …… (ဆက်လက်တင်ပြသွားပါမည်)

Advertisements

Written by mike16os

September 14, 2012 at 12:41 pm

Posted in Athen History