Just Another Wordpress Blog

Just another WordPress.com weblog

တူညီ ၍ ရှင်းလင်းပြတ်သားသော အနာဂတ်ရည်မှန်းချက်

တူညီ ၍ ရှင်းလင်းပြတ်သားသော အနာဂတ်ရည်မှန်းချက်

[display_podcast]

တူညီ ၍ ရှင်းလင်းပြတ်သားသော အနာဂတ်ရည်မှန်းချက်

တူညီ ၍ ရှင်းလင်းပြတ်သားသော အနာဂတ်ရည်မှန်းချက်

ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံပြည်သူတွေ အတူတကွ ကြုံတွေ့ဖြတ်သန်း ခဲ့ကြရတဲ့ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်သမိုင်းကို အသေအချာ ပြန်လည် သုံးသပ်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ တကယ့်အရင်းခံပြဿနာဟာ ဒီမိုကရေစီ အတွေးအခေါ်ရေးရာ ပြဿနာသာ ဖြစ်ကြောင်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါကို တချို့က လူမျိုးစုပြဿနာလို့ မှားယွင်းစွာ ကင်ပွန်း တပ်ကြတယ်။ တကယ်တော့ လူမျိုးစုတိုင်းရင်းသားတွေက ဘာပြဿနာမှ မဖန်တီးခဲ့ကြပါဘူး။ ဗမာပြည်သူများနည်းတူ ဒီမိုကရေစီရဲ့ အခြေခံတရားတွေဖြစ်တဲ့ တန်းတူရေး၊ လွတ်လပ်ရေးဆိုတာတွေကို လိုချင်ကြတာပဲ ရှိပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံတရားများဖြစ်တဲ့ တန်းတူရေး၊ လွတ်လပ်ရေး ဆိုတာတွေကို မလိုချင်တဲ့ လူမျိုးဆိုလို့ ကမ္ဘာမှာ မရှိပါဘူး။ လူမျိုးစု တိုင်းရင်းသား ပြည်သူတွေလိုချင်တာက တမျိုး၊ ဗမာတိုင်းရင်းသား ပြည်သူတွေ လိုချင်တာက တခြားဆိုတာမျိုး မဟုတ်ပါဘူး။ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးရဲ့ ဆန္ဒအစစ်အမှန်ဟာ တထပ်တည်းပဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့် အားလုံးက ဒီမိုကရေစီကို လိုချင်ကြတာသာဖြစ်ပါတယ်။ လူသားမှန်ရင် တန်းတူရေး၊ လွတ်လပ်ရေးဆိုတာတွေကို လိုချင်ကြတာ ချည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေဟာ နှစ်မျိုး နှစ်စား ကွဲပြားနေတာ မဟုတ်ပါဘူး။ လိုအင်ဆန္ဒအားဖြင့် တထပ်တည်းပဲ ဖြစ်ပါတယ်။ တခုတည်းသော၊ တူညီသော အနာဂတ် ဒီမိုကရေစီ လူ့ဘောင်ကို အတူတကွ ချီတက်နိုင်အောင် ဦးဆောင်မှုကိုသာ ပေးဖို့လိုအပ်နေပါတယ်။ တန်းတူသော၊ လွတ်လပ်သော အနာဂတ် ဒီမိုကရေစီ လူ့ဘောင်၊ တန်းတူသော၊ လွတ်လပ်သော ပြည်ထောင်စု။ တူညီ၍ ရှင်းလင်းပြတ်သားသော အနာဂတ် ရည်မှန်းချက် ပန်းတိုင်ကြီးကို ချီတက်နိုင်အောင် အနာဂတ် လူငယ်မျိုးဆက်သစ်တွေက ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့အားလုံး ကျော်လွှားရမယ့် ပြဿနာက ဘာလဲ။ ဆက်လက် ဆွေးနွေး ကြရအောင်။ အနာဂတ်ကာလမှာ ပြန်လည် တည်ဆောက် ကြမယ့် ပြည်ထောင်စုကို တမျှော်တခေါ်၊ စဉ်းစားတွေးခေါ် ပုံဖော်ကြရာမှာ လူမျိုးတမျိုးနဲ့တမျိုး နိုင့်ထက်စီးနင်းပြုကျင့်ရာကနေ တတိုင်းတပြည်လုံးကို သွေးချောင်းစီးစေခဲ့ပြီး၊ နောက်ဆုံးမှာ စစ်အာဏာရှင် ပေါ်ထွန်းလာဖို့အတွက် လမ်းစဖွင့်ပေးခဲ့တဲ့ တမင်း၊တနိုင်ငံ၊ တပြည်ထောင်စနစ်ကို ပြန်လည်ထူထောင် ကြမလား။ ဒါမှမဟုတ် တန်းတူရည်တူ လွတ်လပ်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို ကျင့်သုံးပြီး တန်းတူသော၊ လွတ်လပ်သော၊ သာယာသော၊ ငြိမ်းချမ်းသော ပြည်ထောင်စုနစ်ကို ပြန်လည်တည်ဆောက် ကြမလား ဆိုတဲ့နေရာမှာတော့ အတွေးအခေါ် နှစ်ခုဟာ ပြဒါးတလမ်း၊ သံတလမ်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာတော့ မတူညီတဲ့ ဆန့်ကျင်ဘက် အတွေးအခေါ် နှစ်ရပ်ကို ရှင်းရှင်းလင်းလင်းကြီး တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ တမင်း၊တနိုင်ငံ၊ တပြည်ထောင်စနစ်ကို ဆက်လက် တည်ဆောက်လိုသူတွေပဲဖြစ်ဖြစ်၊ ပဒေသရာဇ်စနစ်ကို ပြန်လည် ထူထောင်လိုပြီး ရှေးဟောင်းပဒေသရာဇ် အတွေးအခေါ်ဟောင်းကို ဆုပ်ကိုင်ထားတဲ့ အုပ်စုကပဲဖြစ်ဖြစ်၊ သူတို့ဟာ တမင်း၊တနိုင်ငံ၊ တပြည်ထောင်စနစ်ကိုသာ ပြန်လည် ထူထောင်လိုပါတယ်။ သူတို့ဟာ ရှေးဟောင်း ဘုရင်စနစ် ကိုပဲ ပြန်လည် ထူထောင် လိုပါတယ်ဆိုပြီး ပြည်သူတွေကို ပြောင်ပြောင်တင်းတင်း၊ ပွင့်ပွင့်လင်းလင်း ချမပြပဲ ပြည်ထောင်စုဆိုတဲ့ အများ နားဝင်ချိုတဲ့ စကားလုံးတွေ၊ ဒီမိုကရေစီဆိုတဲ့ အများကြိုက်တဲ့ စကားလုံးတွေကိုသာ တွင်တွင်သုံးပြီး သူတို့ရဲ့ တပြည်ထောင်စနစ်ကိုသာ ပြန်လည်တည်ဆောက်လိုတဲ့ မူမမှန်တဲ့ အတွေးအခေါ်တွေကို ဖုံးကွယ်ထား တတ်ကြပါတယ်။ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ ပြည်ထောင်စုအရေးတွေကို နက်နက်ရှိုင်းရှိုင်း မဆွေးနွေးချင်ကြဘူး။ ဝေ့လည်ကြောင်ပတ် လုပ်လေ့လုပ်ထ ရှိကြပါတယ်။ မူမှန်ရင် ပြည်သူတွေကို ဘာမှ ကြောက်စရာမလိုပါဘူး။ ပွင့်ပွင့်လင်းလင်း ချပြနိုင်ရမှာသာဖြစ်ပါတယ်။ ဒီမိုကရေစီအရေး၊ အနာဂတ် ပြည်ထောင်စုအရေး၊ တွေးခေါ်တာတွေ၊ ဆွေးနွေးတာတွေ ဘေးချိတ်၊ ကျန်တာတွေဘေးချိတ်၊ စစ် အာဏာရှင် ပြုတ်ကျရေးကိုသာလုပ်၊ စစ်အာဏာရှင် ပြုတ်ကျရင် တမင်းတနိုင်ငံ တပြည်ထောင်စနစ်ကို ပြန်လည် အသက်သွင်းဆိုရင်တော့ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ဘဝဟာ လွတ်မြောက်ဦးမှာ မဟုတ်ပါဘူး။

တော်လှန်ပြောင်းလဲတဲ့၊ တန်းတူရည်တူတဲ့ ဒီမိုကရေစီလူ့ဘောင်၊ စစ်မှန်တဲ့ ပြည်ထောင်စု၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု နဲ့ထပ်ပြီး ဝေးကြရဦးမှာ ဖြစ်ပါတယ်။ တော်လှန်သော ဒီမိုကရေစီအတွေးအခေါ် လက်နက် မပါပဲ အဆုံးစွန်သော အောင်ပွဲကို မရနိုင်ပါဘူး။ အောင်ပွဲကို ရရင်တောင် ယာယီသဘောသာဆောင်ပြီး၊ ပြည်သူတွေဟာ တကယ်တမ်း လွတ်မြောက်ကြဦးမှာ မဟုတ်ပါဘူး။ အာဏာရှင်လက်သစ်တွေကသာ လူမျိုးတမျိုးနဲ့တမျိုး နိုင့်ထက်စီးနင်းလုပ်တဲ့ တပြည်ထောင်စနစ်ကို ထူထောင်သွားကြမှာဖြစ်ပါတယ်။ စစ်အာဏာရှင် ပြုတ်ကျသွားပြီးရင် ဘယ်လိုတော်လှန်ပြောင်းလဲတဲ့စနစ်မျိုး၊ အနာဂတ်မျိုးကို အတူတကွ ဖန်တီးမယ် ဆိုတာမျိုး မြင့်မြင့်မားမား ရည်မှန်းချက်တွေ ချမှတ်ကြဖို့ လူမျိုးပေါင်းစုံ ပြည်သူတွေကို ခိုင်ခိုင်မာမာ စည်းလုံးစေမယ့် တော်လှန်သော အတွေးအခေါ်၊ ဒီမိုကရေစီအတွေးအခေါ် ပြည်ထောင်စု အတွေးအခေါ်ကို တည်ဆောက်ရင်း တိုက်ပွဲအရှိန်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒီကိစ္စမျိုးကို ဘေးချိတ်လို့ မရကောင်းပါဘူး။ ဒါတွေကို ဘေးချိတ်လိုက်ရင် ထွန်သွားမပါပဲ နွားချည်းသက်သက်နဲ့ လယ်ထွန်သလို ဘာမှအရာထင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေအတွက် အောင်ပွဲသီးနှံတွေ စားသုံးနိုင်တဲ့ အခြေအနေ မျိုးကနေ ဝေးသထက်သေးနေကြရမှာ သာဖြစ်ပါတယ်။ ဒီမိုကရေစီ တော်လှန်ရေးကြီးကို လယ်သမားတွေ ထွန်ယက်မယ့် ကျယ်ပြောတဲ့ လယ်ယာ လယ်ကွက်နဲ့ နိုင်းဖက်ပြောဆိုမယ်ဆိုရင် ဒီမိုကရေစီဆိုတဲ့ တော်လှန်သော အတွေးအခေါ်ဟာ ထွန်သွားနဲ့ တူပါတယ်။ ထွန်သွားမပါပဲ လယ်ထွန်လို့မရသလို အတွေးအခေါ်မပါပဲ တော်လှန်ရေး လုပ်လို့မရပါဘူး။ လစ်ဘရယ် ဒီမိုကရေစီ အတွေးအခေါ် ဆိုတာဟာလည်း အာဏာရှင် ဘုရင်စနစ် တွေကနေ လွတ်မြောက်ဘို့ ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေး မီးတောက်မီးလျှံတွေထဲမှာ မွေးဖွား ရှင်သန်ကြီးထွား ခဲ့ကြတာဖြစ်ပါတယ်။ အတွေးအခေါ် လက်နက်ရဲ့ ဦးဆောင် ကွပ်ကဲမှုနဲ့ ပေါင်းစပ်ပေးနိုင်မှ သာလျှင် ရေရှည် အောင်ပွဲကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ဘဝကို လွတ်မြောက်စေမယ့်၊ လူမျိုးပေါင်းစုံပြည်သူတွေရဲ့ဘဝကို ငြိမ်းချမ်းစေမယ့် အနာဂတ် ပြည်ထောင်စု အနာဂတ် ဒီမိုကရေစီ လူ့ဘောင်အကြောင်းကို လူမျိုးပေါင်းစုံပြည်သူတွေအထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ချပြဖို့ အားလုံး လူတိုင်း မှာ တာဝန်ရှိပါတယ်။ ဒီလိုချပြတဲ့နေရာမှာလည်း သမိုင်းအမြင်နဲ့ ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ ဟိုးဝေးလံတဲ့ အမေရိကန်နိုင်ငံကဟာမျိုး၊ ဥရောပနိုင်ငံတွေက ပုံစံမျိုး ပုံတူကူးယူ တဲ့အနာဂတ်မျိုးကို ချပြဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာ နိုင်ငံရဲ့သမိုင်းထဲမှာကို ပကတိ တည် ရှိနေတဲ့ အခိုင်အမာ အချက်အလက်တွေကို အခြေခံပြီး တည်ဆောက်သွားရမယ့် အနာဂတ် ပြည်ထောင်စု၊ အနာဂတ်ဒီမိုကရေစီ လူ့ဘောင်ကိုသာ ချပြရမှာ ဖြစ်ပါတယ်။ ခေတ်သစ် ပြည်ထောင်စု မြန်မာနိုင်ငံကို စတင်ထူထောင်ခဲ့တဲ့ ကာလက နိုင်ငံ့ဖခင်ကြီးများ ချမှတ်ခဲ့တဲ့ အခြေခံအုတ်မြစ်တွေဟာ အရင်းခံအားဖြင့် တန်းတူရေး၊ လွတ်လပ်ရေးဆိုတဲ့ ဒီမိုကရေစီ အခြေခံတရားတွေနဲ့ နှောင်ဖွဲ့ပြီး ပုံဖော်ထား ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအခြေခံအုတ်မြစ်တွေကို ခေတ်အချိန်အခါနဲ့အမျှ တိုးတက်ပြောင်းလဲမှုတွေနဲ့ ဖြည့်စွက် ပေါင်းစပ်ပြီး ကောင်းသထက်ကောင်းအောင် ခိုင်မာသထက်ခိုင်မာအောင် ပြုပြင်ဖြည့်စွက်ပြီး တည်ဆောက် သွားကြရမှာ ဖြစ်ပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီးကလည်း ဒီအခြေခံတရား တွေကို ပိုမို ခိုင်မာစေခဲ့တာဖြစ်ပါတယ်။

ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ပါဘူး။ ပူးပေါင်းရေး သာဖြစ်တယ်“ ….. ဆိုတဲ့ ရှင်းလင်းတဲ့ စကားတလုံးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ကြာမြင့်စွာ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမူဆိုပြီး စစ်အာဏာရှင်တွေက ပြည်သူတွေကို မှိုင်းတိုက်သွေးခွဲခဲ့တဲ့ အချက်ကို အထိရောက်ဆုံး ချေဖျက်နိုင်ခဲ့ပါတယ်။ လူမျိုးတမျိုးနဲ့တမျိုး နိုင့်ထက်စီးနင်းအုပ်ချုပ်တဲ့ စစ်အုပ်စုရဲ့ တမင်း၊တနိုင်ငံ၊ ဝါဒကို ဖက်ဒရယ်ပြည်ထောင်စု အတွေးအခေါ်၊ စစ်မှန်တဲ့ ဒီမိုကရေစီအတွေးအခေါ်နဲ့ ချေဖျက်လိုက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အနှစ် (၆၀) ကျော် တော်လှန်ရေးသမိုင်းဟာ အတွေးအခေါ် တော်လှန်ရေးသမိုင်းပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အပါအဝင် ကိုလိုနီ ကျွန်သဘောက်ကနေ လွတ်မြောက်လာခဲ့ကြတဲ့ နိုင်ငံများဟာ၊ တိုင်းနိုင်ငံသစ်တွေ စတင်ထူထောင် အုတ်မြစ်ချသွားခဲ့ကြတဲ့ သူတို့ နိုင်ငံ့ဖခင်ကြီးများရဲ့ အတွေးအခေါ်တွေ၊ အနာဂတ် ရည်မှန်းချက်တွေကို အလေးထားကြတာချည်းပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့ နိုင်ငံမှာတော့ နိုင်ငံ့ဖခင်ကြီးများ ရည်မှန်းခဲ့တဲ့ သာယာငြိမ်းချမ်းတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး ရည်မှန်းချက်တွေကို နင်းချေဖျက်ဆီး သူက ဖျက်ဆီး၊ ခွဲထွက်ရေးဆိုပြီး မဟုတ်မတရား မှိုင်းတိုက်သူက မှိုင်းတိုက်၊ လူမျိုးပေါင်းစုံပြည်သူတွေရဲ့ လွတ်မြောက်ရေး တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးတို့ အတွက် လမ်းညွှန်ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မူကိုပဲ အကြောက်ကြီး ကြောက်သူက ကြောက်ခဲ့ကြလို့ ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ရာမှာ မကြန့်ကြာသင့်ပဲ ကြန့်ကြာခဲ့ရပါတယ်။ လူမျိုးပေါင်းစုံ ပြည်သူတွေဟာလည်း ဒုက္ခပင်လယ်ဝေခဲ့ကြရပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မူအား ဖြင့် သာလျှင် ငြိမ်းချမ်းသာယာတဲ့ ဘဝကို လူမျိုးပေါင်းစုံပြည်သူတွေ မြင်တွေ့ရမှာဖြစ်ပြီး ငြိမ်းချမ်း တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်မှာ စစ်အာဏာဆိုတာ ကြီးထွားရှင်သန် လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒီမိုကရေစီ ထွန်းကားလာရင် နိုင်ငံ့ဖခင်ကြီးများ ရည်မှန်းခဲ့တဲ့ ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းလာရင် စစ်အာဏာဆိုတာ ပြန်လည်ခေါင်းထောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကနေ မွေးထုတ်ပေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း မျိုးဆက်ကို စတေးပစ်ဖို့အထိ ဒီပဲယင်းမှာ ကြိုးပမ်းခဲ့ ကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့်တကွ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့သွေးနဲ့ နှစ်ပေါင်း (၆၀) ကျော် ရင်းနှီးပြီး ရေးသားခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီလူ့ဘောင်ကို သမိုင်းအမြင် ရှိရှိနဲ့ ပြန်လည် ဖော်ထုတ် တည်ဆောက် သွားကြဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိကြောင်းပါခင်ဗျား။

Advertisements

Written by mike16os

September 4, 2010 at 4:40 pm

2 Responses

Subscribe to comments with RSS.

  1. မြန်မာလူငယ်တွေ များများသိအောင်ဖြန့် ပေးနိုင်ရင်ကောင်းမယ် လို့ အကြံပြုပါတယ်။

    Aung Htun

    November 28, 2010 at 7:25 pm

  2. အခုလိုအကြံပြုတာ ကို အထူးပဲကျေးဇူးတင်ပါတယ်။
    အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့်ပြန့် ဆက်လက်ဖြန့်ဖြူးဖို့လည်း ရည်ရွယ်ထားပါတယ်။
    ဦးအောင်ထွန်း တို့ အပါအ၀င် ၀င် ရောက် ဖတ်ရှု၊ နားဆင် သူတွေ ကလည်းပဲ မိမိတို့ လက်လှမ်းမှီ သလောက် ဆက်လက်ဖြန့်ဖြူးပေးကြဖို့ ကိုလည်း အထူးအလေးအနက် ပန်ကြားလိုပါတယ်။ Flash Version ကို မိမိတို့ရဲ့ ပီစီထဲမှာ ဆွဲချပြီး CD ထဲ ကို burn လုပ်ခြင်းအားဖြင့် အလွယ် တကူ ကူးယူဖြန့်ဖြူးနိုင်ပါတယ်။ မကြာခင်မှာ လဲ video version များ ကို ထုတ်လုပ်သွားပါဦးမယ်။ Youtube ကနေ တဆင့် နားဆင်နိုင်အောင်လည်း လုပ်နေပါတယ်။ လောလောဆယ် အထိ ထုတ်လုပ်ထားတဲ့ Youtube version ကို http://www.youtube.com/watch?v=Kl7pKS94PuU မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

    ဆက်လက်ဝေဖန် အကြံပြုကြဖို့ နဲ့ subscribe box ထဲ ကတဆင့် လည်း subscribe လုပ်ကြဖို့ အထူးပန်ကြား မေတ္တရပ်ခံ လိုပါတယ်။

    VanSangVaGroup

    November 29, 2010 at 3:01 am


Comments are closed.