Just Another Wordpress Blog

Just another WordPress.com weblog

Episode 31 – ပါလီမန် ဒီမိုကရေစီ စနစ် (ဖြည့်စွက် ပို့ ချချက်)

[display_podcast]

ကိုယ်စားပြု ဒီမိုကရစီ စနစ်မှာ ပုံစံ အမျိုးမျိုးရှိ ပါတယ်။ ဝန်ကြီးချုပ်က ဦးဆောင်တဲ့ ပါလီမန် ဒီမိုကရေစီစနစ် (Parliamentary Democracy) ရယ်၊ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ် (Presidential Democracy) ရယ်၊ ဒီနှစ်မျိုးကိုပေါင်းစပ်ထားတဲ့ ဒီမိုကရေစီစနစ် ရယ် ဆိုပြီး (၃) မျိုးရှိပါတယ်။

ဒီမတူညီတဲ့ စနစ်တွေကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား၊ သိနိုင်ဖို့ တိုင်းပြည်ရဲ့ အခြေခံ ဥပဒေ က အုပ်ချုပ်ရေး မဏ္ဍိုင်မှာ ထိပ်ဆုံးကဦးဆောင်မယ့် သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ် ကို ဘယ်ပုံဘယ်နည်း ရွေးကောက် တင်မြှောက်ရမယ်၊ အဲဒီ အုပ်ချုပ်ရေး မဏ္ဍိုင် နဲ့ ဥပဒေပြုအဖွဲ့ (ခေါ်) ပြည်သူ့လွှတ်တော်တို့ အကြား ဘယ်ပုံဘယ်နည်း ဆက်ဆံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် အပေါ်မှာ မူတည်ပြီး ခွဲခြားသိမြင်နိုင်ပါတယ်။

အခု ဝန်ကြီးချုပ်က ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ် (Parliamentary Democracy) ကိုလေ့လာရအောင်။ မဲဆန္ဒ ရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် (ဥပဒေပြု မဏ္ဍိုင်) တွေထဲက မဲအများဆုံးရတဲ့ ပါတီ ရဲ့ ခေါင်းဆောင်က ဝန်ကြီးချုပ်ဖြစ်လာတယ်။

ဆိုလိုတာက ဥပဒေပြု မဏ္ဍိုင် (ခေါ်) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေထဲက မဲအများဆုံးရတဲ့ ပါတီရဲ့ ခေါင်းဆောင်ဟာ အုပ်ချုပ်ရေး မဏ္ဍိုင်မှာ ထိပ်ဆုံး ကနေ ဦးဆောင်မယ့် ဝန်ကြီးချုပ် ဖြစ်လာတယ်။ ဒီဝန်ကြီးချုပ်က လွှတ်တော်ကိုယ်စားလှယ် တွေထဲကနေ သူ့စိတ်ကြိုက် ရွေးချယ်ပြီး ဝန်ကြီးဌာန အသီးသီးကို ဦးစီးဦးဆောင်မှုပြုမယ့် ဝန်ကြီးတွေ ကိုရွေးချယ်ရပါတယ်။ အဲဒီတော့ အုပ်ချုပ်ရေး မဏ္ဍိုင်ဟာ ဥပဒေ ပြုမဏ္ဍိုင် ရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ ဥပဒေ ပြုမဏ္ဍိုင် ကာ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်တွေက ထောက်ခံနေသမျှတော့ ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ (ဝါ) Cabinet ဝန်ကြီးတွေ (အုပ်ချုပ်ရေးမဏ္ဍိုင်) ဟာ အာဏာတည်မြဲနေမှာ ဖြစ်တယ်၊ သူတို့ရဲ့ ပေါ်လီစီတွေကိုလည်း အကောင် အထည်ဖေါ် ရာမှာ လွှတ်တော်ရဲ့ အတည်ပြုချက်ကို အမြဲလိုလို ရရှိနေမှာဖြစ်တယ်။ လွှတ်တော်က ဝန်ကြီးချုပ်ကို အယုံ အကြည်မရှိ အဆိုနဲ့ ရာထူးကနေ ဖယ်ရှားခဲ့ရင် ဝန်ကြီးချုပ်ရဲ့ Cabinet တခုလုံးရာထူးကနေ နှုတ်ထွက်ပေးရတယ်။ ပါလီမန်လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ပေးလိုက်ပြီး အဲဒီဝန်ကြီးချုပ်အသစ်က ကက်ဘိနက် ဝင် ဝန်ကြီးအသစ်တွေကို သူ့စိတ်ကြိုက် ရွေးချယ်မှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ နဲ့ တခြား စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတိုင်းလိုလို မှာ ဘုရင် (သို့မဟုတ်) ဘုရင်မ က မိမိရဲ့ မျိုးရိုးစဉ်လာ အရ နိုင်ငံ့ ဥသျှောင် တွေ ဖြစ်ကြတယ်။ ဒီဘုရင်တွေ ဘုရင်မတွေက ပါလီမန် ကိုဖျက်သိမ်းပြီး ဝန်ကြီးချုပ်ကို ပါရာထူးကနေ ဖယ်ရှားဖို့ အာဏာ ကို ပိုင်ဆိုင် ကြတယ်။ ကြားနေ တဦးဦး (သို့မဟုတ်) အတိုက်အခံ ခေါင်းဆောင်တဦးဦးကို ယာယီအစိုးရ ဖွဲ့ခိုင်းပြီး (၃) လကနေ (၆) လအတွင်း ရွေးကောက်ပွဲ အသစ်ကျင်းပပေးနိုင်တယ်။ ဒါပေမဲ့ ဒီနေ့ခေတ် စည်းမျဉ်းခံ ဘုရင့်နိုင်ငံတွေမှာတော့ အဲဒီလိုလုပ်ပိုင်ခွင့် အာဏာမျိုးကို အသုံးပြုလေ့ မရှိတော့ဘူး။

ဗြိတိန်နိုင်ငံရဲ့ ဒိုမီနီယံ နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန် အစ ရှိသည်တို့ မှာတော့ ဘုရင်ခံချုပ်တွေက နိုင်ငံ့ဥသျှောင်အဖြစ်နဲ့ ဗြိတိန်နိုင်ငံရဲ့ ဘုရင် (သို့မဟုတ်) ဘုရင်မ ကို ရုပ်ပြ အဖြစ် ကိုယ်စားပြုကြတယ်။

ပုံမှန်ကတော့ ဝန်ကြီးချုပ်က အများပြည်သူကလည်း လေးစား ပြီး သူ့ရဲ့မူဝါဒ တွေကိုလည်း လက်ခံတဲ့ ပုဂ္ဂိုလ်တဦး ကို ရုပ်ပြ သမ္မတ အဖြစ်အဆိုတင်လေ့ရှိတယ်။ အဲဒီလူကို လွှတ်တော်က မဲခွဲပြီး သမ္မတ အဖြစ် ရွေးကောက်တင်မြောက်တယ်။ ဒိုမီနီယံ နိုင်ငံတွေမှာတော့ သမ္မတ အစား ဘုရင်ခံချုပ်လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် ဝန်ကြီးချုပ် ရဲ့ပါတီက အထက် လွှတ်တော် ရော အောက်လွှတ်တော် မှာပါ အများစုဖြစ်နေတတ်တာမို့ သူရွေးလိုက်တဲ့ သမ္မတကို အတည်ပြုလိုက်ကြတာပါပဲ။ ဒါပေမယ့် တခါတလေမှာတော့ ဝန်ကြီးချုပ်ရဲ့ ပါတီက အောက်လွှတ်တော် မှာသာ အများစုဖြစ်နေပြီး၊ အထက်လွှတ်တော်မှာကျတော့ အတိုက်အခံပါတီတွေနဲ့ သူတို့ရဲ့ မဟာမိတ် တွေက အဆမတန် များနေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အတိုက်အခံပါတီက တင်မြှောက်တဲ့ သမ္မတလောင်းက အနိုင်ရပြီး ဝန်ကြီးချုပ်ဟာ တာဝန်ကို ထမ်းဆောင်ရာမှာ အခက်အခဲတွေနဲ့ ကြုံရတတ်ပါတယ်။

သမ္မတ (သို့မဟုတ်) ဘုရင်ခံချုပ်က ပါလီမန်ကို ဖျက်သိမ်းနိုင်တဲ့ အခွင့်အာဏာ ရှိနေတော့ သူက ဝန်ကြီးချုပ်ကို ရာထူးကနေရပ်ဆိုင်းပြီး၊ ကြားနေသူ (သို့မဟုတ်) အတိုက်အခံတဦးကို ကြားဖြတ် ယာယီ အစိုးရဖွဲ့ခိုင်းပြီး (၃) လ နဲ့ (၆) လ အတွင်း ရွေးကောက်ပွဲ ခေါ်ယူနိုင် ပါတယ်။
ဥပမာ၊ ပါကစ္စတန် ဝန်ကြီးချုပ် ဘနစ်ဇီရာဘူတို ကို သမ္မတ ၂ ယောက်က ၂ ကြိမ်တိတိ ရာထူးကနေ ရပ်ဆိုင်း စေခဲ့ဘူးပါတယ်။ ၁၉၇၅ ခုနှစ်တုန်းကလည်း သြစတြေးလျ နိုင်ငံရဲ့ ဘုရင်ခံချုပ် ဆာဂျွန်ကဲရ် က ဝန်ကြီးချုပ် ဂေါက်ဝစ်လမ် ကို ရာထူးကနေဖယ်ရှားပြီး အတိုက်အခံခေါင်းဆောင်ကို ကြားဖြတ် အစိုးရ ဖွဲ့ခိုင်းခဲ့ဘူးတယ်။

ယေဘုယျ အားဖြင့် ၀န်ကြီးချုပ်ရဲ့သက်တမ်းကို သမ္မတက အုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံတွေ မှာလို အကန့်အသတ်ထားလေ့မရှိပါဘူး။ သမ္မတ ကအုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံ တွေမှတော့ သမ္မတ တဦးဟာ အလွန်ဆုံး သက်တန်း (၂) ခုထည့် ပိုပြီး သမ္မတအဖြစ်ထမ်းဆောင်ခွင့်အမရှိပါဘူး။

Advertisements

Written by mike16os

May 15, 2012 at 11:44 pm

Posted in Basic-Part2

One Response

Subscribe to comments with RSS.

  1. သိပ်ကောင်းပါတယ်

    Saw Kapi

    May 20, 2012 at 7:40 pm


Comments are closed.