Just Another Wordpress Blog

Just another WordPress.com weblog

Warmest Season’s greetings

Dear Readers and Subscribers,

Warmest Season’s greetings to you all from Vansangva Group.

We are now presenting you Part 1 of a paper by Salai Mamang titled “2008 Constitution: Seven Clauses recommended by the Ethnic Nationalities for amendments.

We hope you enjoy reading the paper and any comment from our readers would be very much appreciated.

We wish you all the best in the coming NEW YEAR – 2015.

Salai Kipp Kho Lian

Written by mike16os

December 31, 2014 at 1:06 pm

Legacies of Panglong

ပင်လုံ အမွေအနှစ်၏ ကျေးဇူးတရားများ

တိုင်းရင်းသားလူမျိုးများ ၏ ပြည်ထောင်စု အရေး

တိုင်းရင်းသားလူမျိုးများ က နှစ်ပေါင်း (၆ဝ) ကျော် တစိုက်မတ်မတ်တောင်းဆိုလာခဲ့ကြသည်မှာ မိမိတို့ဆုံးရှုံးခဲ့ရသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့် တို့ကို ပြန်လည်ရရှိရေး ဖြစ်သည်။ ယနေ့ကာလတွင် တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေးများကို နိုင်ငံရေးအရ အာမခံချက် ရှိ သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု စနစ်အားဖြင့် သာလျင် ဖေါ်ဆောင် နိုင်မည် ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး ကိုလည်း ဖက်ဒရယ်ပြည်ထောင်စု ကိုတည်ဆောက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများ၊ နိုင်ငံရေးပါတီများ၊ (ဂဂ) မျိုးဆက်များ က ပြောဆို ရေးသား လာကြသည်။ လက်ရှိ ၂ဝဝဂ အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးများ ၏ လိုလား ချက် များ နှင့်မကိုက်ညီ ကြောင်း အစိုးရဖက် နှင့် စစ်ဖက် တာဝန်ရှိ ပုဂ္ဂိုလ်များ က လည်း ဝန်ခံထားပြီး ဖြစ်ကြောင်း ကိုလည်း မီဒီယာများမှ တဆင့် ထောက်ပြကြသည်။ ၂ဝဝဂ ခြေခံ ဥပဒေ ပြင်ဆင်ရေး သည် တိုင်းရင်းသားလူမျိုး တရပ်လုံး ၏ ယုံကြည်မှု ကိုးစားမှု နှင့် ဆက်စပ် နေကြောင်း ဖေါ်ပြလာကြသည်။ လူနည်းစု ဖြစ်သော တိုင်းရင်းသားလူမျိုးများ ၏ ပြည်ထေင်စု အရေးကို လူများစု ဗမာတိုင်းရင်းသား များမှ ကုန်လွန်ခဲ့သည့် အနှစ် (၆ဝ) ကျော်ကာလ အတွင်း ယနေ့ ကာလကဲ့သို့ အားနှင့်အင်နှင့် ထုနှင့်ထည်နှင့် ရေးသား ပြောဆို ဆွေးနွေးမှု များ မရှိခဲ့ဘူး ပေ။ ရှိခဲ့ဘူးပြန်လျင်လည်း အာဏာရှင် စစ်အစိုးရတို့၏ ဝါဒဖြန့်ချီရေး များသာဖြစ်ပြီး ဆားမပါသော ဟင်းကိုစားရသလို အနှစ်မဲ့ကာ မြိန်ယှက်မှု မရှိခဲ့ပေ။ ယနေ့ မီဒီယာ များ လွတ်လပ်လာသည်နှင့်အမျှ အိုင်ဒီယာများ၊ အယူအဆများ၊ သတင်းအချက်အလက်များ ဖလှယ်မှု မြင့်တက်လာကာ လူငယ် မျိုးဆက်သစ် တို့ အကြား အတွေးသစ် အမြင်သစ်များ၊ ရှုထောင့်အသစ်များ၊ ရပ်တည်ချက် အသစ်များဖြင့် နိုင်ငံရေး ရေချိန်တို့လည်း ယခင်ကနှင့်မတူ မြင့်တက် နိုးကြား လာသည့် သဘော ဖြစ် သည်။ လတ်တလော ကာလတွင် အကောင် အထည် ဖေါ်ဆောင်ရန် အခက်အခဲ အဟန့်အတားများရှိနေ သေးသည့်တိုင်အောင် တနေ့ တချိန် မကြာတော့သောကာလ စစ်မှန်သော ပြည်ထောင်စုကြီး ပြန်လည်ထူထောင်ရေး အတွက် အားတက် စရာဖြစ်သည်။ ပြည်ထောင်စုအရေးသည် ကျန်တိုင်းရင်းသား လူမျိုးများ ၏ အရေး သက်သက် မဟုတ်ပဲ အများစု ဖြစ်သော ဗမာတိုင်းရင်းသားတို့ ကပါ တက်တက်ကြွကြွ ဦးဆောင် ပါဝင် လုပ်ဆောင်ရမည့်အရေးအဖြစ် သဘောပေါက် လာကြသဖြင့် လူများစု အတွက်ရော လူနည်းစုတို့ အတွက် ပါ တတိုင်းတပြည်လုံး၏ အနာဂတ်အတွက် ကောင်းသော လက္ခဏာ တရပ် ဖြစ်သည်။ ဒီမိုကရေစီ ထွန်းကားသော ပြည်ထောင်စု ခေတ်သစ်ဆီကို ဦးတည်သည့် ပြန်လည် စုစည်းမှု အမှတ် လက္ခဏာတရပ် ပင်ဖြစ်သည်။ ပင်လုံ ကတိကဝတ် တို့၏ အခြေခံပေါ်တွင် ပြည်ထောင်စု ရေးရာ၊ စိတ်ဓါတ်ရေးရာအရ၊ အတွေးအခေါ်ရေးရာ အရ ပြန် လည် ဆုံစည်း လာကြခြင်းဖြစ်သည်။ ပင်လုံ အမွေအနစ် မှရရှိသော ဆုမြတ် နှင့် အကျိုးကျေးဇူးတို့သည်ယနေ့ထိတိုင်အောင် အားကောင်းဆဲ၊ မောင်းသန်ဆဲ၊ စည်းလုံးမှု၊ စုစည်းမှုတို့ကို ပေးနိုင်ဆဲ၊ သက်ရောက်မှု ရှိနေဆဲ ဖြစ် သည်။

ကျောက်ကောင်း တလက်၊ သူရဲကောင်း တဦး

ကျွန်တော်တို့၏ နိုင်ငံသမိုင်းတွင် တချိန်တခါက ပင်လုံတွင် တတင်္ဂအားဖြင့် တည်ဆောက်ခဲ့ဘူးသည့် စုစည်းမှုမျိုး ယခုတဖန် “ပြန်လည်” မြင်တွေ့ရခြင်းဖြစ်သည်။ တချိန်တခါက ဗမာ တိုင်းရင်း သား များ ထဲမှ ဗိုလ်ချုပ်အောင်ဆန်း ဟူသည့် လူပုဂ္ဂိုလ်ထူးတဦး တယောက် ၏ ကြီးမား သော အမျှော်အမြင်တခု ဖြစ်သော်လည်း သူ ကိုယ်တိုင် နှစ်နှစ် ကာကာ အသက်ပေး ချစ်ခဲ့ရသော ဗမာ အပါအဝင် လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူတရပ်လုံးအတွက် ကုန်လွန်ခဲ့ သော အနှစ် (၆ဝ) ကျော် အတိတ်ကာလတွင် တဦးတည်း ကြိတ်ခါ ကြိုကြိုတင်တင် မက်ခဲ့ရသည့် ငြိမ်းချမ်း ရေး အိပ်မက် ဟောင်းတို့သည် လူမိုက်တို့၏လက်ထဲတွင် ရေတိမ်မြုပ်ကာ ပြည်ထောင်စုအဝှမ်း ပြည်တွင်းစစ်ကြီးဟုန်းဟုန်းတောက်လောင်ပြီး ဗမာအပါအဝင် ဖြစ်သော လူမျိုး ပေါင်းစုံပြည်သူတို့ သွေးချောင်းသွင်သွင် စီး ခဲ့ရသည်။ ယင်း အာဇာနီ သူရဲ ကောင်းကြီး၏ ငြိမ်းချမ်း သော ပြည်ထောင်စုကြီး ထူထောင်ရေး အတိတ် အိပ်မက်ဟောင်းတို့သည် ယနေ့ မြန်မာ လူငယ် မျိုးဆက် သစ် တို့၏ အနာဂတ် အိပ်မက်သစ် တခု အဖြစ် နွံထဲမှ ပြန် ပေါ်လာသည့် ကျောက်ကောင်းပမာ အသစ်တဖန် ပြန်လည် လှုပ်ရှား ရှင်သန် လာခြင်းဖြစ်သည်။ ကျောက်ကောင်းမှန်လျင် နွံမှာနှစ်သော်လည်း မညစ် သကဲ့သို့၊ စစ်မှန်သော အာဇာနည် သူရဲ ကောင်းတို့သည် လူသေသော်လည်း သူတို့၏ နာမည် နှင့် အတွေးအခေါ် တို့သည် တိမ်ကော ပျောက်ကွယ် ရိုးထုံးစံမရှိပေ။

ကမ္ဘာနှင့်ချီပြီး ကြာမြင့်သွား ရသည့် ပင်လုံ ခရီး

အာဘရာဟမ်လင်ကွန်းကပြောခဲ့ဘူးသည်မှာ “သစ်ပင်တပင်ကို ခုတ်လှဲဖို့ အချိန် (၆) နာရီပေးပါ၊ ပထမ (၄) နာရီအတွင်း ပုဆိန်ကို ကျွန်တော်သွေးမယ်”ဟူ၏။ အာဏာရှင်စနစ်ကိုလည်း ရွံမုန်း၊ ဖက်ဒရယ် ဆိုပြန်တော့လည်း အကြောက်ကြီးကြောက်၊ “ဖက်ဒရယ် ခွဲထွက်ရေးမူ” ဟူသောတုံးနေသည့် ပုဆိန်ဖြင့် အပင်အို ကိုခုတ်လှဲ ရန် ကျိုးစားခဲ့ကြဘူးပြီ။ ချွေးထွက်သာများခဲ့သည်၊ စည်းလုံးမှု၊ စုစည်းမှုတို့ ကိုမဆောင်ကျဉ်း နိုင်သဖြင့် လွတ်မြောက်ရေး လမ်းကြောင်းပေါ်သို့ မတက်လှန်းနိုင်ခဲ့ကြပေ။ အပင်အိုကတော့ တုတ်တုတ်မျှမလှုပ်ခဲ့။ အာဘရာဟမ် လင်ကွန်း ၏အလိုအရဟူမူ ပထမ (၄) နာရီအတွင်းပုဆိန် ကိုသွေး လိုက်ခြင်းသည် တချက်ပင်မခုတ်ရသေးသော အပင်အိုအား ထက်ဝက်မျှ ခုတ်ထားပြီး သကဲ့သို့ဖြစ်သည်။ ဆိုလိုသည်မှာ သစ်ပင်ကို သဲကြီးမဲကြီးခုတ်ထစ်ခြင်း ထက်၊ ယင်းသစ်ပင်ကို အမြန်ဆုံး အပြီးသတ် ခုတ်လှဲနိုင်ရေးအတွက် အရေးအကြီးဆုံးနှင့် ပထမဦးဆုံး ဦးစားပေး ပြုလုပ်ရမည့် အလုပ်မှာပုဆိန် ကိုထက်မြက် နေအောင် ဦးစွာပထမ သွေးထား သည့် အလုပ် ဖြစ် သည်။ ထက်မြက်သော ပုဆိန် နှင့်တူသည့် ထက်မြက်သော ပင်လုံ အတွေးအခေါ် နှင့် ဖက်ဒရယ်ပူးပေါင်းရေးမူ အားဖြင့် သာလျင် ပင်လုံ ပြည်ထောင်စု ကြီးကို အလျင်အမြန် မျက်မောက်ပြုကာ စစ်ပွဲများငြိမ်းသော စည်းလုံးသော ပင်လုံနိုင်ငံတော်ကြီးကို ကမ္ဘာ့ အလယ်တွင် တင့်တယ် စွာ ပြန်လည် ထူထောင်နိုင်ကြမည် ဖြစ်သည်။ မိမိတို့၏ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ကို ထိထိရောက်ရောက် အသုံးမပြု နိုင်ခဲ့ ကြသဖြင့်၎င်း၊ အသုံးပြုရန်ပျက်ကွက်ခဲ့ကြသဖြင့်၎င်း၊ “ဖက်ဒရယ် ခွဲထွက်ရေးမူ” ဟူသော အာဏာရှင် ၏ မှိုင်းတိုက်သွေးခွဲမှု ကို ဆယ်စုနှစ်နှင့်ချီပြီး ရိုးသားသော ဗမာတိုင်းရင်းသားတို့ အယုံကြီး ယုံမိခဲ့ကြဘူးပြီ။ ဤသို့ဖြင့် ပြည်သူတို့၏ ပင်လုံ တကျော့ပြန်ခရီး သည် နှစ်ပေါင်း (၆ဝ) ကျော်ကြာမြင့်ခဲ့ရသည်။ နှစ်ပေါင်း (၆ဝ) ကျော် ဟူသည်မှာ သက်တမ်းတရာ သာရှိသော လူသား များအတွက် ကမ္ဘာနှင့်ချီပြီးကြာမြင့် သလိုဖြစ်သွားခဲ့ရသည်။ အမှန်တကယ်အားဖြင့် စစ်မက်ပဋိပက္ခများ ကင်းရှင်းသော၊ ငြိမ်းချမ်းသော ဖက်ဒရယ် ပြည်ထောင်စုကြီး ကိုထူထောင်ရန်အတွက် ချစ်ခင် လေးစား အပ်သော ဗမာမျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ တိုင်းရင်းသားလူမျိုးစုတို့ အဆင်သင့်ဖြစ်ခဲ့သည်မှာ ကြာမြင့် လွန်းခဲ့ပြီ ဖြစ် သော်လည်း ဗမာတိုင်းရင်းသားညီအစ်ကို တို့သည် အာဏာရှင်၏ လှည့်ဖျားမှု ကိုအလွယ်တကူ ယုံစားမိခဲ့ကြသဖြင့် မကြာသင့်ပဲ ကမ္ဘာ နှင့်ချီကြာညောင်း ခဲ့ရ သည်။ ရှည်ကြာသော ပြည်တွင်းစစ်ကိုပင် တိုင်းရင်းသား ပြဿနာ ဟူ၍ တမျိုး၊ လူမျိုးစု ပြဿနာ ဟူ၍ တဖုံ မှားယွင်းစွာ ကင်းပွန်းတပ်ခဲ့ကြသည်။ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး တောင်းဆိုသူများကိုလည်း အဖျက်သမားများ၊ ခွဲထွက်ရေးသမား များအဖြစ် အပုတ်ချခဲ့ကြသည်။ အမှန် တကယ် တွင်မူ တိုင်းရင်းသား လူမျိုးစုတို့ စတင်ခဲ့သည့် နိုင်ငံရေးပြဿနာ မဟုတ်မူပဲ ဗမာ တိုင်းရင်းသား တို့၏ ရိုးသားစွာမသိနားမလည်မှု ကြောင့်ဖြစ်ပေါ်ခဲ့ရသော ဗမာ တိုင်းရင်းသား တို့၏ ပြဿနာ၊ တနည်းအားဖြင့် ဗမာပြဿနာ သာဖြစ်ပေသည်။ ဗမာ ကျောင်းသား လူငယ်များ က ဦးဆောင် ခဲ့ပြီး၊ လူမျိုးပေါင်းစုံပြည်သူတရပ်လုံ ပါဝင်ဆင်နွှဲခဲ့ကြသည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၏ အရှိန်အဟုန်အားဖြင့် အာဏာရှင်၏ “ဖက်ဒရယ်၊ ခွဲထွက်ရေးမူ” ဟူသည့် ယုံတမ်းစကား ဖြင့် အစီအစဉ်ရှိရှိ တည်ဆောက်ထားခဲ့ သော အမှောင်တိုက် မောဟ တံတိုင်းကြီး သည် လည်း ပြိုလဲပျက်စီးခဲ့ပြီဖြစ်သည်။ ယနေ့ အမြင်သစ်များ ပွင့်လင်းလာသောခေတ်တွင် ဖက်ဒရယ် ပြည်ထောင်စု ပြန်လည် ထူထောင် ရေး သည် ကမ္ဘာ နှင့်ချီပြီးထပ်မကြာသင့်တော့ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုင်းရင်းသားခေါင်းဆောင်များ က ပုဆိန်ကိုထက်နေအောင် သွေးထားပေး ခဲ့ပြီး ဖြစ်သည်။ ယင်းပုဆိန်ကို လူမျိုးပေါင်းစုံပြည်သူတို့ ယနေ့ ကောက်ကိုက်လိုက်လျင် ပြည်သူတရပ်လုံး အငမ်းမရမျှော်မှန်းခဲ့ကြရသည့် ငြိမ်းချမ်း သာယာ သော ဖက်ဒရယ်ပြည်ထောင်စုကြီး ကိုမနက်ဖန် ဧကန်မလွဲ မျက်မောက် ပြုနိုင်ကြတော့မည်ဖြစ်သည်။

ပင်လုံ နှင့် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ အတွေးအခေါ်

ပင်လုံ ဟုဆိုလိုက်သည်နှင့် လူတော်တော်များများက ရှမ်းပြည်တွင်ရှိသော ပင်လုံ အမည်တွင်သည့် နေရာ၊ဒေသ ကို၎င်း၊ ပင်လုံစာချုပ် ကိုရေးထိုးခဲ့ကြသည့် ၁၉၄ရ ခုနှစ် အချိန်ကာလလေးတခု ကို၎င်းပြေး၍ တွေးမိ မြင်မိ ကြပေလိမ့်မည်။ အမှန်မှာ ပင်လုံဟူသော စကားလုံးသည် ပြည်ထောင်စုမြန်မာ နိုင်ငံ၏ ခေတ်သစ် နိုင်ငံရေးသမိုင်း တွင် အရေးကြီးသော နိုင်ငံရေးဝေါဟာရ တရပ်ဖြစ်ပြီး နေရာ၊ဒေသ နှင့် အချိန် ကိုသာ ရည်ညွှန်း နေသည်မဟုတ်ပေ။ ပင်လုံဟူသည့် စကားလုံးတလုံးကို နိုင်ငံရေးဝေါဟာရ အမြင်ဖြင့် ချည်းကပ် အဓိပ္ပယ်ဖွင့်မည်ဆိုလျင် “ပင်လုံ” ဟု ဆိုလိုက်သည်နှင့် တန်းတူရေး၊ လွတ်လပ်ရေး၊ ပူးပေါင်းရေး၊ ပြည်ထောင်စုအရေး၊ ဒီမိုကရေစီရေး၊ ထာဝရ ငြိမ်းချမ်းရေး စသည့် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ (Universal Democracy) အယူအဆများ ကို “ပင်လုံ” ဟူသော စကားလုံး တလုံးတည်းကို umbrella term တခုအဖြစ်သုံးပြီး principles of democracy ခေါ် ဒီမိုကရေစီ တရား များကို ပေါင်းချုပ်၍ပြောဆို ရေးသား လိုက်ခြင်း သာ ဖြစ်သည်။ “ပင်လုံ” ဟူသည့် နိုင်ငံရေးဝေါဟာရ တွင် အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ် ပြုမှု များ စသည့် ငြိမ်းချမ်း သာယာ သော ပြည်ထောင်စု တခုကိုအောင်အောင်မြင်မြင် ထူထောင်ရန်အတွက် မရှိမဖြစ်လိုအပ်သော နိုင်ငံရေး အနှစ်သာရများ ပါရှိ နေပါ သည်။ ပင်လုံ နှင့် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ (Universal Democracy) အယူအဆများ သည် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ် နေသည်ကို မျက်ဝါး ထင်ထင်တွေ့ရှိနိုင်ပါသည်။ တကြိမ်တည်းတွင် ပင်လုံ ဟူသည်မှာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ (Universal Democracy) အယူအဆများ ကိုအခြေခံသည့် မိမိတို့ ၏ အမိပင်လုံပြည်ထောင်စု ကြီး နှင့် လက်တွေ့ကျကျ ကိုက်ညီသည့် ဒီမိုကရေ စီ၏ အခြေခံတရား များလည်း ဖြစ်ပေသည်။ (Universal Democracy) ဟူသည်မှာ အနောက်တိုင်း ဒီမိုကရေစီလည်းမဟုတ်၊ အရှေ့တိုင်းဒီမိုကရေစီလည်းမဟုတ် ကမ္ဘာ့ အရှေ့၊ အနောက်၊ တောင်၊ မြေက် မည်သည့်အရပ်တွင် နေထိုင်သည်ဖြစ်စေ၊ ခရစ်ယန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်ဘာသာ၊ ဟိန္ဒူဘာသာ အစရှိသည့် ကမ္ဘာ့ဘာသာကြီးများ အနက် မည်သည့် ဘာသာကိုကိုးကွယ်ယုံကြည်သည်ဖြစ်စေ၊ မည်သို့သော မိရိုးဖလာ ရိုးရာယဉ်ကျေးမှု များကို ပိုင်ဆိုင်ကျင့်သုံးသည်ဖြစ်စေ၊ မိမိတို့ ယုံကြည်ကိုးကွယ်ရာဘာသာ နှင့် မိရိုးဖလာ ယဉ်ကျေးမှုများ ကိုစွန့်လွှတ်စရာ မလိုပဲ မိမိတို့၏ ရေခံမြေခံ ပကတိ အရှိတရားများ၊ သမိုင်းကြောင်းများ နှင့် ကိုက်ညီသည့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ကာ ပြည်သူတို့အတွက် နိုင်ငံရေး ခွန်အားတခုကို ဖြည့်တင်းပေး ခြင်းကိုဆိုလိုသည်။(၁)

တနည်းအားဖြင့် ပင်လုံ ဟူသည်မှာ အမေရိကန်နိုင်ငံမှပုံတူကူးချထားသည်လည်းမဟုတ်၊ ဥရောပ အနောက်တိုင်းမှ ပုံတူကူးချကာ တင်ပို့ခဲ့သည် လည်းမ ဟုတ် သော ပင်လုံ နိုင်ငံသူနိုင်ငံသား များ အတူတကွ ပြန်လည် ထူထောင်လတ္တံ့သော ပင်လုံပြည်ထောင်စုကြီး ၏ ရေခံ မြေခံ သမိုင်းကြောင်းနှင့် သဟဇာတ ကျသည့် ပင်လုံခြံထွက် ဒီမိုကရေစီ homegrown Panglong democracy သာဖြစ်ပေသည်။ အမေရိကန် ပြည်ထောင်စုကို စတင်ထူထောင်စဉ် က အမေရိကန်မျိုးချစ်ခေါင်းဆောင်ကြီး များ တွေးခေါ်ခဲ့ကြသော Jersonian Democracy, Madisonian Democracy အစရှိသည်တို့ နှင့်မခြား၊ ဗမာမျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တွေးခေါ်ကာ ကျွန်တော်တို့ ၏ ခေတ်သစ် ပြည်ထောင်စုကြီး ကိုစတင်ထူထောင်ရန်အတွက် ချမှတ်ခဲ့သည့် ပင်လုံ ဒီမိုကရေစီ Panglong Democracy သည် အခိုင်အမာ အထင်အရှား ရှိခဲ့ပါ သည်။ ကိုယ့် သမိုင်း ကို ကိုယ်မေ့ပျောက်ထားရန် မဖြစ်နိုင်ပေ။ World class leader ခေါ် ကမ္ဘာ့အဆင့်မီ ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က သူချစ်သော ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး ကမ္ဘာ နှင့် ထိုက်ထိုက်တန်တန် ရင်ဘောင်တန်း နိုင်မည့် အဆင့်မြင့် ဒီမိုကရေစီ လူ့ဘောင်တရပ်အတွက် ပင်လုံတွင် အုပ်မြစ်ချပေးခဲ့ခြင်း ဖြစ်ပြီး၊ ယနေ့ မြင်တွေ့ နေကြရသည့် အညံ့စား ရွှေရည်စိမ် ဒီမိုကရေစီ မျိုးနှင့် မိုးနှင့်မြေ ပမာ ကွာခြားလွန်းလှပါသည်။

ဖြိုလှဲရိုက်ချိုး၍မရသော သမိုင်း ကျောက်တိုင်

ပင်လုံ အမွေအနှစ် မှရရှိလာသော ဆုမြတ် ကျေးဇူးတရား များ သည် ကျွန်တော်တို့နိုင်ငံ၏အနာဂတ်အတွက် အဘိုးမဖြတ်နိုင် လောက် အောင် ကြီးမား လှသော်လည်း ယင်းအကျိုးကျေးဇူး တို့ကို မမြင်နိုင်ပဲ အပေါ်ယံကြည့်ကာ မဟုတ်မတရား ပြောဆို ဝေဖန်မှု များလည်း ရှိပါသည်။ တချို့က ပင်လုံ ခေတ်ကုန်ဆုံးပြီဖြစ်ကြောင်း ပြော ကြသည်။ အမှန်မှာ ကုန်လွန်ခဲ့သည့် နှစ်ပေါင်း (၆ဝ) ကျော်ကာလတွင် တိုင်းပြည်၏ ပြဿနာကိုဖြေရှင်းရန် ဆွေးနွေးတိုင်း ပင်လုံကို အကြိမ်ကြိမ် ရည်ညွှန်းခဲ့ကြသည့်အပြင်၊ ယနေ့အထိလည်း ပင်လုံ၏ မူ တို့သည် ခေတ်မမီ တော့ကြောင်း အချက်အလက်နှင့် ခိုင်ခိုင်လုံလုံ တိတိကျကျ ဖေါ်ထုတ် တင်ပြနိုင်သူမရှိဘူးသေးပေ။ တနည်းအားဖြင့် ပင်လုံ မူ၊ ပင်လုံ သဘောတရားတို့မှာ timeless principles ခေါ် ခေတ်အချိန်အခါမရွေး မှန်ကန်သော ဒီမိုကရေစီ မူများ တန်ဘိုးများသာဖြစ်ပေသည်။ တချို့ကလည်း ပင်လုံစာချုပ် ဟူသည်မှာ သဘောတူ စာချုပ် သက်သက် တခု မျှသာဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် အရေးကြီးသော အာဏာ ခွဲဝေရေး စသည်တို့ ဘာမှ အတိအကျ မပါဝင်ကြောင်း၊ ထိုစဉ်ကာလ အင်္ဂလိပ် ဘုရင်ခံကောင်စီ တွင် တိုင်းရင်းသား ကိုယ်စားလှယ် များ ကို ထည့်ပေးရန် သဘောတူသည့်သဘော လောက် သာဖြစ်ကြောင်း၊ ပြည်နယ်များ အတွက် ဘဏ္ဍာရေး များ ထောက် ပံ့ ပေးရန် လောက် သာပါရှိ ကြောင်း စသည်ဖြင့် ပင်လုံဝါဒကို ဆန့်ကျင်သည့် စစ်ဝါဒီတို့ အကြိုက် သပုတ်လေလွင့် ဝေဖန်ပြောဆိုလာ သူတို့ ယနေ့ အချိန်အခါတွင်ပေါ်ပေါက်လာရသည်မှာ အကြောင်းမဲ့သက်သက်တော့မဟုတ်တန်ရာပေ။ အမှန်မှာ ပင်လုံသည် သာမန်စာချုပ် သက်သက်မဟုတ်မူပဲ ခေတ်သစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒီမိုကရေစီ အခြေခံအုပ်မြစ်ဖြစ်ကြောင်း ပင်လုံစာချုပ် နှင့် ပင်လုံစာချုပ်ကိုအခြေခံသည့် ဗိုလ်ချုပ် အောင်ဆန်း၏ အခြေခံဥပဒေရေးဆွဲရေး အခြေခံမူ (ရ)ချက်တို့ကိုပူးတွဲလေ့လာ ပါက ပိုမို ခိုင်မာစွာ သိသာ ထင်ရှား လာမည်ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း မကျဆုံး မီရေးသားခဲ့သည့် အခြခံဥပဒေ ပထမမူကြမ်းသည်လည်း ပင်လုံစာချုပ်နှင့် သူ၏လမ်းညွှန်ချက်(ရ)ချက်ကို အခြေခံထားခြင်းဖြစ်သည်။ ယင်း အချက်တို့ကို Vansangva Library (www.vansangva.com) တွင်အကျယ်တဝင့်ဆွေးနွေးခဲ့ပြီးဖြစ်သဖြင့် ဤနေရာ တွင် ဆက်လက် မ ဆွေးနွေး တော့ပါ။ အောက်ဆုံးတွင်ဖေါ်ပြထားသော လင့်များတွင် ပြည့်စုံစွာဖတ်ရှု နိုင်ပါသည်။(၂)

အင်တာနက် စာမျက်နှာတခုတွင်လည်း ပင်လုံစာချုပ်ဟူသည်မှာ ရှမ်းစော်ဘွားများမှ အာဏာမစွန့် လွှတ်လိုသဖြင့် ဗိုလ်ချုပ် အောင်ဆန်း ကအခြေအနေအရ လိုက်လျော ကာ ထိုးခဲ့ရသယောင် ဗမာ ပညာရှင် တဦး မှ ပေါက်ပေါက်ရှာရှာ ရေးသားခဲ့ဘူးသည်။ ပညာရှိ သတိဖြစ်ခဲ ဟူသည့် သဘော သာဖြစ်ပေလိမ့်မည်။ ပင်လုံစာချုပ် ၏ အချက် နံပတ် (ရ)တွင် “တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံ စားစေရမည်“ ဟူ၍အတိအလင်းဆိုထားရာ ပဒေသရာဇ်စနစ်ဟောင်းကို ဆက်လက် ထိမ်းသိမ်းရန် လက်မှတ်ရေးထိုးခဲ့ခြင်းမဟုတ်မူပဲ ဒီမိုကရေစီ စနစ်သစ်ကိုထူထောင်ရန် ရှမ်းစော်ဘွားများ ကိုယ်တိုင် သဘောတူ လက်မှတ်ရေးထိုးခဲ့ ကြခြင်းဖြစ်သဖြင့် ယင်းပညာရှင်ကြီး၏ အဆိုမှာ အခြေအမြစ်မရှိ၊ ပကတိ အမှန်တရားနှင့် ပါစင်အောင် လွဲနေကြောင်း အထင် အရှား သက်သေ ထူ နိုင်ပါသည်။

ပင်လုံသည် အနှစ် ၆ဝ ကျော်ကြာ မြင့်သွားပြီ ဖြစ်သဖြင့် ပင်လုံစာချုပ်ကို အခြေခံ ပြီး စဉ်းစား တွေးခေါ်ခြင်းသည် ခေတ်နှင့်မလျော်ညီ ဘောင်မဝင်တော့ ကြောင်း၊ အခြေခံဥပဒေ (၂ဝဝဂ) သာလျင် ပြည်ထောင်စု မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း ပြောသံ များ လည်းသဲ့သဲ့ ကြားနေရသည်။ ယင်းအဆိုသည် မည်မျှ မှန်ကန်မှု ရှိသနည်း။ ယနေ့ ပြည်သူတို့ က ပင်လုံ ၏ အခြေခံမူ များဖြစ်သော ပူးပေါင်းရေး၊ တန်းတူရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ ငြိမ်းချမ်းရေး တောင်းဆိုသံများ ရပ်စဲသွား သည်မရှိ သည့်အပြင် ယင်းတောင်းဆိုမှုများသည် အတောမသတ် ပို၍ပို၍ ကျယ်လောင် လာခဲ့သည် ကိုထောက်ပြီး ဤအဆိုသည် မှန်ကန်မှု အလျဉ်းမရှိကြောင်း အခိုင် အမာ သက်သေထူနိုင်ပါသည်။ ပင်လုံ ကို သေးသိမ် အောင်၊ ပင်လုံကို မှေးမှိန် အောင် ပြောဆိုကြသူများ သည်၊ ပြည်သူတို့၏ ပင်လုံ တကျော့ ပြန်ခရီးကို နှောင့်နှေး ကာ နောက်ထပ် ကမ္ဘာနှင့်ချီပြီး ကြာမြင့်အောင် ရည်ရွယ်ဟန် ရှိသည်။ မည်သို့ပင်ဆိုစေ၊ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ တရား များ နှင့် ပြီးသောပင်လုံ သမိုင်းကျောက်တိုင်ကို မည်သူမျှဖြိုခွဲ ဖျက်စီး နိုင်စွမ်း မည်မဟုတ်ပေ။

ပင်လုံမူ၊ပင်လုံ ကတိကဝတ် တို့တွင် “ခွဲထွက်ရေး” ကိုဇောင်းပေးထားသယောင် ထင်ယောင်ထင်မှား ပြောဆိုကြပြန်သေးသည်။ သမိုင်းဝင်ပင်လုံစာချုပ် ပါ စာသားများ ကို အသေအခြာဖတ်ကြည့် ပါက “ခွဲထွက်ခွင့်” “ခွဲထွက်ရေး” ဟူသော စကားလုံးများလုံးဝမပါရှိပါ။ ထို့ကြောင့် ဤ အဆိုသည်လည်း မသိနားမလည်သော ပြည်သူအချို့အားလှည့်စားထားခြင်းသာဖြစ်ကြောင်း အခိုင်အမာ သက်သေထူနိုင်ပါသည်။

တချို့ကလည်း ပင်လုံတွင်ပါဝင်လက်မှတ်ရေးထိုးသည်မှာ ရှမ်း၊ချင်း၊ကချင်၊ဗမာ သာဖြစ်သဖြင့် အခြားသော တိုင်းရင်းသား လူမျိုးများ မပါ ရှိကြောင်း၊ တိုင်းရင်းသားအားလုံးပါဝင်သော “ပင်လုံထက်ပိုမိုသာလွန်သော” ညီလာခံကြီးတရပ်ကိုပြန်လည်ကျင်းပရမည်ဖြစ်ကြောင်း ပြောဆို ကြ သည်။ အမှန်အားဖြင့်မူ ကျွန်တော်တို့၏ ခေတ်သစ်ပြည်ထောင်စု သမိုင်းတွင် တခြားတိုင်းရင်းသားလူမျိုးများကလည်း ပြည်ထောင်စုကြီးမှ ခွဲထွက်ကာ သီးခြားသမ္မတ နိုင်ငံများတည်ဆောက်ရန် မတောင်းဆိုပဲ ပြည်နယ်အသီးသီး တောင်းဆို ကာ ပြည်ထောင်စုကြီး၏ အဖွဲ့ဝင် အဖြစ် ဆက်လက်ပါဝင်လာကြသည်မှာ ပင်လုံကတိကဝတ် တို့ ၏ ပူပေါင်းရေးဆိုင်ရာမူဝါဒများ ရှိခဲ့သောကြောင့်သာဖြစ်သည်။ တနည်း အား ဖြင့် နောက်ပိုင်းမှ ပြည်နယ် အဖြစ် ပါဝင်လာကြသော ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင် အစရှိသည့် တိုင်းရင်းသားများသည်လည်း ပင်လုံကို ယုံကြည်၍ ဆက်လက်ပြီး တနည်းတဖုံ အတည်ပြု သွားကြ ခြင်းဖြစ်သည်။ အတိတ်သမိုင်းကြောင်းများ မတူညီကြသည့် တိုင်းရင်းသားလူမျိုးများ သည် ပင်လုံ ကတိကဝတ်အပေါ်တွင်အားလုံးစုစည်းပြီး တူညီသော၊ တခု တည်း သော ခေတ်သစ် ပင်လုံပြည်ထောင်စုကြီး၏ သမိုင်းကို စတင် ရေးသား နိုင်ခဲ့ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စု ကို ပြည်နယ် (၁၃) ခုနှင့် စတင်ထူထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်နယ် အသစ်များပါဝင်လာရာ ယနေ့ ပြည်နယ် (၅ဝ) ဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စုတခုဖြစ်လာခဲ့ရာ၊ အမေရိကန်ပြည်ထောင်စု ကြီးကို စတင်ထူထောင်ခဲ့ကြသော ပြည်နယ် (၁၃) ခုနှင့်သာ သက်ဆိုင် သည်ဟု ဆို၍မရပေ။ နောက်ထပ်ဝင်ရောက်ပူးပေါင်းခဲ့သော ပြည်နယ် (၃ရ) ပြည်နယ်တို့သည်လည်း ဗြိတိသျှ ကိုလိုနီလက်အောင်မှ လွတ်မြောက်လာခဲ့သော ကနဦး (၁၃) ပြည်နယ် တို့ ၏ လွတ်လပ်ရေးကြေညာစာတမ်းပါ အခွင့်အရေးများ မျှော်မှန်းချက်များ၊ အမေရိကန်ပြည်ထောင်စုကို ကနဦးစတင်ထူထောင်ခဲ့ကြစဉ်က ချမှတ်ခဲ့သော ဖက်ဒရယ် ပြည်ထောင်စု သဘောတရားများ ကိုလက်ခံ ယုံကြည် ကြ၍ သာပူးပေါင်းပါဝင်လာခဲ့ကြခြင်းဖြစ်သည်။ ထိုနည်း၎င်းပင် ပင်လုံ စာချုပ်ကို ကို ကနဦး ရေးထိုး ခဲ့ကြသည့် ချင်း၊ရှမ်း၊ဗမာ၊ ကချင် တို့နှင့်သာသက်ဆိုင်သည်မဟုတ်မူပဲ၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်း ချမ်းချမ်း ဆက်လက် နေထိုင်သွားရန်ဆန္ဒ ရျိကြသည့် အခြားတိုင်းရင်းသားလူမျိုးများ နှင့် ပါ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ် သက်ဆိုင်နေပါသည်။ ပင်လုံကတိကဝတ် နှင့် ပင်လုံမျှော်မှန်းချက် တို့သည် လည်းထိုနည်း၎င်းပင် ကျွန်တော်တို့၏ ပြည်ထောင်စု ကြီး အရှည်သဖြင့် တည်တန့်ခိုင်မြဲရေး အတွက် ခိုင်မာသော သမိုင်း ကျောက်တိုင် တခုဖြစ်ပေသည်။

ဗမာ တိုင်းရင်းသား တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

ပင်လုံစာချုပ်သည် တိုင်းရင်းသားလူမျိုးစုအရေးသက်သက်နှင့် သာသက်ဆိုင်သည် မဟုတ်ပေ။ ပင်လုံစာချုပ်သည် ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံး တို့၏ အနာဂတ်ကံကြမ္မာအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော သမိုင်းဝင် နိုင်ငံရေးစာတမ်းတခုဖြစ်ပေသည်။ ဗြိတိသျှ ကိုလိုနီ ကျွန်သ ဘောက် ဘဝတွင် အတူတကွကျရောက်ခဲ့ကြရသည့် ဗမာအပါအဝင် တိုင်းရင်း သား လူမျိုးအားလုံးတို့သည် လွတ်လပ်ရေး ကိုသာ အငန်းမရ လိုချင် ခဲ့ ကြ သည်။ ထိုစဉ်ကာလ ကမ္ဘာနှင့်အဝှမ်း ကိုလိုနီစနစ်များဖျက်သိမ်းရေးကို ကမ္ဘာ့ ကုလသမဂ္ဂ မှကမကထပြုဆောင်ရွက်ရာတွင် ကိုလိုနီ လက် အောက်ခံ လူမျိုးများ နိုင်ငံများတွင် ကိုယ့်ကြမ္မာ ကိုယ် လွတ်လပ်စွာဖန်တီးခွင့် ပြန်လည်ရရှိရေးသည် အဓိကကျသော စီမံကိန်းဖြစ်သည်။ ဤသို့ လူမျိုးများ နိုင်ငံများတွင် ကိုယ့်ကြမ္မာ ကိုယ် လွတ်လပ်စွာဖန်တီးခွင့် ကိုကမ္ဘာ နှင့် အဝှမ်း လက်ခံ အသိအမှတ်ပြုလာသည်နှင့်အမျှ၊ သူတပါးနိုင်ငံ အားနယ်ချဲ့ ကာ ကိုလိုနီကျွန်ပြု သည့်စနစ်ကို အပြီးအပိုင်ဖျက်သိမ်းရန်အတွက် self-determination ခေါ် “ကိုယ်ပိုင်ပြဌာန်းခွင့်” သည် မဟာဗျူဟာ ကျသော သော့ချက် စကားလုံး ဖြစ်လာခဲ့သည်။ (၃)

တနည်းအားဖြင့် လွတ်လပ်စ နိုင်ငံများသည် ကမ္ဘာ့အလယ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တဦး၏ လွတ်လပ်ရေး ကို တဦး အပြန်အလှန် လေးစားအသိအမှတ်ပြုကြပြီး “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ကိုယ်စီ ပိုင်ဆိုင်ကာ နိုင်ငံကြီးသည်ငယ်သည်မဟူ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အဖြစ် တန်းတူရည်တူ ပါဝင်လာကြပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိမ်းသိမ်း တည်ဆောက်ကြရမည်ဖြစ်သည်။ ကမ္ဘာစစ်ကြီးများ ကိုဖန်တီးခဲ့သည့် ကိုလိုနီ စနစ်ဆိုး များ ချုပ်ငြိမ်းကာ ငြိမ်းချမ်းသောကမ္ဘာကို တည်ထောင်ရန်အတွက် အချုပ်အခြာအာဏာရှိသော နိုင်ငံ အသီသီး လူမျိုးအသီးသီး တို့၏ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” သည် မရှိမဖြစ်လိုအပ်သည်။

အချုပ်အခြာအာဏာပိုင် လွတ်လပ်လာသော နိုင်ငံတို့ အနက် လူမျိုးတမျိုးတည်းနေထိုင်သောတိုင်းပြည်များသည် nation state ခေါ် အမျိုးသား နိုင်ငံများ အဖြစ် သမ္မတ နိုင်ငံများ ကိုထူထောင်ကြမည်ဖြစ်ပြီး၊ မြန်မာ၊ မလေးရှား၊ အိန္ဒိယ အစရှိသည့် multi-national states ခေါ် လူမျိုး ပေါင်းစုံနေထိုင်သော နိုင်ငံများတွင်မူ တိုင်းရင်းသား လူမျိုးအသီးသီး အတွက် internal self-determination ခေါ် နယ်တွင်း ကိုယ်ပိုင်ပြဌာန်းခွင့်၊ နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသည့် ပြည်နယ်များ အဖြစ် ပူပေါင်းကာ “ပြည်နယ်ပေါင်းစု” ပြည်ထောင်စုစနစ်အားဖြင့် ပြည်နယ်ကြီးသည် ငယ်သည်မဟူ တန်းတူရည်တူ အတူတကွ ယှဉ်တွဲနေထိုင် ကြရမည်ဖြစ်သည်။ ဤနည်းအားဖြင့် လူမျိုး ပေါင်းစုံနေထိုင်သော နိုင်ငံများအတွင်း လူမျိုးရေး ပဋိပက္ခများ ကင်းရှင်းကာ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ မြှင့်တင် ထိမ်းသိမ်း တည်ဆောက်နိုင် မည်ဖြစ်သည်။

သို့ရာတွင် ကျွန်တော်တို့နိုင်ငံတွင် ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်များ မှေးမှိန်ကာ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ သည် သာကြီးစိုးခဲ့ပြီး nation state ခေါ် လူမျိုးတမျိုးတည်း နေထိုင်သောနိုင်ငံတခုပုံသဏ္ဍန်သို့ အတင်းအဓမ္မ အသွတ်သွင်းခံ ခဲ့ကြရသဖြင့် တိုင်းရင်းသား လူမျိုးတို့၏ နဂိုရှိရင်းစွဲ ကိုယ်ပိုင် ပြဋ္ဌန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တို့ ကိုပါဆုံးရှုံး ခဲ့ကြရသည်။ တဆက်တည်းတွင် ဒီမိုကရေစီ အခြေခံတရားများ ပါ ဆိပ်သုဉ်းကာ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်း လိုက်သည့် အချိန်မှစပြီး အများစုကြီးဖြစ်သော ဗမာတိုင်းရင်းသားတို့၏ အများစုအုပ်ချုပ်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပါ ဆုံးရှုံးခဲ့ကြရသည်။ တနည်းအားဖြင့် ဗမာတိုင်းရင်းသားတို့ကိုယ်တိုင်လည်း မိမိတို့၏ နဂိုရှိရင်းစွဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် – တနည်းအားဖြင့် ပြည်သူတို့ ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲသော အခြေခံဥပဒေ ပြဋ္ဌာန်းခွင့် ကို၎င်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် – တနည်းအားဖြင့် တိုင်းပြည်ခေါင်းဆောင်ကို မိမိတို့ဆန္ဒ အလျောက်လွတ်လပ်စွာရွေးချယ်ခွင့် ကို၎င်း ဆုံးရှုံးခဲ့ကြရသည်။ ရရှိပြီးသား လွတ်လပ်ရေး ကိုပြန်လည် ဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ တိုင်းရင်းသားလူမျိုး တို့၏အရေးသည် ဗမာတိုင်းရင်းသားတို့၏အရေး နှင့်ခွဲခြား၍ မရအောင် နက်နက် ရှိုင်းရှိုင်းဆက်စပ်နေသည်။ ဗမာ နှင့် တိုင်းရင်းသား လူမျိုးများ၊ တိုင်းရင်းသားလူမျိုးများ နှင့်ဗမာ ဘဝတူ တလှေတည်း စီးခဲ့ကြည်မှာ နှစ်ပေါင်း ရာစုနှစ်ချီ ကြာ မြင့်ခဲ့ပြီ ဖြစ်သဖြင့် တဦး ကိုတော့ လွတ်လပ်စေ၊ နောက်တဦးကိုတော့ ကျွန်ဘဝတွင်နေစေ ဟူ၍ ခွဲခြား အုပ်ချုပ် ၍မရစကောင်းပေ။ ပင်လုံ တွင်လွတ်လပ်ရေး ကို တန်းတူ ရည်တူ အရယူခဲ့ကြသဖြင့်၊ လွတ်လပ်ရေး၏ အသီးအပွင့်တို့ကိုလည်း တန်းတူ ရည်တူခံစားခွင့် ရှိကြရပေမည်။ တိုင်းရင်းသားလူမျိုးများ က မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များဆုံး ရှုံးလျင်၊ မကြာမီသောကာလတွင် ဗမာ တိုင်းရင်းသား တို့ ကပါ မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ကို တဆက်ထည်းဆိုသလိုဆုံးရှုံးမည်ဖြစ်ကြောင်း ကျွန်တော်တို့၏ သမိုင်းကအခိုင်အမာ သက်သေ ထူခဲ့ပြီး ဖြစ်သည်။

လူမျိုး ပေါင်းစုံနေထိုင်သော ပြည်ထောင်စုနိုင်ငံတခုတွင် လူမျိုးအသီးသီး ဒေသအသီးသီးတို့သည် မိမိတို့ လူမျိုး၏ ယဉ်ကျေးမှု ဓလေ့များ နှင့်သော်၎င်း၊ မိမိတို့ နေထိုင်ရာပထဝီဒေသနှင့် ၄င်း ကိုက်ညီသည့် ဥပဒေများကို အားလုံးပါဝင်ရေးဆွဲပြီးသဘောတူပြဋ္ဌာန်းခဲ့ကြသည့် “ပြည်နယ်ပေါင်းစု” ပြည်ထောင်စုကြီး၏ အခြေခံဥပဒေနှင့် မဆန့်ကျင်ပဲ ပြည်နယ်အစိုးရတို့က ပြဋ္ဌာန်းပိုင်ခွင့် ရှိရမည့်အပြင် အုပ်ချုပ်ရာတွင်လည်း မိမိတို့၏ အစိုးရ၊ မိမိတို့၏ ခေါင်းဆောင်ကို မိမိတို့၏ ပြည်သူများကိုယ်တိုင် ရွေးချယ်ခန့်အပ် နှိုင်ရမည်ဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိသော လူမျိုးသည် လွတ်လပ်သည့်လူမျိုးမဟုတ်ပေ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရန်အတွက် အစိုးရလည်းရှိရပေမည်။ အစိုးရ မရှိ သော လူမျိုးသည် လွတ်လပ်သော လူမျိုးမဟုတ်ပေ။ သို့ရာတွင် လွတ်လပ်ရေးရခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) အရ၊ တိုင်းရင်းသား ပြည်နယ် များအတွက် မိမိတို့၏ အစိုးရ၊ မိမိတို့၏ ခေါင်းဆောင်ကို မိမိတို့ ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိခဲ့ကြပေ၊ ပြည်နယ် အုပ်ချုပ်ရေး အကြီးအကဲကို ဝန်ကြီးချုပ်မှခန့်အပ်ရသဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကို ဆုံးရှုံးကာ Internal Colony ခေါ် ပြည်တွင်း ကိုလိုနီ ကျွန်သပေါက် ဘဝ ကိုကျရောက်ခဲ့ကြရသည်။ ပြည်သူတို့ ကတိုက်ရိုက်ရွေးကောက်သော ကိုယ်ပိုင် အစိုးရမရှိသဖြင့် ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်လည်းမရှိတော့ပေ။ တနည်းအားဖြင့် ဗြိတိသျှ ကိုလိုနီ ကကျွန်သဘောက်ဘဝမှ လွတ်မြောက် လာကြ ခြင်းသည် တိုင်းရင်းသားလူမျိုး တို့ အတွက် လွတ်လပ်ရေး ကိုဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။ လွတ်လပ်ရေးကိုအငန်းမရ၊ အလျင်အမြန်လိုချင်၍ ပင်လုံစာချုပ် အားဖြင့် ဗမာ နှင့်ပူးပေါင်းကာရေးထိုးခဲ့ကြသော်လည်း၊ လွတ်လပ်ရေး ကိုမရပဲ၊ ဗမာ ကိုလိုနီ ကျွန် သပေါက် ဘဝကို ရောက်အောင် လက်မှတ်ရေးထိုး ခဲ့ကြ သကဲ့သို့ဖြစ်သွားရသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များ ဆုံးရှုံးခဲ့ကြရသဖြင့် လွတ်လပ်သော လူမျိုး များ ဟူ၍ မခေါ်ဆိုနိုင်တော့ပေ။ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြစဉ်က ဗမာတိုင်းရင်းသားတို့၏ အခွင့်အရေး များ ကိုထည့်သွင်း ထားခြင်းမရှိပဲ Frontier Areas များမှ ချင်း၊ ရှမ်း၊ ကချင် တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တို့ကိုသာကွက်ပြီး အာမခံကာ သဘောတူ ချုပ်ဆိုခဲ့ သည်မှာ ယနေ့ ဗမာ တိုင်းရင်းသား တို့ကိုယ်တိုင် အခွင့်အရေးများ ဆုံးရှုံးရသည့် အခြေသို့ ကျရောက်ရန် သမိုင်းဟာကွက်တခု ဟုတ်မဟုတ် တွေးတောစရာ မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။ အများစုကြီးဖြစ်သော ဗမာပြည်သူ တို့ရွေးကောက် တင်မြှောက် သည့် နိုင်ငံရေး ခေါင်းဆောင် ဟူ၍ မရှိခဲ့သည်မှာ ကြာငြောင်း ခဲ့ပြီဖြစ်ပြီး ဗမာ စစ်အာဏာရှင် တို့သာ ကြီးစိုးခဲ့သည်။ ဒီမိုကရေစီစံအရ ပြည်သူတို့ကိုယ်တိုင်က လိုလိုလားလား ရွေးကောက်တင်မြှောက် သောခေါင်းဆောင် သည်သာလျင်စစ်မှန်သော ခေါင်းဆောင်ဖြစ်ပြီး အာဏာရှင် ဟူသည်မှာ ခေါင်းဆောင်မ ဟုတ်ပေ။ အာဏာရှင် စနစ် ကိုပြည်သူတို့မရွေးချယ်ခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်း ၏ အခြေခံ ဥပဒေ ရေးဆွဲရေး ဆိုင်ရာ လမ်းညွှန် (ရ)ချက် မှ အချက် (၃) တွင်“ ပြည်နယ်များ အပါအဝင် အစိုးရ အဖွဲ့အစည်းအားလုံးတို့၏ အာဏာသည် တိုင်းသူပြည်သားများထံမှဆင်းသက်ရမည်” ဟူသော မူဝါဒ ကို ချိုးဖေါက်ခဲ့ကြသဖြင့် ဗမာအပါအဝင် လူမျိုးပေါင်းစုံပြည်သူတို့ သည်မိမိတို့၏ အချုပ်အခြာအာဏာ ကိုဆုံးရှုံးခဲ့ကြရသည်။

ပြည်သူတို့၏ အချုပ်အခြာအာဏာ ကိုထင်ဟပ်စေသည့် ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်များ ကင်းမဲ့လာသည်၏ နောက်ဆက်တွဲ အဖြစ် ပြည်သူတို့သည် မိမိတို့၏ ဆန္ဒ အလျောက် တိုင်းပြည်တိုးတက်ရေးကိုလုပ်ဆောင်ခွင့်မရှိသဖြင့် နောက်ဆုံးတွင် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းတွင်ဝင်သွားရသည်။ ဆင်းရဲတွင်းမှ လွတ်မြောက်ရန် အတွက် ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးတို့တွင် ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များမရှိ၍မဖြစ်ပေ။ ငြိမ်းချမ်းသော ကမ္ဘာကြီး ကို ထူထောင်ရန်အတွက် နိုင်ငံများ၊ လူမျိုးများသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များရှိရမည်ဖြစ်သလို၊ ငြိမ်းချမ်းသော တိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စု ကြီးအဒွန့်ရှည်တည်တန့်ခိုင်မြဲရေး အတွက် ဗမာအပါအဝင်လူမျိုးတိုင်းသည် လည်းကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် များရရှိခံစား ကြရပေမည်။ မည်သည့်လူမျိုး၊မည်သည့် ဒေသကိုမျှ သာစေ၊နာစေ ခွဲခြား၍မရစကောင်းပေ။ လူမျိုးတမျိုးကိုတော့ ပြည်နယ်၊ နောက်တမျိုးကိုတော့ တိုင်းအဆင့်သာသာ တွင်ထား၍ မရစကောင်းပေ။ “ပြည်နယ်ပေါင်းစု” ပြည်ထောင်စုကြီး ကို ထူထောင်ကာ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးများသည် တန်းတူရည်တူ ပြည်နယ်များ အဖြစ် ကိုယ်ပိုင် အခွင့်အရေး များခံစား ကြရမည်ဖြစ်သည်။ ဤသည်မှာ မသိ ကျိုးကျွံ မပြု စကောင်းသော ကမ္ဘာ့ နိုင်ငံရေး၏ နိယာမတရားများ ဖြစ်ပေသည်။ ဤနိယာမတရားကို မသိကျိုးကျွံပြုသည်နှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက် တွင် အတောမသတ်နိုင်သောပြဿနာများဖြစ်ပေါ်စမြဲဖြစ်သည်။

တန်ဘိုးမဖြတ်နိုင်သည့် ပင်လုံအမွေအနစ်

တိုင်းပြည်၏ လွတ်လပ်ရေး ဖခင်ကြီးလည်းဖြစ်၊ တပ်မတော်၏ ဖခင်ကြီးလည်းဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း သည် အနာဂတ် ပြည် ထောင်စု အတွက် နိုင်ငံရေး အစဉ်အလာ ကောင်းတရပ်ကိုချမှတ်ပေးခဲ့ဘူးသည်။ သူကိုယ်တိုင်ရေးဆွဲချမှတ်ခဲ့သော ပင်လုံမူ သည် သာလျင် ကျွန်ပ် တို့ ပြည်ထောင်စုကြီး၏ တခုတည်းသော ဒီမိုကရေစီ အခြေခံအုပ်မြစ်ဖြစ်ပေသည်။ ယင်းအခြေခံအုပ်မြစ် အရ ကျွန်သဘောက် ဘဝမှ လွတ်မြောက်ခဲ့ကြပြီး၊ ယင်းအခြေခံအုပ်မြစ် ပေါ်တွင် ပင်လုံပြည်ထောင်စုကြီး ကိုစတင် ထူထောင် ခဲ့ကြသည်။ ယနေ့ ရန်ကုန်မြို့ မဟာဗန္ခုလ ပန်းခြံတွင် ထီးထီးမားမား တည်ရှိနေ သော လွတ်လပ်ရေး ကျောက်တိုင်တွင် ရေးထိုးထားသည့် လွတ်လပ်ရေး ကြေညာစာတမ်းသည်လည်း ယင်းပင်လုံ အခြေခံအုပ်မြစ် ပေါ်တွင် စိုက်ထူ ရေးသား ခဲ့ကြရခြင်းသာဖြစ်သည်။ ယင်းလွတ်လပ်ရေးကြေညာစာတမ်း ၏ အမှတ်စဉ် (၅) တွင် အောက်ပါအတိုင်း အတိအလင်း ကဗျည်းထိုး ရေးသားခဲ့ကြသည်။

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တဦးတယောက် တဖွဲ့ တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတဦးတ ယောက်တဖွဲ့ တသင်း၏ ပုဂ္ဂ လိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတဦး တယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုး ခံစားအပ်သော နိုင်ငံမဟုတ်၊အတိတ် ကာ လလည်းကောင်း၊ ယခုမျက် မှောက်တွင်လည်းကောင်း၊နောင်လာလတံ့ သော အနာဂတ်ကာလ ၌ လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီး အ တွင်း ၌ မှီတင်း နေထိုင်ကြသောကြီးငယ်ဝေးနီး ကျား/မ မခြား သစ္စာတော်ခံ နိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည် ဟူ သော လူ့ဘာသာ လူ့တရား နှင့်အညီကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု ၌လူအပေါင်းတို့၏ သဘောဆန္ဒအရလူ အဝှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက် နိုင်အံ့သောပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်း မငြိပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့် လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာပိုင်းခြားသတ်မှတ်တူညီသော တရား တူညီသောအခွင့်အရေးတူညီသော အဆင့် အ တန်း အားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သော အဖြစ်ကို လက် ဆုပ်လက်ကိုင်ငါတို့အပိုင်ရပြီ။“

ပင်လုံလမ်းမှသွေဖီလာခဲ့ကြပြီး လွတ်လပ်ရေး၏ အခြေခံအုပ်မြစ်၊ ပြည်ထောင်စုကြီး၏ အခြေခံအုပ်မြစ်၊ ဒီမိုကရေစီအခြေခံအုပ်မြစ် ဖြစ်သော ပင်လုံ ဟူသည့် အခြေခံအုပ်မြစ် ကိုပစ်ပယ်ခဲ့ကြသဖြင့် ယင်း လွတ်လပ်ရေး ကြေညာစာတမ်း ကြီး သည်လည်း ယနေ့ အချိန်အခါတွင် ကဗျည်း အက္ခရာများသက်သက် အဖြစ်ကျန်ရှိခဲ့ပြီး လူမျိုးပေါင်းစုံပြည်သူအပေါင်းတို့ မှော်မှန်းခဲ့သည့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ကို လက်လွတ်ဆုံးရှုံး ခဲ့ကြရသည်။

အဆောက်အဦးတခု၏ ခြေခံအုပ်မြစ် (foundation) ဒီဇိုင်းကိုကြည့် လိုက်ရုံနှင့် အတွေ့အကြုံရင့်ကျက်ပြီးသော ဆောက်လုပ်ရေး အင်ဂျင်နီယာ (သို့မဟုတ်) ဗိသုကာ တဦးသည် ယင်းအခြေခံအုပ်မြစ်ပေါ်တွင် ဆောက်လုပ်မည့် ဆောက်အဦးသည် အထပ်ပေါင်းမြောက်မြားစွာရှိပြီး ခန့်ငြား ထည်ဝါသော မိုးထောင်တိုက် အမျိုးအစားလား၊ သာမန် နှစ်ထပ်၊ သုံးထပ်တိုက် အမျိုးအစားလားဆိုသည်ကိုချက်ခြင်း သိမြင် မှန်းဆနိုင် သကဲ့သို့ ပင်လုံစာချုပ်တွင်ပါဝင်သော ကျစ်လစ် သိပ်သည်းသည့် နိုင်ငံရေးမူဝါဒ များ ၏ အတိမ်အနက်ကိုကြည့်ပြီး၊ ပင်လုံ အခြေခံ အုပ်မြစ်ပေါ် တွင် တည်ဆောက်မည့် ပြည်ထောင်စုကြီး သည် အမေရိကန်ပြည်ထောင်စု၊ Federal Republic of Germany ခေါ် ဂျာမန် ပြည်ထောင်စုသမ္မတ နိုင်ငံ များ ကဲ့သို့ ခန့်ငြားထည်ဝါသော ပြည်ထောင်စု ကြီးတခုကိုတည်ဆောက် တော့မည့် တိုင်းပြည်တခု၏ အခြေခံအုပ်မြစ်ဖြစ်ကြောင်း ကိုရင့် ကျက်သော နိုင်ငံရေးသမားတဦးမှန်လျင် ခန့်မှန်းရိပ်မိ မှန်းဆ နိုင် ပေလိမ့်မည်။

ယိုင်နဲ့တိမ်းစောင်းနေသော လွတ်လပ်ရေးကျောက်တိုင်ကြီးအားပြန်လည်တည့်မတ်ရန်အတွက် ယင်းကျောက်တိုင်ကြီး၏ အောက်ခြေ အခြေခံအုတ်မြစ်တွင် ပင်လုံမူတို့သည် မပျောက်မပျက် အခိုင်အမာတည်ရှိနေပါသေးသည်။ ပင်လုံမူကို လူမျိုးပေါင်းစုံပြည်သူတို့ အတူတကွ ပြန်လည်စုပ်ကိုင်ကာ ပင်လုံလမ်းကိုပြန်လည် လက်တွဲ လျောက်လှမ်းကြမည်ဆိုလျင် ယိုင်နဲ့တိမ်းစောင်းနေသော လွတ်လပ်ရေး ကျောက်တိုင်ကြီး သည်လည်း ပြန်လည်တည့်မတ်လာတော့မည်ဖြစ်ကြောင်း အလေးအနက် တင်ပြဆွေးလိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က လမ်းညွှန်ခဲ့သည်မှာ လွတ်လပ်ရေး ရပြီးလျင် “သူများ ခြေလှမ်းတလှမ်းလှမ်းရင်၊ ကျွန်တော်တို့ ကခြေလှမ်း ဆယ်လှမ်းလှမ်းနိုင်ရမယ်” ဟူ၏။ စစ်အာဏာရှင်စနစ်အောက်တွင် ကျွန်တော်တို့ သည် အရှေ့သို့ခြေလှမ်း ဆယ်လှန်း မလှန်း ပဲ အနောက်သို့ ခြေလှမ်းအလှမ်းတရာလှမ်းခဲ့ကြသည်။ ယနေ့ကာလ အင်တာနက်ခေတ်တွင် အိမ်နီးခြင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့ နိုင်ငံများသည် ခြေလှမ်းကျဲကြီးများဖြင့် အီလက်ထြောနစ် နည်းပညာတို့ ၏ အကူအညီကို အသုံးပြုပြီး သတင်းအချက်အလက်များကို မြန်ဆန်လွန်းလှသော အလျင် နှုန်းများဖြင့် ဖလှယ်ရင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အဖက်ဖက်တွင် ကျွန်တော်တို့ ကို စက္ကန့် နှင့် အမျှ တဝီဝီ် ကျော်ဖြတ်ချန်လှပ်နေပြီဖြစ်သဖြင့် သူများ ခြေလှမ်း တလှမ်းလှမ်းလျင်၊ ကျွန်တော်တို့ ကခြေလှမ်း အလှမ်းတရာလောက် မှ မလှမ်း နိုင်လျင် နေ့စဉ်နှင့်အမျှ လူသားတို့၏ ပစ္စုပ္ပန် ဘဝအတွင်းသို့ ပြင်းထန်လွန်းသော အမြန်နှန်းဖြင့် ဆောင့်ကာနင်းကာ ဝင်ရောက်လာ နေသော အနာဂတ် ကမ္ဘာကြီးသည်ကျွန်တော်တို့ နိုင်ငံအား ဒရွတ်တိုက် ဆွဲခေါ်ကာ နိုင်ငံ အဝှမ်း ပွန်းပဲ့ထိရှမှုများ ကိုမကြာတော့သောကာလတွင် အတောမသတ်မြင်တွေ့ခံစားကြရမည်ဖြစ်သည်။ အရှိန် အဟုန် ဖြင့် ဝင်ဆောင့်ကာစိန်ခေါ်နေသည့် အပြောင်းအလဲများကို လက်နက်ဖြင့်၎င်း၊ အာဏာဖြင့်၎င်း ဟန့်တားနိုင်စရာကြောင်းမရှိပေ။ သူများ တကာ အင်တာနက် အဝေးပြေး လမ်းမကြီး ပေါ်တွင် တဝီဝီ ကျော်ဖြတ် နေစဉ်တွင် ကျွန်တော်တို့ နိုင်ငံအား လှည်းကြမ်း ကြီး ပေါ်တင်ပြီး တအိအိ မောင်နှင်း ခေါ်ဆောင်ကာ ပဒေသရာဇ် ခေတ်ဟောင်း ဆီသို့ နောက်ပြန်လှမ်းနေ သော တောသူကြီး တို့ ခေတ်သည် ကုန်ဆုံးသင့်ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာသည့် အချိန်တွင် ဘီဘီစီသတင်းထောက်မှ သူမအား ဗမာ့ တပ်မတော်ကို ဖြိုခွင်းရန် ဆန္ဒရှိမရှိ ထိလွယ်ရှလွယ်လွန်းလှသောမေးခွန်းတရပ်ကိုမေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အဖြေမှာ လိုရင်း တိုရှင်း ရိုးစင်း လှပါသည်။ “ကျမအနေ နဲ့ ဗမာ့တပ်မတော်ကိုဖြိုခွင်းဖို့ ဘယ်တုံးကမှ ဆန္ဒ မရှိခဲ့ပါဘူး။ တပ်မတော်က ပြည်သူတွေရဲ့ဆန္ဒ ကို အကောင် အထည် ဖေါ်ပေးဖို့ ကိုသာ ကျမ တစိုက်မတ်မတ်ပြောခဲ့တာပါ” ဟူ၍ဖြစ်သည်။ ပြည်သူတို့၏ ဆန္ဒအစစ်အမှန်အတိုင်း ငြိမ်းချမ်း သာယာသော ပြည်ထောင်စုကြီးကို ပုံဖေါ် တည်ဆောက် ရန်အတွက် တပ်မတော်၏ ဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် က ပင်လုံ တွင် ၄င်း၊ သူ၏ အခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ လမ်းညွှန်ချက် (ရ) ချက်တွင်၎င်း အတိအလင်းအုပ်မြစ်ချပေးခဲ့ပြီးဖြစ်ပါသည်။ ယနေ့တပ်မတော် ခေါင်းဆောင် များအနေနှင့် တပ်မတော်၏ဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ခင်းပေးခဲ့သည့် ပင်လုံလမ်းပေါ်သို့ ပြည်သူ တို့ကို ဦးဆောင် ကာ အတူ တကွ မလျောက်လှမ်းနိုင်စရာ ခိုင်လုံသောအကြောင်းတစုံတရာပြစရာ မရှိပေ။ ပင်လုံလမ်းကိုလိုက်လာသည်နှင့်အမျှ တပ်မတော် ၏ ဖခင် ကြီး ကိုယ်တိုင် တည်ဆောက်ခဲ့သည့် ပင်လုံခေတ်မှာကဲ့သို့ တပ်မတော်နှင့် ပြည်သူ ပြည်သူနှင့်တပ်မတော်သည် တသားတည်း ဖြစ်သွား ကြမည်မှာ ဧကန်မလွဲပေ။

အဘိုးမဖြတ်နိုင်သော ပင်လုံ အမွေအနစ် မှရရှိခံစားခဲ့ရသော ဆုမြတ်အကျိုးကျေးဇူးတို့ကို လူမျိုးပေါင်းစုံ ပြည်သူတို့ မမေ့မပျောက် အတူတကွ ဆက်လက် ထိမ်းသိမ်း ကြပါစို့။ ပင်လုံ သည် ကျွန်တော်တို့ ၏ အတိတ်၊ ကျွန်တော်တို့၏ ပစ္စုပ္ပန်၊ ကျွန်တော်တို့ ၏ အနာဂတ် ဖြစ် ပေ သည်။

ဆလိုင်း ကစ်(ပ်)ခိုလျန်

(၁) (A Theory of Universal Democracy empowers cultures and communities across the world to custom design democracy in consonance with their traditional values. For example, the [author] makes concrete proposals for Muslim countries to democratize their constitutions without accepting Western values and without violating the principles of Islamic law. A Theory of Universal Democracy. Beyond the End of History. By L. Ali Khan)

(၂) ပင်လုံစာချုပ် (၁၉၄ရ)။ http://vansangva.com/vansangva-library/#1

ဗိုလ်ချုပ်အောင်ဆန်း ၏ လမ်းညွှန်ု (ရ) ချက်။ http://vansangva.com/vansangva-library/#2

ဗိုလ်ချုပ် ၏ အခြေခံဥပဒေ ပထမ မူကြမ်း (၁၉၄၇)။ http://vansangva.com/vansangva-library/#3

(၃) The United Nations General Assembly adopted United Nations General Assembly Resolution 1514 (XV) under titled Declaration on the Granting of Independence to Colonial Countries and Peoples provided for the granting of independence to colonial countries and peoples in providing an inevitable legal linkage between self-determination and its goal of decolonisation, and a postulated new international law-based right of freedom also in economic self-determination.

အခြားဆက်စပ်သော “ပင်လုံဆောင်းပါးများ“ ကို http://vansangva.com/category/panglong-articles/ တွင်ဖတ်ရှုနိုင်ပါသည်။

Written by mike16os

November 19, 2014 at 12:42 pm

The Curse of Panglong

ပင်လုံ ၏ ကျိန်စာ

Salai Kipp Kho Lian

“သူတပါး၏လွတ်လပ်မှုကို အလေးမထားသူများသည် သူတို့ ကိုယ်တိုင်လည်း လွတ်လပ်ရေး နှင့်မထိုက်တန် ပေဘူး။” – အာဘရာဟမ်လင်ကွန်း –
“Those who deny freedom to others, deserve it not for themselves…” – Abraham Lincoln – April 6, 1859 Letter to Henry Pierce et al

စာချုပ်များ ဖြင့် တည်ထောင်ထားသော ဥရောပ သမဂ္ဂ။

ခေတ်သစ် ကမ္ဘာတွင် တိုင်းနိုင်ငံများ၊ ပြည်ထောင်စုများ၊ သမ္မတ နိုင်ငံများကိုတည်ထောင်ရာတွင် လွတ်လပ်ရေး ကြေညာစာတမ်းများ၊ စစ်ပြေ ငြိမ်းရေး စာချုပ်များ၊ နိုင်ငံရေး ဆိုင်ရာ သဘောတူ စာချုပ်များ ကို အခိုင်အမာ ရေးဆွဲကြပြီး ယင်း ကြေညာစာတမ်းများ စာချုပ်များ ကို အခြေခံပြီး ရေးဆွဲသည့် အခြေခံဥပဒေများ သည် တိုင်းပြည်များ၊ ပြည်ထောင်စု များ ထူထောင်ရန် အတွက် အခြေခံအုတ်မြစ်များ ဖြစ်လာ ကြရပါ သည်။ ဥပမာ၊ ခေတ်သစ် ဥရောပ သမဂ္ဂ ကိုထူထောင်ရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း (၆ဝ) အတွင်း စာချုပ်ပေါင်း မြောက်မြားစွာ ကို အဆင့်ဆင့် သဘောတူ လက်မှတ် ရေးထိုးပြီး ထူထောင် ခဲ့ကြရပါသည်။ ပထမ ဦးဆုံး ထူထောင်ခဲ့စဉ်က နိုင်ငံ(၆) နိုင်ငံသာပါဝင်ခဲ့ သော်လည့်း ယနေ့အချိန်တွင် အဖွဲ့ဝင် နိုင်ငံပေါင်း (၂ရ) နိုင်ငံရှိသွားပြီဖြစ်သည်။

ယင်းသို့် ကြီးမားသည့် နိုင်ငံပေါင်းစု ပြည်ထောင်စုကြီးတခု ဖြစ်ပေါ်လာရန်အတွက် Treaty of Paris (၁၉၅၁)၊ Treaty of Rome (၁၉၅၇)၊ Merger Treaty (၁၉၆၅) Single European Act (၁၉၈၆)၊ Treaty of Maastricht (၁၉၉၂)၊ Treaty of Amsterdam (၁၉၉၇)၊ Treaty of Nice (၂ဝဝ၁)၊ Treaty of Lisbon (၂ဝဝရ) စသည့် စာချုပ်များသည် ဥရောပသမဂ္ဂ ကို တည်ထောင်ရာတွင် အရေးပါသည့် သမိုင်းဝင်စာချုပ် အချို့ပင်ဖြစ်ပါသည်။ ယင်းစာချုပ်များသည် ခိုင်မာသည့် ဥရောပ ပြည်ထောင်စု ထူထောင်ရန်အတွက် ဥရောပ သမဂ္ဂ ၏ အခြခံဥပဒေ ကို ရေးဆွဲရာတွင် အခြေခံ ရမည့် အချက်များဖြစ်လာရပါသည်။ တနည်းအားဖြင့် ဥရောပ သမဂ္ဂ ၏ အခြေခံဥပဒေသည် ၄င်းစာချုပ်များ ကို တစုတပေါင်းတည်း ချုပ်ပေး လိုက်ခြင်း ဖြစ်သည်။ နောင် အသစ် ပူးပေါင်းလာ မည့် နိုင်ငံများကလည်း ၄င်း စာချုပ်များ နှင့် အတူ ဥရောပသမဂ္ဂ ၏ အခြေခံဥပဒေကို ဆက်လက် အတည်ပြု သွားကြခြင်းဖြစ်သည်။ တနည်းအားဖြင့် အခြေခံဥပဒေကိုရေးဆွဲရာတွင် ပူးပေါင်းရေး စာချုပ်များတွင် ပါရှိသည့် သဘောတူညီချက်များ နှင့် အညီ ရေးဆွဲကြရခြင်းဖြစ်ပြီး၊ ယင်းသဘောတူ စာချုပ်ထဲတွင် ပါသည့် အချက်များ နှင့် ဆန့်ကျင်ပြီးရေးဆွဲ၍ မရပေ။ ကနဦး ပူးပေါင်းပါဝင်သည့် ပြည်ထောင်စုအဖွဲ့ ဝင် နိုင်ငံ (၆) ခုမှ ယနေ့ (၂ရ) နိုင်ငံ အထိ တိုးပွား လာသည် ဆိုသည်မှာ ပူးပေါင်းရေး သဘော တူစာချုပ်များ တွင် ပါရှိသည့် ဘုံအကျိုးစီးပွားများကို လက်တွ့ကျကျ အကောင်အထည် ဖေါ် ဆောင် ခဲ့ကြပြီး မပါဝင်သေးသည့် အခြားသော ဥရောပ နိုင်ငံများ ပူးပေါင်း ပါဝင် လာချင် အောင် ပူးပေါင်း ပါဝင်လာ ခြင်းအားဖြင့် ရရှိလာမည့် အကျိုးစီးပွားများဖြင့်မက်လုံး ပေး ဆွဲဆောင် နိုင်ခဲ့ ခြင်းကြောင့်ဖြစ်ပါသည်။

အမေရိကန် လွတ်လပ်ရေး ကြေညာ စာတမ်း နှင့် အမေရိကန် ပြည်ထောင်စု။

အမေရိကန် ပြည်ထောင်စု၏ ၁ရရ၉ ဂျူလိုင်လ (၄) ရက်နေ့ တွင်ဗြိတိသျှကျွန်သဘောက်ဘဝမှလွတ်မြောက်လာသည့်အချိန်က ထုတ် ပြန် ခဲ့ သည့် လွတ်လပ်ရေးကြေညာစာတမ်းသည်လည်း ထိုနည်း တူပင်၊ ၁ရဂရ ခုနှစ် စက်တင်ဘာလ (၁ရ) ရက်နေ့တွင် အတည်ပြုခဲ့သည့် အမေရိကန် ပြည်ထောင်စု ၏အခြေခံဥပဒေ ကို ရေးဆွဲရာတွင် တွင်သာမက မူလပထမ ပြည်နယ် (၁၃) ပြည်နယ် နှင့် စတင်ထူထောင်ခဲ့သည့် ပြည်ထောင်စု မှ ယနေ့ ပြည်နယ် ပေါင်း (၅ဝ) အထိဖြစ်လာ စေ ရန် အတွက် ပါ အထောက် အကူ ဖြစ်စေ ခဲ့သည့် အခြေခံ မူများ ဖြစ်ပါသည်။ ထို့ အပြင် ယင်း အမေရိကန် ပြည်ထောင်စု၏လွတ်လပ်ရေးကြေညာစာတမ်းထဲတွင် အက္ခရာတင် ကဗျည်းထိုး ထည့်သွင်း ရေးသားခဲ့သည့် အခြေခံမူ များ သည် အမေရိကန်ပြည်တွင်းစစ် ကို အနိုင်တိုက်ပြီး အမေရိကန်ပြည်ထောင်စု အတွင်း ကျွန်စနစ်ကို အောင်မြင်စွာဖျက်သိမ်း ရန် သမ္မတ အာဘရဟမ် လင်ကွန်း အတွက် အောင်ပွဲကို ဆွတ်ခူးပေးမည့် လမ်းညွှန်များ ဖြစ်ခဲ့ပါသည်။ အမေရိကန် ပြည် ထောင်စု၏ လွတ်လပ်ရေးကြေညာ စာတမ်း တွင် ပါရှိသည့် “…. all men are created equal, that they are endowed by their Creator with certain unalienable Rights,…. Life, Liberty and the pursuit of Happiness.” (လူသားကို တန်းတူဖန်ဆင်းခဲ့ပြီး၊ ဖန်ဆင်းရှင်က လူသားနှင့် ခွဲခွာ၍ မရသည့် အသက်ရှင်ခြင်း၊ လွတ်လပ်ခြင်း၊ သုခချမ်းသာ ကိုရှာဖွေ ခွင့် အစရှိသည့် လူ့အခွင့်အရေးများ ပါဝင်သည့် ကောင်းချီး မင်္ဂလာအဖြာဖြာကို ပေးအပ်ခဲ့ သည်) ဆို သည့် စာပိုဒ် သည် အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားသည့် နိုင်ငံရေးစာပေ လောက တွင် အကြိမ်ကြိမ် အကိုးကား ခံခဲ့ ရသည့် လူသိ အများဆုံး စာပိုဒ် တပိုဒ် ဖြစ် လာ ခဲ့ ပါသည်။ အမေရိကန် နိုင်ငံသား များ၏လွတ်လပ်မှု သည် အမေရိကန် ပြည်ထောင်စု၏လွတ်လပ်ရေးကြေညာ စာတမ်းတွင်ပါသည့် “ လူသားကို ဘုရားသခင်က တန်းတူဖန်ဆင်းသည်” ဆိုသည့် အခြေခံမူ ပေါ်တွင် တည်ဆောက် ထား ခြင်းဖြစ်ကြောင်း၊အာဖရိကတိုက်မှအဓမ္မဖမ်းဆီးခေါ်လာခဲ့သည့်လူမဲ များကိုကျွန်ပြုမှုသည် ယင်း အခြေခံမူကို တိုက်ရိုက်ကျကျ ချိုးဖေါက် ခြင်း ဖြစ်ကြောင်း သမ္မတ ကြီး လင်ကွန်းက ပြောကြားပြီး ကျွန်စနစ် ဖျက်သိမ်းရေး အတွက် လမ်းညွှန်အဖြစ်အသုံးပြုခဲ့သည်။ ထို့အ ပြင် အမေရိကန် ပြည်ထောင်စု ၏လွတ်လပ်ရေး ကြေညာ စာတမ်းမှ အ ခြားအချက် အလက်များသည် လူ့အခွင့် အရေး ဆိုင်ရာ အရေးကြီးသည့် အခြေခံတရား များလည်း ဖြစ်လာခဲ့ပါသည်။ အမေရိကန် ပြည်ထောင်စု၏ လွတ်လပ်ရေး ကြေညာ စာတမ်းသည် အမေရိကန် ပြည် ထောင် စု ၏အခြေခံဥပဒေ ကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အခြေခံရမည့် မူများ ဖြစ်သည့် အကြောင်း သမ္မတ လင်ကွန်း က ပြောကြားခဲ့ပါသည်။

စာချုပ်များကို ချုပ်ဆိုသည်ဆိုရာတွင် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာမည်သို့သော စာချုပ် ပင်ဖြစ်စေကာမူ ချုပ်ဆိုရာတွင် ပါဝင် သဘောတူ လက်မှတ်ရေး ထိုးသူ နှစ်ဦးနှစ်ဖက် (ဝါ) ပါဝင်ပတ်သက်သည့် အစုအဖွဲ့ အားလုံး သည် မိမိတို့ ၏တဦး တဖွဲ့ချင်းဆီရော၊ အားလုံး ၏ ဘုံအကျိုးစီးပွားများ ပါ ယေဘုယျ အားဖြင့် ပါဝင်ကြတာချည်း ဖြစ်ပါသည်။ မိမိတို့ ၏ရေတိုရေရှည်အကျိုးစီးပွား ကိုထိခိုက် နစ်နာစေမည့် စာချုပ် မျိုး ကို (စစ်ရှုံး၍ အောက်စီင်္းမှ လက်မှတ် ရေးထိုးရသူမှအပ) မည်သူကမျှ လက်မှတ်ရေးထိုး ချုပ်ဆို လေ့မရှိပါ။

နိုင်ငံရေး နှင့် ပတ်သက်သည့် စာချုပ်များ ၏ သဘောသဘာဝ တွင် ပါဝင် လက်မှတ် ရေးထိုးသူ အစုအဖွဲ့ (သို့မဟုတ်) အဖွဲ့ဝင် နိုင်ငံ တခုခုက စာချုပ်ပါ ကတိကဝတ်များ၊ တာဝန်ဝတ္တရားများ ကို ဖေါက်ဖျက်ပြီး တဖက်၏အကျိုးစီးပွားများနစ်နာလာခဲ့လျင် နိုင်ငံတကာ ဥပဒေ အောက်တွင် ဖြေရှင်းကြရပါသည်။ တို့အပြင် မိမိတို့ ရေးထိုး သဘောတူခဲ့သည့် စာချုပ်ပါ အချက် အလက်များကို သဘောမတူ တော့သည့် အချိန်တွင် (ဝါ) ကတိကဝတ် များ တာဝန် များ ကို မစောင့်ထိမ်းနိုင်၊ မထမ်းဆောင် နိုင် တော့ သည့် အချိန်တွင် ၊ စနစ်တကျ ပြန်လည် ပြုပြင်ခြင်း၊ သို့မဟုတ် စာချုပ် ကိုအပြီးအပိုင် ဖျက်သိမ်းပြီး စာချုပ်၏အနှောင် အဖွဲ့အောက်မှ အဖွဲ့ဝင် များ က တရားဝင် နှုတ်ထွက် ခြင်း ကိုပြုလုပ် ကြရပါသည်။

ပင်လုံ စာချုပ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ။


ကျွန်တော်တို့ နိုင်ငံ သည် ဗြိတိသျှကျွန်သဘောက်ဘဝမှ လွတ်မြောက်လာလျင် သမိုင်းဘီး ကို နောက်ပြန်လှည့်ပြီး အတိတ် ခေတ် ဟောင်း က အသက်ဦးဆံပိုင် ဘုရင်စနစ်မျိုး၊ ပဒေသရာဇ် စနစ်မျိုး ကိုပြန်လည် ထူထောင်ရန် မဖြစ်နိုင် တော့ကြောင်း၊ ခေတ်မီတိုးတက်သည့် နိုင်ငံသစ် ကို ထူထောင် ရန်အတွက် တန်းတူ ရည်တူ ပြည်ထောင်စု မူ ကိုအခြေခံသည့် ပြည်ထောင်စု နိုင်ငံ ကိုသာ ထူထောင်ကြရမည် ဖြစ်ကြောင်း အားလုံး နားလည် လက်ခံ သဘော တူခဲ့ကြပါသည်။ အင်ပါယာ နိုင်ငံများထူထောင်သည့်ခေတ်၊ ကိုလိုနီ နိုင်ငံများထူထောင်သည့်ခေတ်၊ အသက်ဦး ဆံပိုင် ဘုရင်မင်းမြတ်က မင်းနေပြည်တော် ကိုဗဟိုပြုပြီး တဦးတည်း အမိန့်ပေးအုပ်ချုပ်သည့် ခေတ်များ သည် လူ့သမိုင်းဖြစ်စဉ်တွင် တချိန်တခါ က ကမ္ဘာ့ ဒေသ အသီးသီးတွင် သူသူငါငါ အင်အား ကြီးလျင် ကြီးသလို ထူထောင် ခဲ့ကြသည့် ခေတ်များ ဖြစ်သော်လည့်း ယနေ့ခေတ်သစ် နှင့် လားလား မှ မအပ်စပ်တော့ သည့် ခေတ် များ စနစ် များ ဖြစ်သည်။ ခေတ်မီတိုးတက်သည့် နိုင်ငံ ကြီးတခုကို မဖြစ်မနေ တည်ဆောက်ကြရ တော့ မည်မို့ ယနေ့ ခေတ် ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်း နှင့် အညီ ပြည်ထောင်စု နိုင်ငံသစ် ကိုသာ ထူထောင်ကြရ မည် ကိုသဘောတူကြပြီး ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က ပင်လုံတွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်များ အတူတကွ ပင်လုံ စာချုပ် ကို ချုပ်ဆိုခဲ့ကြပါသည်။

သို့သော်လည့်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံး သွားခဲ့ သည့်နောက်ပိုင်းတွင် တင်းကြပ်သည့် ဗဟိုဦးစီးစနစ် ကိုကျင့်သုံးပြီး တမင်း တနိုင်ငံ စနစ် ကို အတင်းအဓမ္မ ပုံဖေါ်လာခဲ့ ကြ သည့်အထိ ဖြစ်လာခဲ့ကြသည့် တိုင်အောင် ယနေ့အထိ ၄င်းစာချုပ်ပါအချက်အလက်များကို လက်မခံနိုင် တော့ပါ၊ ၄င်းစာချုပ်ပါ သဘောတူညီချက်များကို ဖျက်သိမ်းပါသည်၊ ၄င်းစာချုပ်ပါ ကတိကဝတ်များကို ပြန်လည်ရုတ်သိမ်းလိုက်ပါပြီ ဆိုသည့် ကြေညာချက် မျိုး ကို စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည့် ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ မည်သူမည်ဝါ ကမျှ ယနေ့အထိ တရားဝင် ထုတ်ပြန်ခြင်း မပြုလုပ် ခဲ့ဘူးသေး ပါ။ ပင်လုံစာချုပ် ၏ကတိကဝတ် များကို တရားဝင် ပြန်လည် မရုတ်သိမ်း ခဲ့ကြသည့်အပြင် ကုန်လွန်ခဲ့သည့် နှစ်ပေါင်း (၆ဝ) ကျော် ကာလ တွင် ဗမာ နိုင်ငံရေးအဖွဲ့အစည်းများ နှင့် တိုင်းရင်းသားအဖွဲ့အစည်းများက ပင်လုံ ကတိကဝတ်များ ကိုပြန်လည်အကောင်အထည်ဖေါ်ကြရန် အကြိမ်ကြိမ် အလီလီ တောင်းဆိုခဲ့ကြောင်း၊ “ဒီမိုကရေစီအခြေခံတရားများ Vansangva Volume I စာမျက်နှာ ၁၄၇” တွင် “ပြည်ထောင်စုသားကြီး ဗိုလ်ချုပ် အောင်ဆန်း” ဆိုသည့်ခေါင်းစဉ် အောက် တွင် အကျယ်တဝင့်ဖေါ်ပြခဲ့ပြီးဖြစ်သည်။ <http://vansangva.com/vansangva-library/#7>

ကုန်လွန်ခဲ့သည့် အနှစ် (၆ဝ) ကျော်သမိုင်းဖြတ်သန်းမှု တလျောက်လုံးတွင် ပင်လုံ တွင် ချမှတ်ခဲ့သည့် အခြေခံ တရားများ ကို ကနဦး ကျောခိုင်းခဲ့ ကြသည့် ဦးနုအစိုးရအပါအဝင် စစ်အစိုးရအဆက်ဆက် က လည်း တခါဘူးမျှ ပင်လုံ စာချုပ်ကို တရားဝင် ပြောင်ပြောင်တင်းတင်း ဖျက်သိမ်း ခဲ့ခြင်း ရှိခဲ့ပါ။ ပင်လုံစာချုပ်၏အပိုဒ် (၇) တွင်ပါရှိသည့် “တောင်တန်းဒေသရှိပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည် များတွင် အခြေခံများ အခွင့် အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံစားစေရမည်” ဆိုသည့် ကတိကဝတ်များ၊ ဝတ္တရားများကို ၄င်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အစရှိသည့် အခြား သဘော တူညီချက်များကို၎င်း ချိုးဖေါက်ပြီး တောင်တန်းဒေသများ၊ ပြည်နယ်များတွင် ဒီမိုကရေစီ အခွင့်အရေးများ ဆိတ်သုဉ်းစေခဲ့ သည့် အပြင် ဒီမိုကရေစီကို ပါ ပြောင်းပြန်လှန်ပစ်ခဲ့ကြသည့် ဖဆပလ ခေတ်တွင် ၄င်း၊ ပြည်နယ်များ၊ တိုင်းများ တွင် ပါ ဗမာတိုင်းရင်းသားများ အတွက် ရော၊ တခြား တိုင်းရင်းသားများ အတွက်ပါ ဒီမိုကရေစီများ ဆိတ်သုဉ်းစေခဲ့သည့် မဆလ တပါတီ အာဏာရှင် ခေတ်တွင်ရော၊ တတိုင်းတပြည်လုံး လူမျိုး ပေါင်းစုံ ပြည်သူများ ထောင်နဲ့သောင်းနဲ့ သန်းနဲ့ချီပြီး ပြည်ပ နိုင်ငံများ ကို စီးပွားရေး ဒုက္ခသည်များ၊ နိုင်ငံရေးဒုက္ခသည်များ၊ စစ်ရေးဒုက္ခ သည်များ ဘဝ အဆင့် အထိ ကျဆင်းစေခဲ့ပြီး၊ ပြည်သူ တရပ်လုံး ၏ အချုပ်အခြာအာဏာကိုပါ ဆုံးရှုံးခဲ့ကြရသည့် အရင် နဝတ၊ နအဖ စစ်အစိုးရ ခေတ် ဆိုး စနစ်ဆိုး အပါအဝင် မည်သည့်ခေတ်တွင် မှ တက်လာသည့် အစိုးရများ က ပင်လုံမူနှင့်ဆန့်ကျင်ဖက် ဖြစ်နေသောမူများကို ကျင့်သုံးခဲ့ ကြသည့်တိုင်အောင် လက်တွေ့တွင် ပင်လုံ စာချုပ် ကို ပြောင်ပြောင် တင်းတင်း တရားဝင် မဖျက်သိမ်းဝံ့ခဲ့ ကြပါ။ ယင်းအချက်တခုတည်း ကိုကြည့်လျင်ပင်၊ ပင်လုံစာချုပ်၏နက်ရှိုင်းမှု၊ လေးနက်မှု နှင့် နိုင်ငံရေး အရ တန်ဘိုးမြင့်မားမှု ကို သက်သေထူနိုင်ပါသည်။ အာဏာရှင်များ ကိုယ်တိုင် မထိပါး ဝံ့သည့် သိမ်မွေ့ လျှိ့ဝှက်ချက် များ ရှိနေသည် မှာ သေခြာလှပါသည်။ ဦးနေဝင်း ၏ မဆလ ခေတ်တွင် လည်း ပင်လုံစာချုပ်ကို အထိရောက်ဆုံး ချိုးဖေါက်ခဲ့ သည့်တိုင်အောင်၊ ပင်လုံ စာချုပ်၏ဘယ် အချက်၊ ဘယ်အပိုဒ်များသည်ဖြင့် ပြည်ထောင်စု အဖွဲ့ဝင် ဘယ်လူမျိုး၊ ဘယ်ဒေသ ၏ အကျိုးစီးပွား ကို ဆန့်ကျင်သည်၊ ထိခိုက်နစ်နာစေသည် ဟူ၍ ခိုင်ခိုင် မာမာ ထောက်ပြ ပြောဆိုနိုင် ခြင်းမရှိသည့်အပြင်၊ ပင်လုံ စာချုပ်ပါ အချက်အလက်များကို အများပြည်သူ သိအောင်ဖေါ်ထုတ်ရှင်းလင်းခြင်း၊ ဦးဆောင် ဦးရွက်လုပ်ပြီး ပညာပေးခြင်းမျိုး လည်း မပြု လုပ်ခဲ့ဘူး ပေ။ တကြိမ်တည်းတွင် အုပ်စိုးသူ အစိုးရ အဆက်ဆက်က ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ဆိုသည့် စကားများ ဖေါင်လောက် အောင် ပြောခဲ့ ကြပြန်သည်။ အထူး သဖြင့် မဆလ ခေတ်တလျောက်လုံး တွင် တိုင်းရင်းသား စည်းလုံညီညွတ်ရေး တို့အရေး စသည့်ကြွေးကြော်သံ များ သည် အကျယ်လောင်ဆုံး အော်ဟစ် ခဲ့ကြရပါသည်။ ပြည်ထောင်စု နေ့များကိုလည်း ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြရသည့်အပြင် နာမည်ကြီး အားကစား သမား များ က ပြည်ထောင်စုအလံ ကို တမြို့ပြီး တမြို့ ပြေးလွှား ကိုင်ဆောင်ပြီး ပြည်ထောင်စုနေ့ကျင်းပမည့် နေရာ သစ်ဆီကို အရောက် လက်ဆင့် ကမ်း သယ်ဆောင်ခဲ့ကြရသည်။ သူတို့သည် တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ နှင့် အတူ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံ သဘောတူညီမှုများကို အလေး ထားပါသည်၊ ပင်လုံကိုမဆန့်ကျင်ပါ၊ ပြည်ထောင်စု ကြီး မပြိုကွဲရန်ကို မဆလ စစ် အစိုးရက လုပ်ဆောင်နေပါသည် ဆိုသည့်သဘောကို တိုင်းပြည်၏ဘဏ္ဍာတော်ငွေ များသောက် သောက်လဲ သုံး ပြီး ဝါဒဖြန့်ခဲ့ကြသည်။ ယင်းသို့ မိမိတို့ မယုံကြည်မလိုလားသည့် ပင်လုံ၏ အနှစ် သာရ များကို ယုံကြည်သယောင် ပုံရိပ် ယောင် တခုကို လိမ်ညာဖန်တီးရန် အတွက် အလွန်အကျွံ ဝါဒ ဖြန့်နေရသည့် ကာလတွင်ပင် တိုင်းရင်းသား လူမျိုးများ တဖွဲ့ပြီး တဖွဲ့ တောခို သွားခဲ့ကြပြီး လက်နက်ကိုင်တော်လှန်ရေး မဆင်နွှဲသည့် တိုင်းရင်းသား လူမျိုးဟူ၍ တိုင်းပြည်တွင် လူမျိုးတမျိုး တလေမှ မကျန်တော့ သည့်အပြင် ဖဆပလခေတ်က ဝန်ကြီးချုပ်ဟောင်း ဦးနု ကိုယ်တိုင် လက်နက် စွဲကိုင် ပြီး တောခိုခဲ့ရသည့် အထိ ဖြစ်ခဲ့ ပါသည်။ မဆလ စစ်အစိုးရက ဝါဒဖြန့် နေသည်ကတမျိုး၊ လက်တွေ့ တိုင်းပြည်တွင် ဖြစ်ပျက်နေသည် ကတမျိုး၊ အများ ပြည်သူခံစားနေရသည်က တခြားဖြစ်နေခဲ့ပါသည်။

ပင်လုံ ၏ ကျိန်စာ။

တပ်မတော်က ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းအပြီး ဖက်ဒရယ် (ပြည်ထောင်စုစနစ်) ကိုထူထောင်ရန်ကြိုးပမ်းလာကြသဖြင့် ပြည်ထောင်စု ကြီး ပြိုကွဲ တော့မှာမို့ အာဏာသိမ်းခဲ့ရပါသည် ဟူ၍ ကြေညာလိုက် သည့် အချိန်ကစ ပြီး ကျွန်တော်တို့နိုင်ငံသည် အပြောတမျိုး အလုပ်တမျိုး၊ ကြားနေရဖတ် နေရာတာကတခု၊ လက်တွေ့ဖြစ်ပျက် နေသည်က တခြားဆိုသည့် ဝိရောဓိ၊ ဆန့်ကျင်ဖက် ကမ္ဘာ နှစ်ခုကြားတွင် အသက်ရှင်လှုပ်ရှား ရသည့် ခေတ် (paradoxical era) တခု ကို ဖြတ်သန်းခဲ့ကြရပါသည်။ ပြည်ထောင်စု ကြီးပြိုကွဲမည်ကို ကြောက်ရပါသည်ဟူ၍ တမျိုးဝါဒဖြန့်ပြီး၊ ပြည်ထောင်စုကြီး မပြိုကွဲအောင် ခိုင်မာစည်းလုံးသည့် ပြည်ထောင်စု ကြီးကိုတည်ဆောက်ရန် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို ပင်လုံမူအတိုင်း ထူထောင်ရမှာ ကို ကြောက်ပြန်သည် ဆိုတော့ ပြည်သူများ တွင် ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့် ဝေါဟာရ နှင့် ပတ်သက်လာလျင် ဇဝေဇဝါ ဖြစ်စေသည့် ခေတ် ပင်ဖြစ်ပါသည်။ “တိုင်းပြည်ချောက် ထဲမကျခင် တလက်မ အလိုတွင် ကယ်တင်လိုက်ရပါသည်“ ဟူ၍ ကြေညာခဲ့သည့် အာဏာသိမ်း စစ်အစိုးရ ၏ လက်ထက်တွင်ပင် ပြည်ထောင်စုမြန်မာနိုင်ငံသည် LDC ခေါ် ကမ္ဘာတွင် “ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး နိုင်ငံ“ ဆိုသည့် အသူတရာ ချောက်နက် ကြီးထဲသို့ ကျဆင်း ခဲ့ရပါသည်။ ပြည်ထောင်စုကြီး ခိုင်မာလာသည် ကို မတွေ့ရပဲ အက်ကြောင်းများသာ အစိတ်စိတ် အမွှာမွှာ ပေါ်လာ ခဲ့သည်။ ပင်လုံ ကို အပုပ် မချရဲသော်လည့်း၊ ပင်လုံ စာချုပ်နဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်ရန် မလိုလား ပြန်ဆိုသည့် ဒွိဟများ၊ ဝိရောဓိများနဲ့ ရောပွမ်းသည့် သမိုင်းဖြစ်စဉ် တခုကိုဖြတ်သန်းခဲ့ကြရပါသည်။ အဆင့် မြင့်သော ပင်လုံ အတွေးအခေါ် နှင့် ပြတ်သားရှင်းလင်းသည့် နိုင်ငံရေး ဦးဆောင်မှု ကို မပေးနိုင်ခဲ့သည့် အတွက် တိုင်းပြည်တွင် နိုင်ငံရေး ဆင်ခြင် တုံတရား များ အခေါင်းပါးဆုံး အနိမ့်ကျဆုံး ကာလ တခု ကို ဖြတ်သန်းခဲကြရသည်။ စစ်အာဏာရှင် တို့မှာ ပင်လုံကို လည်းပြောင်ပြောင်တင်းတင်း အပုတ်မချရဲ၊ ပင်လုံလမ်းစဉ် အတိုင်းဆက်လက်လျောက်လှမ်းနေသယောင် ပြည်သူတို့ကိုလိမ်ညာကြရသည့် ဒုက္ခ၊ ဝိရောဓိ များဖြင့် အကျပ်တွေ့ကာ ပင်လုံ ၏ကျိမ်စာ ကိုခံကြရသည့်အလားပင်ဖြစ်သည်။

ပြည်သူလူထုအတွင်းတွင်လည်း ပင်လုံ ပြည်ထောင်စုကို ပြိုကွဲအောင်လုပ်နေတာ က မဆလစစ်အစိုးရလား၊ “အဖျက်သမားများ” “ခွဲထွက်ရေး သမားများ” ဟူ၍ မဆလ က ကင်ပွန်း တတ် ထားသည့်လူများလား ဆိုသည့် အယူအဆများ အမြင်များ ရှုပ်ထွေးစေခဲ့ပါသည်။ ယင်း ခေတ်ကာလတွင် မှောင်ခို အမြစ်ပြုတ်ရေး ဆိုသည်မှာ သတင်းစာများ တွင် နေ့စဉ်ဖတ်ခဲ့ကြရသော်လည့်း၊ နေ့စဉ်နေ့တိုင်း ထောင်ဂဏန်း မက ရှိသည့် မှောင်ခို ကစ္စည်းများသည် တောလမ်း များကိုဖြတ်ပြီးတမျိုး၊ နယ်စပ် မြို့များ မှတဆင့် ကားများနှင့် ပြောင်တိုက်ပြီးတဖုံ၊ ပတ်ပတ်လည် အိမ်နီးချင်း နိုင်ငံအားလုံးမှ တနေ့တနေ့ ကျပ်ပေါင်း သိန်းသန်း ကုဋေချီ တန်ဘိုးရှိသည့် မှောင်ခို ပစ္စည်းများ ဒလဟော စီးဝင်နေပြီး မှောင်ခိုတိုက်ဖျက်ရေး အော်နေသည့် အရာရှိကြီးများ၏တကိုယ်လုံးတွင် လည်း အထက်မှ အောက် အထိ လက်ပတ် နာရီ၊ အင်္ကျီ၊ ဘောင်းဘီ၊ လုံချည်၊ ညှပ်ဖိနပ်၊ လွယ်အိတ်၊ ဘောပင် က အစ အားလုံးလိုလို မှောင်ခို ပစ္စည်းများချည်း ဖြစ်နေသည် မို့ ဆန့်ကျင်ဖက် များ၊ ဝိရောဓိ များနှင့် ပြည့်နေ သည့်ကာလပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံအတွက် ခိုင်မာသည့် စီးပွားရေးမူဝါဒမရှိ သည့်အတွက် အိမ်နီးချင်း နိုင်ငံများ၏စီးပွားရေး များက နေ့စဉ် နဲ့ အမျှ ကျူးကျော် ဝင်ရောက်နေသည့် ကာလဖြစ်သည်။ မိမိ တို့ နိုင်ငံ ၏ စီးပွားရေး အချုပ်အခြာအာဏာ အားအင်ချိနဲ့ခဲ့ရသည်။ တိုင်းရင်းသား စည်းလုံးမှုများကလည်း အစည်းပြေ ခဲ့ပြီး နိုင်ငံရေးအချုပ်အခြာအာဏာပါ ရော့ရဲ လာစေသည့် ခေတ်ဖြစ်ပါသည်။ မှောင်ခိုလည်း အမြစ် မပြုတ်ခဲ့ပါ။ “သောင်းကျန်းသူ“ လည်းအမြစ်မပြုတ်ခဲ့ပါ။ ဗမာ့ တပ်မတော်အင်အားသာ တောင့်တင်းလာပါသည်၊ တိုင်းပြည်၏ အင်အားမကြီးခဲ့ပါ။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဖက်ဖက်တွင် အင်အားများချိနဲ့ ခဲ့ရသည်။

ပြည်ထောင်စုကြီး ပြိုကွဲမှာကိုကြောက်လို့ အာဏာသိမ်းရသည်၊ ဖက်ဒရယ် ဆိုသည်မှာ ပြည်ထောင်စု၊ ပြည် ထောင်စု ကိုချစ်လို့ အာဏာ သိမ်း ရသည်၊ သို့သော်လည့်း ဖက်ဒရယ်ကိုလည်း လက်မခံပြန်၊ ပြည်ထောင်စု ဆိုသည့်စကားလုံးကိုတော့ တွင်တွင်ပြောပြန်သည်။ နိုင်ငံရေး ကိုတွေးခေါ်ရာတွင် ယုတ္တိဗေဒ၏စည်းမျဉ်းဥပဒေသ ကင်းမဲ့ကာ ငါ့စကားနွားရသဘောမျိုး ပေါက်ပေါက်ရှာရှာပြော၊ ပေါက်ပေါက်ရှာရှာလုပ်ကြသော ဗမာစစ် အာဏာရှင် တို့၏ ခေတ်ဖြစ်ပေသည်။ ပင်လုံကိုတော့ မပွင့်တပွင့် ရှုံ့ချကြသည်။ ပြောင်ပြောင် တင်းတင်းရှုံ ချပြန်လျင်လည်း ပင်လုံဆို သည်မှာ ဖက်ဒရယ် ပြည်ထောင်စုကို တည် ဆောက်ရန် ဖြစ် လာ သည် ဆိုသည့် အမှန်တရားများ ဘူး ပေါ်သလို ပေါ် လာမည်ကိုဆိုးရသေးသည်။ ပြည်ထောင်စု ကိုထိမ်းသိမ်းသူ၊ ပင်လုံ စိတ်ဓာတ်ကိုကိုင်စွဲ ထားသူ၊ (တနည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကို မဆန့်ကျင်သူ) ဆိုသည့် ပုံရိပ်ကို ပြည်သူများ ကြားတွင် ငွေအကုန်ခံ၊ အာပေါက်ခံပြီး ဝါဒဖြန့်ရတာကလည်း အလုပ်ကြီးတခု၊ မဆလခေတ် အုပ်စိုးသူများ ၏ ဝိရောဓိ နှင့် အမှန်တရားကို ငွေကုန်ခံ၊ အာပေါက်ခံပြီးဖုံးကွယ်ရသည့် ဒုက္ခကလည်း ကြီးမား လှပါပေသည်။ အမှန် တကယ် ကိုယ် တည်ထောင်နေတာက တင်းကြပ်သည့် တမင်းတနိုင်ငံ တပြည်ထောင် ဗဟို ဦးစီး စနစ်၊ ပြောတော့ ပြည် ထောင်စု။

ရှေးဟောင်း ပဒေသရာဇ် ခေတ်က အသက်ဦးဆံပိုင် ဘုရင်မင်းမြတ် ၏အာဏာ မျိုးကို ရယူထားသယောင် အနေအထားမျိုး၊ မဆလ ခေတ် မင်းရူး၊ ဘုရင်ရူး အာဏာရှင် အုပ်စိုးသူများ သည် သူတို့၏ ပစ္စုပ္ပန် ကာလ သည် အတိတ်တချိန်က ရောက်ခဲ့ဘူးသယောင်၊ ကြုံများခဲ့ဘူး သ ယောင် ထင်ယောင် ထင်မှား ဖြစ်နေသည့် déjà vu အနေအထားမျိုး၊ ပြည်သူများချစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကို တဖက်က အမွှန်းတင်၊ တကြိမ်ထည်းတွင် ဗိုလ်ချုပ်အေင်ဆန်း ၏ပင်လုံမူ နဲ့ လုံးဝ ဥသုံ ဆန့်ကျင်သည့်လမ်းကိုလိုက် ဆိုတာမျိုး၊ ထူးထွေဆန်းပြားသည့် စိတ်ကူးများနှင့် ဆန့်ကျင်ဖက်လုပ်ရပ်များဖြင့် စိတ္တဇဆန်သည့် ခေတ်တခုကို ဖန်တီး ဖြတ်သန်းခဲ့ ကြသည်။

ပင်လုံစာချုပ်၊ လူ့အခွင့်အရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်

လူ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တို့ဟူသည်မှာ တစုံတဦးတယောက်ကပေးအပ်မှ ရရှိနိုင် သည့်အရာမျိုးမဟုတ်ပါ။ ဘယ်သူကမှ အခွင့်ထူး တခုလို၊ အထူးဆုပေးသလို ပေးစရာ မလိုပဲ လူသားမှန်လျင် လူမျိုးတမျိုးမှန်လျင် မွေးရာပါရှိပြီးသားအခွင့်အရေးများသာ ဖြစ်ကြပါသည်။ သဘာဝအရ မွေးရာပါရရှိသည့် လူ့အခွင့်အရေး (ဝါ) လူတိုင်းမရ မဖြစ် ရကို ရရမည့် အခွင့်အရေး (Rights) သာလျင်ဖြစ်ပါသည်။ ဘယ်သူဘယ်ဝါကမှ ရော့အင့် ဆိုကာ အ ပေါ် မှ ချပေး၍ သည့် ကိစ္စမျိုး (grant) မဟုတ်ပါ။ စာချုပ်အရဖြစ်စေ အခြေခံဥပဒေထဲတွင်ဖြစ်စေ ၄င်း Rights များကို ကဗျည်း အက္ခာရာတင်သည့် အခါတွင် လည်း ၄င်းအခွင့်အရေးများသည် စေတနာ နဲ့ “ပေးအပ်” လာသည့် အခွင့်အရေးမျိုးမဟုတ်ပဲ နဂို လူတိုင်းမရမဖြစ် ရကိုရရမည့် အခွင့်အရေးကို အပြန်အလှန် အသိအမှတ်ပြုလိုက် ကြသည့်သဘောသာ ဖြစ် ပါသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီအခွင့်အရေးများ၊ လူ့အခွင့်အရေးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်ဆို သည် တို့မှာ ပေးအပ်သူ နှင့် လက်ဝေခံ ရရှိသူ ဟူ၍ ကျေးဇူးရှင်နဲ့ကျေးဇူးခံ ကျေးဇူးစားဆိုတာမျိုး မရှိပါ။ စာချုပ်အရ ဖြစ်စေ အခြေခံဥပဒေ နှင့် ပြဌာန်းပြီးဖြစ်စေ ယင်းနဂိုရှိရင်းစွဲအခွင့်အရေးများကို သက်ဆိုင် သူ အားလုံးက သဘောတူ လက်မှတ် ရေးထိုး လိုက်ကြ သည့်အခါတွင်၎င်း၊ အခြေခံဥပဒေ အားဖြင့် ပြဌာန်းသည့်အချိန်တွင်၎င်း သက်ဆိုင် သူ အသီး သီး သည် တူညီသည့် ဘုံ အကျိုး စီးပွား အတွက် သဘောတူ လိုက်ကြတာသာ ဖြစ် ပါသည်။ ပင်လုံကို ဥပမာအားဖြင့်ပြောရရင် ပင်လုံ စာချုပ်ကို သ ဘောတူ လက်မှတ် ရေးထိုးလိုက်ကြသည့်ကိစ္စမျိုးတွင် လက်မှတ် ရေးထိုး သူ ဘယ်အစု အဖွဲ့ကဖြင့် နစ်နာ ဆုံးရှုံးသွားသည်၊ ဘယ်အစုအဖွဲ့ကဖြင့် ပေးလိုက်ရသည်၊ ဘယ်အဖွဲ့ကဖြင့် အမြတ်ထွက်သွားပြီး၊ ဘယ်အစုအဖွဲ့ (partner) က တော့ဖြင့် အနစ်နာခံလိုက်ရသည်၊ ဆုံးရှုံးသွား သည်ဆို သည်မျိုးမရှိပဲ၊ ပင်လုံ စာချုပ် ကိုလက်မှတ်ရေးထိုးသူ ရှမ်း၊ ချင်း၊ ကချင်၊ ဗမာ အားလုံးတို့သည် အကျိုးတူ ပူပေါင်းခြင်း၊ တဦး၏နဂိုရှိရင်းစွဲကိုယ်ပိုင်အုပ်ချုပ်ခွင့် အစရှိသည့် Rights များကို အပြန်အလှန်အသိအမှတ်ပြုပြီး ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံသစ် တခုကို အတူတကွ ထူထောင်ကြမည်ဟု ကတိကဝတ်ပြုခဲ့ ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ပြည်နယ် ဖြစ်လာသည့် ဒေသများ ကလည်း ပင်လုံစာချုပ် ရှိခဲ့၍၊ ပင်လုံပူးပေါင်းရေးမူ နှင့် အတူပါရှိသည့် တန်ဘိုး များကိုယုံကြည်၍ ပင်လုံကို ဆက်လက် အတည်ပြု သွားသည့် သဘောပင်ဖြစ်ပါသည်။

ယင်းကဲ့သို့ ပင်လုံစာချုပ်ကို အားလုံး၏ ဘုံအကျိုးကျေးဇူးကိုရှေ့ရှုပြီးရေးထိုးလိုက်ကြသည့်အတွက် ချက်ခြင်း လက်ငင်းခံစားကြရသည့် ဘုံအကျိုးကျေးဇူး မှာ ဗြိတိသျှကျွန်သဘောက်ဘဝကနေ အတူတကွ လွတ်မြောက်ကြပြီး ချင်း၊ ရှမ်း၊ ကချင်၊ ဗမာ၊ မွန်၊ ရခိုင်၊ ကယား၊ အားလုံး အတူတကွ လိုလားတောင့်တကြပြီး အသက်များပေးဆပ် တိုက်ပွဲဝင်ခဲ့ကြရသည့် လွတ်လပ်ရေးကို ချက်ချင်း လက်ငင်း ရရှိလိုက်ခြင်းဖြစ်ပါသည်။ ရေရှည် ရရှိခံစားရ မည့် ဘုံအကျိုးစီးပွားအနေနဲ့ကတော့ ပင်လုံစာချုပ်တွင်ပါရှိသည့် အခြေခံလူ့အခွင့်အရေးများ၊ ပူးပေါင်းရေးမူများသည် ဥရောပသမဂ္ဂလို၊ အမေရိကန် ပြည်ထောင်စု တို့လို ကြီးကျယ်ခန်းနားသည့် ပြည်ထောင်စုကြီးတခုကိုတည်ဆောက်နိုင်မည့် အခွင့်အလမ်း တခုကို ရရှိလိုက်ခြင်း ဖြစ်ပါသည်။ ခေတ်မီ တိုး တက်ပြီး ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စု မြန်မာ နိုင်ငံကို ထူထောင်ရန်အတွက် ဥရောပသမဂ္ဂ တို့၊ အမေရိကန် ပြည်ထောင်စု တို့ ထက်မနိမ့်ကျသည့် လူ့အခွင့်အရေးများ၊ ဒီမိုကရေစီ၏အုတ်မြစ်များ၊ ပြည်ထောင်စုမူများ၊ ပူးပေါင်းရေးမူများကို ပင်လုံတွင်ပနှက်ချထားခဲ့ပြီးသား ဖြစ်ပါသည်။ ဝေးလံသည့် အနောက်တိုင်းနိုင်ငံများ မှ တိုက်ရိုက်ကူးယူစရာမလိုပဲ၊ မိမိတို့ နိုင်ငံ၏သမိုင်းနောက်ခံ၊ ရေခံမြေခံ နှင့် ကိုက်ညီပြီး တကြိမ်ထည်းတွင် ကမ္ဘာ့အဆင့်ကိုပါမီ သည့် မူများ၊ သဘောတရားများကို နိုင်ငံ့ဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်း ကိုယ်တိုင်ဦးဆောင်ပြီး ပင်လုံတွင် အုတ်မြစ်ချခဲ့ ပြီးသားဖြစ်ပါသည်။

တန်းတူရည်တူ ရေးထိုးကြသည့် သဘောတူစာချုပ်အရဖြစ်စေ၊ အခြေခံဥပဒေအရဖြစ်စေ၊ ပြည်သူများရွေးကောက်သည့် တရားဝင် နိုင်ငံတော် အစိုးရ တရပ်ရပ်ကဖြစ်စေ တစုံတခု သော ဒေသတခုခု (ဝါ) လူမျိုးတမျိုးမျိုးကို ထူးခြားသည့် အကြောင်းပြချက် တစုံတခုနဲ့ အခွင့် ထူး (privilege) တစုံတရာကို ပေးအပ် ကောင်းပေးအပ် နိုင်သော်လည့်း လူမျိုးတမျိုး၏နဂိုရှိရင်းစွဲ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ဆိုသည့် အမျိုးသား အခွင့်အရေး (Rights) များသည်ပေးအပ်၍ ရလာခြင်းမျိုးမဟုတ်ပဲ ဘိုးဘင်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့သည့် အမွေအနစ်များ (inherent) ဖြစ်သည်၊ ယင်း ဘိုးဘွား ပိုင်အမွေအနစ်ဖြစ်သည့် အခွင့်အရေး (inherent Rights) မျိုးသည် ယင်းလူမျိုးနဲ့ ဘယ်သောအခါမှ ခွဲခွာလို့ မရစကောင်းသည့် အခွင့်အရေးများ (inalieanable Rights) ဖြစ်သည်။ ယင်းကဲ့သို့ ကမ္ဘာ့ လူမျိုးအသီးသီး ၏ သူတို့နှင့် ခွဲခွာ၍ မရစကောင်း သော ဘိုးဘွားပိုင်နယ်မြေ (inherent territories) များ၊ သူတို့နှင့် ခွဲခွာ၍ မရစကောင်း သော သူတို့၏ ဘိုးဘွားပိုင် အမွေအနစ်များဖြစ်သည့် အခွင့် အရေးများ (inherent inalienable Rights) သည် ကမ္ဘာ့ လူမျိုး အသီးသီး ၏ တည်ရှိ ရှင်သန်မှုအတွက် မရှိမဖြစ် ပိုင်ဆိုင်ကြသည့် အမွေအနစ်များပင် ဖြစ်သည်။ ယင်းသို့ သူတို့နှင့် ခွဲခွာ၍ မရ စကောင်းသည့် လူမျိုးအသီးသီး ၏ အသက် ဝိဉာဉ် ကဲ့သို့ ဖြစ်နေသည့် အမွေအနစ် များကို ပြင်ပမှ အင်အားသုံးပြီး မလုပ်ကောင်း၊ မလုပ်အပ်၊ မလုပ်သင့် ပေ။ သူတို့နဲ့ ခွဲခွာရန် အားထုတ် လုပ်ဆောင်လာ သည့် အခါ တိုင်း ကမ္ဘာကြီး တွင် စစ်မီးများ ဟုန်းဟုန်းတောက်လောင်ခဲ့တာချည်းဖြစ်သည်။ ဤသည်မှာ Universal Truth ခေါ့် ကမ္ဘာလုံးဆိုင်ရာ အမှန် တရား ပင်ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်အခါတွင် ယင်း Universal Truth ခေါ် ကမ္ဘာလုံးဆိုင်ရာ အမှန်တရားများကို သိမြင်လာကြပြီး ယင်း အမြင်သစ် အတွေးသစ်များ၊ သဘောတရား၊ အယူအဆ အသစ် များသည် ကမ္ဘာသူ ကမ္ဘာသားများ ကြားတွင် နက်နက်ရှိုင်းရှိုင်း စတင်အမြစ်တွယ်ခဲ့သည့် အလျောက်၊ ကိုလိုနီစနစ်ဖျက်သိမ်းရေး၊ ကမ္ဘာ့လူမျိုးအသီးသီးတို့ နဂိုမူလပိုင်ဆိုင်ကြသည့် ကိုယ်ပိုင်ပြဌာန်းခွင့် များ ပြန်လည်ရရှိရေး များကို ဆောင်ရွက်ရင်း ငြိမ်းချမ်းသည့် ကမ္ဘာကို တည်ဆောက်ရေးစ သည်တို့ကို အသစ် ပေါ်ထွန်းလာသည့် ကမ္ဘာ့ကုလသမဂ္ဂက ကမကထ ပြုပြီုး တစိုက် မတ်မတ် ဆောင်ရွက် ခဲ့သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ကြီးကိုပါ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁ဝ) ရက်နေ့တွင် ထုတ်ပြန် နိုင်ခဲ့ ပါသည်။ ယင်း ၁၉၄၈ ခုနှစ်တွင်ပင် ကျွန်တော်တို့နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အမှန်တရားများကို အခြေခံပြီး ခေတ်နဲ့တပြေးညီဖြစ်သည့် ပြည်ထောင်စု နိုင်ငံသစ်ကို စတင် ထူထောင်နိုင် ခဲ့ခြင်းဖြစ်ပါသည်။

လူမျိုး တမျိုးနဲ့တမျိုး နိုင့်ထက်စီးနင်း ပြုကျင့်သည့် ဝါဒ များသည် ခေတ်မမှီတော့ကြောင်း၊ ကမ္ဘာနဲ့အဝှမ်းယင်းဝါဒ၊ ယင်း စနစ်များကို အပြီးအပိုင် ဖျက်သိမ်း ကြရ မည် ဆိုသည့် သဘော တရားများသည် ကမ္ဘာ့လူသားများကြားတွင် ရှင်သန်လာသည့်အလျောက် လူသား စိတ်ဓာတ်ရှိပြီး၊ လူသားပီသသည့် ပြည်ထောင်စု ၏ဖခင်များက ပင်လုံတွင် အခြေခံလူ့အခွင့်အရေး များကို ပြဌာန်းပြီး ရာသက်ပန်ငြိမ်းချမ်းသည့် ပြည်ထောင်စုကြီး အတွက် ပင်လုံတွင် အုတ်မြစ်ချ ခဲ့ကြခြင်းဖြစ်ပါသည်။ ယင်းသို့သောအယူအဆအသစ်များ သည် ကမ္ဘာစစ်ကြီး (၂) ကြိမ် တိတိ လောင်ကြွမ်းခဲ့ရာမှ လူသားတို့ တွင်ဖြစ်ပေါ်လာသော အသိတရားများဖြစ်သည်။ ကုန်လွန်ခဲ့သည့် နှစ်ပေါင်း (၆ဝ) ကျော် ကာလ အတွင်းတွင် ပင်လုံ ၏ လေးနက်ပြီး မြင့်မား သည့် မူဝါဒများ၊ ကမ္ဘာလုံး ဆိုင်ရာအမှန်တရားများကို ကျောခိုင်းခဲ့ကြပြီးဖြစ်သည်။ အမှန်တရား ကို မြတ်နိုး သည့် ခေါင်းဆောင် ကောင်းများ မပေါ်ပေါက် လာပါက ပင်လုံ၏ ကျိန်စာကို တပြည်လုံးဆက်လက်ခံကြရဦးမည်ဖြစ်သည်။

သယံဇာတ ပေါကြွယ်ဝ ပြီး၊ သယံဇာတတို့ကို အလွန်အကျွံထုတ်ရောင်းသောနိုင်ငံများသည် သယံဇာတ၏ကျိန်စာကို ခံကြရသည်ဟုဆိုပါသည်။ တိုင်းပြည်တခုတွင် သယံဇာတ ပေါကြွယ် ခြင်း သည် ယေဘုယျအားဖြင့် တိုင်းပြည်ဝင်ငွေတိုးကာ ပြည်သူတို့၏ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် အကြောင်းတခု ဖြစ်သော်လည်း ကိုယ်ကျိုးရှာအကျင့်ပျက် အဂတိလိုက်စား သည့် အုပ်စိုးသူတို့ မှ အာဏာကို လက်ဝါးကြီးအုပ်မှု ကြောင့် ပြည်သူတို့သည် သယံဇာတ ၏ကျိန်စာကိုခံကြရခြင်းဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင် Universal Truth ခေါ် ကမ္ဘာလုံးဆိုင်ရာ အမှန်တရားများနှင့်ပြီးပြည့်စုံသည့် ပင်လုံကို အခြေခံ သည့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရန် ကတိကဝတ်များ အခွင့်အလမ်းများရှိခဲ့ပါလျက်နှင့် အုပ်စိုးသူအဆက်ဆက်မှ တိုင်းပြည် အာဏာကို လက်ဝါး ကြီးအုပ်ကာ ပင်လုံကတိကဝတ်တို့ကို ဖေါက်ဖျက်ခဲ့ကြသည်။ အမှန်တရား ကိုကျောခိုင်းခဲ့ ကြသည်။ ကတိမတည်လျင်၊ သစ္စာဖောက်လျင် ကျမ်းစူး တတ်သည်၊ ကျိန်စာ သင့်သလို ခံရတတ်သည် ဟူသော ဗမာ့ဆိုရိုးစကား နှင့် မိရိုးဖလာယုံကြည်မှု ရှိပါသည်။ ဗမာအပါအဝင်လူမျိုးပေါင်းစုံပြည်သူတို့အတွက် ထာဝရ သာယာ ငြိမ်းချမ်း သော ပြည်ထောင်စု ကြီးကို မျက်မောက်ပြုရစေမည့် ပင်လုံ ကတိကဝတ်တို့ကိုဖေါက်ဖျက်ခဲ့ကြပြီဖြစ်သဖြင့် ပင်လုံ၏ကျိန်စာသင့်ခဲ့ ကြရပြီး အုပ်စိုးသူရော၊ ပြည်သူများ ပါ တတိုင်း တပြည်လုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အထီးကျန်ဖြစ်ခဲ့ကြရပြီး အကြပ်အတည်း အခက်အခဲ မျိုးစုံ ကို လည်း ယနေ့အထိ ကြုံ တွေ့ ရင်ဆိုင် ခံစားနေရဆဲ ဖြစ် သည်။

ပင်လုံ၏ ကျိမ်စာ တဇာတ် သိမ်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေး

၁၈၆၁ နဲ့ ၁၈၆၅ အတွင်း (၄) နှစ်ကြာဖြစ်ပွားခဲ့သည့် အမေရိကန်ပြည်တွင်းစစ်သည် စက်မှုတော်လှန်ရေး ၏အသီးအပွင့်များ နှင့် အတူ မြို့ပြအခြေပြု စက်မှုလူ့အဖွဲ့အစည်း အသွင်ကို ကူးပြောင်းနေသည့် အလျောက် ကျွန် စနစ်ကိုပါလက်မခံ တော့သည့်၊ အမေရိကန် မြောက် ပိုင်း ပြည်နယ်များနှင့်၊ မိမိတို့၏စီးပွားရေးမောင်းနှင်အားအဖြစ် ဝါဂွမ်း စိုက်ခင်းများတွင် ကျေးကျွန်များကို အဓမ္မစေခိုင်းနေရဆဲ ဖြစ်ပြီး၊ ကျေးလက် အခြေပြု လူ့အဖွဲ့အစည်းအဖြစ် ခေတ်နောက်ကျ ကျန်ရစ်နေသေးသည့် တောင်ပိုင်း အမေရိကန်ပြည်နယ်များအကြား ကျွန်စနစ် ဖျက်သိမ်းရေး၊ မဖျက်သိမ်းရေး ကိုအခြေခံပြီး တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်မီး ဖြစ်သည်။ မတူညီသည့် လူ့အဖွဲ့အစည်းနှစ်ရပ်၊ မတူညီသည့်ခေတ် နှစ်ခေတ် နှင့် မတူညီသည့် တန်ဖိုးထားမှု များအပေါ်တွင် အခြေခံခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် စက်မှုထွန်းကားပြီး ခေတ်ရှေ့ကိုပြေးနေသည့် အမေရိကန် မြောက်ပိုင်းက စိုက်ပျိုးမှု တော်လှန်ရေး ထဲတွင် ခေတ်နောက်ကျကျန် နေခဲ့သည့် အမေရိကန်တောင်ပိုင်းပြည်နယ်များ အပေါ် အနိုင်ရ ခဲ့ပြီး၊ ကျွန်စနစ် ကို အပြီး အပိုင် ဖျက်သိမ်းနိုင်ခဲ့သည်။ ကျွန်စနစ်ကိုဖျက်သိမ်းရန် အတွက် (၄) နှစ်ကြာ ပြည်တွင်းစစ်တွင် နှစ်ဖက်ပေါင်း လူ (ရ) သိန်းကျော်သေခဲ့ရပြီး အမေရိကန် ပြည်ထောင်စု ၏သမိုင်းတလျောက်တွင် လူ့အသက်ဆုံးရှုံးမှု အများဆုံးစစ်ပွဲဖြစ်သည်။ တောင်ပိုင်း ပြည်နယ်များက သီးခြား ကွန်ဖက်ဒရေးရှင်း ထူထောင်ပြီး အမေရိကန် ပြည်ထောင်စုမှခွဲထွက်ရန် အထိလုပ်လာသည့် အချိန်တွင် သမ္မတ လင် ကွန်း က ပြည်တွင်းစစ်ကာလတွင် ပြည်ထောင်စုမပြိုကွဲရေးကို အဓိကထား ကြွေးကျော်ခဲ့ သော်လည့်း၊ ကျွန်စနစ်ကိုတော့ ပြည်တွင်းစစ် မဖြစ် လျင် ပင် သူ့အလိုလို ခေတ်နဲ့အညီပျောက်ကွယ်သွားမည်ဟု ယုံကြည်ခဲ့သူဖြစ်သည်။ ပြည်တွင်းစစ်အပြီးတွင် ကျွန်စနစ်ကို ဥပဒေပြဌာန်းပြီး ဖျက် သိမ်း ခဲ့ ပါသည်။

ကျွန်ပ်တို့နိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ရခြင်း ကြောင်းရင်းအဖြစ် နယ်ချဲ့သွေးထိုးမှုကိုအကြောင်းပြုပြီး ယိုးမယ်ဖွဲ့ရေးသားပြောဆိုခဲ့ကြ သည်။ ကိုလိုနီ ခေတ်တွင် နယ်ချဲ့၏သွေးထိုးမှုများ အမှန် ရှိခဲ့ သော်ငြားလည်း၊ ၁၉၄ရ ခုနှစ်ပင်လုံစာချုပ်အားဖြင့် ယင်းသွေးထိုးမှု တို့ကို တဇာတ် သိမ်းခဲ့ ပြီး ဖြစ်သည်။ ယနေ့ အချိန်အခါတွင် ရှည်ကြာလာသောပြည်တွင်းစစ် သမိုင်းကို မတူညီသော ကမ္ဘာ့အမြင် နှစ်ရပ်၏ ပဋိပက္ခ အဖြစ်သုံးသပ် ၍ရ ပေ လိမ့်မည်။ တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေးများကို ချိုးနှိမ်နှပ်ကွပ်ထားနိုင်မှ တိုင်းပြည်စည်းလုံးမည်၊ တိုးတက်မည်ဟု ယုံကြည်သည့် ဖေါက်ပြန် လွန်း သော ရှေးခေတ် ဟောင်း ကမ္ဘာ့အမြင် နှင့် ခေတ်ရှေ့ကိုပြေးနေသော တန်းတူရည်တူ ဖက်ဒရယ် ပြည်ထောင်စု မူကိုကိုင်စွဲထားသည့် ပင်လုံစိတ်ဓါတ် ခေါ်ခေတ်သစ်အမြင် တို့အကြားမတူညီ၊ ဆန့်ကျင်သည့် ကမ္ဘာ့အမြင် နှစ်ခု ၏ ပဋိပက္ခ ပင်ဖြစ်ပေသည်။ ရှေးခေတ် ဟောင်း ကမ္ဘာ့အမြင် သည် ရှည်ကြာစွာ ရှင်သန် ကြီးထွား နေခဲ့သည်။ ထို့ကြောင့်လည်း ကျွန်တော်တို့နိုင်ငံတွင် မင်းရူး၊ ဘုရင်ရူးများကြီးစိုးနေခဲ့ပြီး၊ တိုင်းပြည်သည်လည်း ခေတ်ရှေ့သို့မရွေ့နိုင်ပဲ ခေတ်နောက်ကျ ပြီးကျန်ရစ်ခဲ့ရသည်။ အများစုကြီးဖြစ်သော ဗမာပြည်သူတို့ကို စစ် အာဏာရှင် အဆက်ဆက် က “ဖက်ဒရယ်ခွဲ ထွက်ရေးမူ” ဖြင့်ပိုင်ပိုင်နိုင်နိုင် မှိုင်းတိုက်ထား နိုင်ခဲ့သည်က အကြောင်းရင်းတခုဖြစ်ပေသည်။ ယနေ့အချိန်အခါတွင် လူမျိုးပေါင်းစုံပြည်သူတို့အနေနှင့် ပင်လုံ ၏အမှန်တရားတို့ကို သဘောပေါက်မှုများ နေ့စဉ်နှင့် အမျှ တိုးပွား လာပြီဖြစ်သဖြင့် ပင်လုံခေတ်သစ်ကမ္ဘာ့အမြင် ဖြင့် အားကြိုးမာန်တက် ဦးဆောင်ဦးရွက်ပြုမည့် မြန်မာမျိုးဆက်သစ် ခေါင်းဆောင် ကောင်းများ ပေါ်ထွန်း ကာ ပင်လုံ ၏ ကျိန်စာ ကို တဇာတ် သိမ်းရန် အချိန်တန်ပြီဖြစ်သည်။ စိတ္တဇ အိမ်မက်များကုန်ဆုံးလွန်မြောက် ၍ ပင်လုံ ၏ ကျိန်စာ အောက်မှ နောင်မျိုး ဆက်သစ် များလွတ်မြောက်ကြပါစေ။

၂၉ မေလ ၂ဝ၁၄။ The curse of Panglong

** ပင်လုံစာချုပ် နှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးခန်းကို “ဒီမိုကရေစီအခြေခံတရားများ Vansangva Volume I စာမျက်နှာ ၁၁ရ” တွင် ဖတ်ရှု နိုင်ပါ သည်။ အွန်လိုင်းတွင် တော့ http://vansangva.com/vansangva-library/#1 တွင် ဖတ်ရှုနိုင်သလို MP3 အသံဖိုင်ကို လည်းနား ဆင်နိုင်ပါသည်။

Dear ALL readers,
We are uploading again the re-edited version of the article
” The Curse of Panglong”. Sorry for the inconvenience caused.
21.06.2014
– Vansangva Group –

Written by mike16os

June 19, 2014 at 11:13 am

ပင်လုံပြည်ထောင်စု ကြီး ပြိုကွဲပျက်စီးခြင်း နှင့် ပြန်လည်တည်ဆောက်ခြင်း

Salai Kipp Kho Lian

“အများတကာရဲ့လွတ်လပ်ရေးကို နှောက်ယှက် တာဟာ လွတ်လပ်ရေး မဟုတ်ဘူး“ – ဗိုလ်ချုပ်အောင်ဆန်း –
“Disturbing others’ liberty is not liberty” – Bogyoke Aung San –


ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်အတွက် လွတ်လပ်ရေး ကိုအရယူပေးခဲ့သော်လည်း သူထူထောင်ခဲ့သော ပင်လုံပြည်ထောင်စုကြီးသည် သူနှင့်အတူ ဇတ်သိမ်းသွား ခဲ့ရသည်ကို အများပြည်သူ တို့သတိမမူမိခဲ့ကြပေ။ သာမန်ပြည်သူတို့သတိမမူမိကြသည်ကို ထားဦး ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံဥပဒေ (၁၉၄၇) ကိုပင် ပင်လုံစာချုပ်ကို အခြေခံထား သယောင် လူမျိုးစု တိုင်းရင်းသား နိုင်ငံရေးသမား အချို့က ထင်ယောင်မှား ခဲ့ဘူး သလို၊ ယင်းအခြေခံဥပဒေ (၁၉၄ရ) သည်ပင်လျင် ဖက်ဒရယ်စနစ်ဖြစ်ကြောင်း ဝန် ကြီးချုပ်ဟောင်း ဦးနု က ရှစ်လေးလုံးကာလ ချင်းတိုင်းရင်း သား တို့နှင့် တွေ့ဆုံပွဲ တခုတွင် ပေါက်ပေါက်ရှာရှာပြောကြားခဲ့ ဘူးသည်။ ထို့အပြင် လက်ရှိ ပြုပြင် ပြောင်း လဲရေးကာလကို အမီလိုက်ကာ တက်သုတ်ရိုက်ဝင်လာကြသည့် နိုင်ငံခြားသားပညာ ရှင် သုတေသီ အ ချို့ကလည်း ကျွန်ပ် တို့ နိုင်ငံ တွင် ရှိခဲ့၊ ကျင့် သုံး ခဲ့ ဘူးသော၊ ကျင့်သုံး နေဆဲဖြစ် သော အခြေခံဥပဒေများအနက် ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံ ဥပဒေ(၁၉၄ရ) သည် ဖက်ဒရယ်စနစ် နှင့် အ နီး စပ်ဆုံး ဖြစ် ကြောင်း ရေးသားလာ ကြ ပြန် သည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပါဝင်ရေးဆွဲခဲ့သည့် ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံဥပဒေ (ပထမမူကြမ်း) သည် သမိုင်း စာမျက်နှာ များ ပေါ်မှ ပျောက် ခြင်း မလှပျောက်နေခဲ့သည်။ ၄င်းနှင့်အတူ ပင်လုံသမိုင်း သည် လည်း လှို့ဝှက် သမိုင်း တခုသဖွယ်သမိုင်းစာမျက်နှာများပေါ်မှ ပျောက် နေခဲ့သည်။

အမှန်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄ရ) သည် ဖက်ဒရယ် စနစ် ဟုတ်မဟုတ်ဆိုသည်ကို အထူးဆွေးနွေး ငြင်းခုန်စရာ ပင် လိုမည် မထင်ပါ။ ဗိုလ်ချုပ် အောင်ဆန်းကျဆုံးပြီးနောက် သူရေးဆွဲခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ(၁၉၄၇) (ပထမမူကြမ်း) တွင် ပင်လုံ ကို အခြေခံသည့် ဖက်ဒရယ် အနှစ်သာရ အငွေ့အသက်များကိုပယ်ဖျက်ကာ အသစ်တဖန် ပြန်လည်ရေးဆွဲခဲ့ သည့် ဦးချန်ထွန်း ကိုယ်တိုင် က ယင်း အခြေခံ ဥပဒေ သည် အပေါ်ယံအားဖြင့် ဖက်ဒရယ် ဖြစ်သော်လည်းအနှစ်သာရအားဖြင့် တပြည်ထောင် စနစ် ဖြစ် ကြောင်း ဝန်ခံခဲ့သည့် အချက်သည် ပင်လျင် ယင်း အခြေခံ ဥပဒေ သည် ဖက်ဒရယ် ပြည်ထောင်စု စနစ် နှင့် ဆန့်ကျင်ဖက် ဖြစ်ကြောင်း အရှင်း ဆုံး ဝန်ခံချက်ဖြစ်ပေသည်။ ဥပဒေကိုရေးဆွဲသူ ကိုယ် တိုင်က ယင်း အခြေခံဥပဒေ ကို တပြည်ထောင်စနစ် အဖြစ် ရည်ရွယ်ချက်ရှိရှိ ရေးဆွဲခဲ့ကြောင်း ဝန်ခံ ထားပြီး ဖြစ်သဖြင့် ယင်းအခြေခံဥပဒေ(၁၉၄ရ) သည် ဖက်ဒရယ် ဟုတ်မဟုတ် ပြည်ထောင်စု စနစ် ဟုတ် မဟုတ် အချိန်ကုန် ခံ ကာ ဆက်လက် ပြီး အကျယ်အကျယ် အ ငြင်းပွား နေစရာ မလိုတော့ပေ။ တနည်းအားဖြင့် ယင်းအခြေခံဥပဒေအားဖြင့် ပင်လုံလမ်း မှစတင် လမ်းခွဲ ခဲ့ ကြပြီး ဖြစ်သည်။ ပင်လုံပြည်ထောင်စုကြီး ပြိုကွဲ ပျက်စီး ရေး လမ်းကြောင်း သို့ စတင်လမ်းလွဲခဲ့သည်မှာ ယင်း၁၉၄၇ ခုနှစ် အခြေခံဥပဒေ ဖြစ်ကြောင်း အခိုင်အမာ သက် သေ ထူနိုင်ပါ သည်။ ကျည်း မြောင်းသေးသိမ်သော အမျိုးသားရေးဝါဒီတို့က အပေါ်ယံ အားဖြင့် ဖက်ဒရယ် သကာရည် ကို လိမ်မာပါးနပ်စွာ လူးထား နိုင်ခဲ့သဖြင့် တိုင်းပြည်ကို တပြည်ထောင်စနစ်ဘောင်အတွင်းသို့ ပိုင်ပိုင်နိုင်နိုင် သွတ်သွင်းနိုင်သည်သာမက သာမန်ပြည်သူများကို မဆိုထားနှင့် ပညာရှင် အချို့ကိုပင် လှည့် စား နိုင်ခဲ့သည်။ နိုင်ငံကိုလည်းသေးသိမ်နိမ့်ကျသော သွေးအလိမ်းလိမ်းနှင့် စစ်ဘီလူးတို့ ကျက်စားရာ စစ်တလင်း တစပြင် အဖြစ်သို့ ကျဆင်း သက်ရောက် စေခဲ့ သည်။ http://vansangva.com/vansangva-library/#5

ပြည်တွင်းစစ်သမိုင်း၏ အစပိုင်းကာလ – ရောင်စုံသူပုန်ခေတ်။

လွတ်လပ်ရေးရပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ(၁၉၄၇) ခေါ် တပြည်ထောင်စနစ် အသက်ရှင်သန်ခဲ့သည့် ၁၉၄ဂ မှ ၁၉၆၂ ခုနှစ်အကြား (၁၄) နှစ်တာ ကာလ၊ ပါလီမန်ခေတ် (သို့မဟုတ်) ဒီမိုကရေစီ ခေတ် ဟုအများ နားလည်ကြသော ထိုကာလ အတွင်းတွင် ပြည်တွင်း စစ်မီး သည် စတင် အရှိန် ရကာ တောက်လောင်ခဲ့ ခြင်းဖြစ်သည်။ တနည်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ(၁၉၄၇) သည် ပြည်တွင်း ငြိမ်းချမ်းရေး ကို မဆောင်ကျည်းနိုင်ခဲ့ပေ။ တပြည်ထောင်စနစ် ကိုပြဌာန်း ထား သဖြင့် လူမျိုး ပေါင်းစုံ နေထိုင်သောကျွန်တော်တို့နိုင်ငံနှင့် အံမဝင် ဂွင်မကျ၊ ပင်လုံ မူ များ နှင့်ဆန့်ကျင်ဖက် ဖြစ်သည်ကို ရှည်ကြာသော ပြည်တွင်းစစ်သမိုင်း အားဖြင့် သက်သေထူနိုင်ပါသည်။

ပင်လုံစာချုပ်ရေးထိုးရာတွင်မပါဝင်ခဲ့ကြသည့် တိုင်းရင်းသားအင်အားစုများ တသုတ်ပြီးတသုတ်တောခိုခဲ့ကြသော်လည်း ထိုကနဦးကာလ ပြည် တွင်း စစ်၏ အစပိုင်း “ရောင်စုံသူပုန်ခေတ်” တွင် ပင်လုံ စာချုပ် ကို ရေးထိုးခဲ့ကြသည့် ချင်း၊ ကချင်၊ ရှမ်း တို့သည် ပင်လုံ ပြည် ထောင် စု ကြီး ကို ယုံကြည်နေကြဆဲ၊ ပြည်ထောင်စုကြီးမပျိုကွဲအောင် ထိမ်းသိမ်းရမည်ဟုရိုးသားစွာယုံကြည်ကာ ဦးနုအစိုးရအား အကာအကွယ်ပေးခဲ့ပြီး ပြည်တွင်း စစ် တွင် မပါဝင်ခဲ့ကြသေး ပေ။ တနည်းအားဖြင့် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ယုံယုံကြည်ကြည် လက်မှတ် ရေးထိုးခဲ့ ကြ သည့် ချင်း၊ရှမ်း၊ကချင်တို့ အနေနှင့် ပင်လုံသဘော တူညီချက်များ၊ ပင်လုံမူများရှင်သန်နေသေးသည်၊ အခြေခံဥပဒေ (၁၉၄ရ)သည်လည်း ပင်လုံ စာချုပ် နှင့် အညီရေးဆွဲထား သည် ဟု ထင်မှတ်မှား နေကြ ဆဲဖြစ်သည်။ ပြည်တွင်းစစ် အစပိုင်းကာလတွင် ကရင်၊ မွန်၊ ရခိုင်၊ ကရင်နီ အစရှိသည့် အမျိုးသားရေး အခြေခံသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် လူတန်းစားကို အခြေခံ သည့် ကွန်မြူနစ်လက်ဝဲဝါဒီ များဖြစ် ကြသော အလံဖြူ၊ အလံနီ၊ ရဲဘော်ဖြူ စသည့် လက်နက် ကိုင်အဖွဲ့အစည်းများ သည် လည်း ပြည်ထောင်စု အဝှမ်း လူမျိုး ပေါင်းစုံ ပြည်သူတို့အား တစုတစည်းတည်း ဆွဲဆောင် နိုင် လောက် သည့် ဘုံနိုင်ငံ ရေး ဦးတည်ချက် များမရှိခဲ့ ကြပေ။ တပ်ပေါင်းစုများ အကြိမ်ကြိမ်ဖွဲ့စည်းခဲ့ကြသော်လည်း တာရှည် မခံခဲ့၊ အချင်းချင်း ပြန်လည် တိုက်ခိုက် ခဲ့ကြသည် ကများသည်။ ဤ သို့ဖြင့် ရှည်ကြာသောပြည်တွင်းစစ်သမိုင်း တလျောက် ရောင်စုံ သူပုန်ခေတ် တွင်စတင်တောခိုခဲ့ကြသော အလံဖြူ၊ အလံနီ၊ ရဲဘော်ဖြူ နှင့် မဆလခေတ်တွင် တောခို ခဲ့သော ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ပါလီမန် ဒီမိုကရေစီပါတီတို့သည် မိမိတို့ ကြေညာ ခဲ့သော ရည်မှန်းချက်ပန်းတိုင် ကိုမရောက်ပဲ တော်လှန်ရေး လမ်းခုလတ်တွင် အချိန်အခါနှင့် အခြေအနေ အမျိုးမျိုး တို့တွင် ဇတ်သိမ်းသွား ကြရ သော အထင်ကရ ပါတီအဖွဲ့ကြီးများ ဖြစ်ကြ သည်။

ပါလီမန်ဒီမိုကရေစီခေတ် လွှတ်တော်တွင်းလက်တွေ့ နိုင်ငံရေးအခင်းအကျင်းများတွင် တပြည်ထောင်စနစ်၏ ခါးသီးမှုများ ကို လက်တွေ့ ကျကျ ခံစားလာ ရသည့် တိုင်းရင်း သားတို့သည် ပင်လုံတွင်မျှော်မှန်းခဲ့ကြသည့် ကိုယ်ပိုင်ပြဌာန်းခွင့် များဆုံးရှုံးခဲ့ကြရသည့် အဖြစ်ကို နိုင်ငံရေး နည်း အား ဖြင့် ပြုပြင် ပြောင်းလဲရေးအတွက် စတင် အရေး ဆိုခဲ့ကြသော်လည်းအရာမရောက်ခဲ့ပေ။ (Vansangva Library, http://www.vansangva.com တွင်ရှုရန်။)

တပြည်ထောင်စနစ် ကို ဆန့်ကျင်သည့် ရှမ်းအမျိုးသားတို့ ၏ လက်နက်ကိုင် တော်လှန်ရေးစတင်ခြင်း

၁၉၅ဝခု နှစ် တွင် တရုတ်ဖြူ ကျူးကျော်မှု၏ နောက်ဆက်တွဲ အ ဖြစ်ရှမ်းပြည်နယ်တွင် ဗမာ့တပ်မတော်၏ ရှမ်းလူထုအပေါ် လူ့အခွင့် အရေး ချိုးဖေါက် မှု များကြောင့် ရှမ်းလူထုအတွင်း မကြေနပ်ချက်များ စုပြုံလာသည့်အကြား ပင်လုံ ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးနည်း အားဖြင့် ပါလီမန် အတွင်းမှ ပြန်လည်ထူထောင်ရန် မျှော်လင့် ချက် ကင်းမဲ့လာသည့် အဆုံး ၁၉၅ဂ ခုနှစ် မေလ (၂၁) ရက်နေ့ တွင် ရှမ်းမျိုးချစ် ခေါင်းဆောင် Sao Noi ဦးဆောင်သည့် Num Hsük Han ခေါ် ရှမ်းလူငယ် သုံးကျိတ်တို့ မှ သေနတ် (ရ) လက်ဖြင့် ရှမ်းပြည်လွတ်မြောက်ရေး အ တွက် လက်နက်ကိုင် တော် လှန်ရေး ကိုစတင်ခဲ့သည်။ ဤသည်မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေး ထိုး ခဲ့သည့် ကနဦး ပင်လုံပြည်ထောင်စုအဖွဲ့ ဝင်ထဲမှ ရှမ်းအမျိုးသားတို့ က လက်နက်စွဲကိုင်ကာ ရှမ်းပြည်တွင် ဒီမိုကရေစီ အခွင့်အရေးများ ဆိပ်သုဉ်းစေခဲ့သည့် တပြည်ထောင်စနစ်ကို စတင် ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။

တပြည်ထောင်စနစ် ကို ဆန့်ကျင်သည့် ကချင် အမျိုးသားတို့၏ လက်နက်ကိုင် တော်လှန်ရေးစတင်ခြင်း

ကချင်ပြည်နယ် အနေနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် များဆုံးရှုံးမှု အပေါ် မကြေမနပ် ဖြစ်နေကြသည့်အချိန်တွင် ဝန်ကြီးချုပ် ဦးနုက အများ တ ကာ ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသည့်ကြားက ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းခဲ့ခြင်း၊ စီမော်၊ဂေါ်လံ၊ဂန်ဖန် အစရှိသည့် ကချင် ပြည်နယ်၏ အစိတ်အပိုင်းများကို ကချင်ခေါင်းဆောင်များကကန့်ကွက်သည့်ကြားမှ တရုတ်ပြည်အား လွှဲပြောင်းပေးအပ် ခဲ့ ခြင်း အစ ရှိ သည့် နိုင်ငံ ရေး အခင်း အကျင်း များ ၏နောက်ဆက်တွဲအဖြစ် ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် Zau Seng, Zau Tu, Zau Dan အစရှိသည့် ကချင်မျိုးချစ် ညီအစ် ကို သုံး ဦးမှ ဦး ဆောင်ကာ ကချင်လက်နက်ကိုင်တော်လှန်ရေးကိုစတင်ခဲ့ပြန်သည်။ ဤသည်မှာ ပင်လုံ စာချုပ် ကို လက်မှတ် ရေး ထိုး ခဲ့သည့် ကနဦး ပင်လုံ ပြည် ထောင်စုအဖွဲ့ဝင်ထဲမှ ကချင် အမျိုးသားတို့က လက်နက်စွဲကိုင်ကာ ကချင်ပြည်တွင် ဒီမိုကရေစီ အခွင့်အရေး များ ဆိပ်သုဉ်း စေခဲ့ သည့် တပြည်ထောင် စနစ်ကို စတင်ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။

တပြည်ထောင်စနစ်ကို ဆန့်ကျင်သည့် ချင်း အမျိုးသားတို့၏ လက်နက်ကိုင် တော်လှန်ရေးစတင်ခြင်း

ဗိုလ်ချုပ်အောင်ဆန်းကိုယုံကြည်ကာ ကနဦးပြည်ထောင်စုတွင် ပြည်နယ်ပင်မယူပဲ ချင်းဝိသေသတိုင်းအဖြစ် ပြည်ထောင်စုတွင်ပါဝင် လာ ပြီး တပြည်ထောင်စနစ် အောက် တွင် မိမိတို့ ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုဆုံးရှုံးခဲ့သဖြင့် ပါလီမန်ခေတ် လွှတ်တော်အတွင်းမှ ချင်း နိုင်ငံရေး သမားများက အမျိုးမျိုး အရေးဆို ခဲ့ကြ သော်လည်း အရာမ ရောက်ခဲ့ပေ။ ၁၉၆၄ ခုနှစ် တွင် ချင်းမျိုးချစ်ခေါင်းဆောင်များဖြစ်ကြသော Pu Hrang Nawl (ပါလီမန်ခေတ် လွှတ်တော်ကိုယ်စားလှယ်), Pu Thualzen (ချင်းလက်နက်ကိုင်တပ်ရင်း မှ တပ်ကြပ်ကြီးဟောင်း), Pu Son Kho Pau (ချင်းလက်နက်ကိုင်တပ်ရင်းမှ ဒုဗိုလ်မှူးကြီးဟောင်း), Pu Son Cin Lian (ပါလီမန်ခေတ် လွှတ်တော် ကိုယ်စားလှယ်), Pu Dam Kho Hau, Pu Pa Cung Nung တို့ ကဦးဆောင်၍၄င်း ၁၉ရ၆ ခုနှစ် တွင် Pu Mang Tling (ပါလီမန်ခေတ် လွှတ်တော် ကိုယ်စားလှယ်), Pu William Sa Lian Zam (ရေတပ်မှ တပ်ကြပ်ကြီးဟောင်း) တို့ မှ အသီးသီး ဦးဆောင်၍၄င်း ချင်းပြည်လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေး များကို စတင် ခဲ့ကြ သော်လည်း ထိုခေတ် ထိုကာလ နိုင်ငံတကာ နိုင်ငံရေး၊ ဒေသဆိုင်ရာ ပထဝီ နိုင်ငံရေး၊ ပြည်တွင်း နိုင်ငံရေး အခြေအနေ များ နှင့် လက်နက် ကိုင်တော်လှန်ရေး တို့ ၏ သဘော သဘာဝ အရ အခက်အခဲ ပေါင်း မြောက်မြားစွာကို ကြုံတွေ့ခဲ့ရပြီး မွေးသေ တော်လှန်ရေးများ အဖြစ် ချုပ်ငြိမ်း ခဲ့ကြရသည်။ ၁၉ဂဂ ခုနှစ် မတ်လ (၂ဝ) ရက်နေ့တွင် ချင်းမျိုးချစ် ခေါင်းဆောင် Pu Tial Khar မှဦးဆောင်ကာ ချင်းအမျိုးသား တပ်ဦး ကိုတည်ထောင်ပြီး ချင်းအမျိုးသားတို့၏ လက်နက်ကိုင်တော်လှန်ရေး ကို ပြန်လည်စတင် နိုင်ခဲ့သည်။ ဤသည်မှာ ပင်လုံ စာချုပ် ကို လက်မှတ်ရေး ထိုး ခဲ့သည့် ကနဦး ပင်လုံ ပြည် ထောင်စုအဖွဲ့ဝင်ထဲမှာ ချင်းအမျိုးသားတို့က လက်နက်စွဲကိုင်ကာ ချင်းပြည်တွင် ဒီမိုကရေစီ အခွင့် အရေးများ ဆိပ်သုဉ်း စေခဲ့ သည့် တပြည် ထောင် စနစ်ကို စတင်ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။

တပြည်ထောင်စနစ်ကိုဆန်ကျင်သည့် တိုင်းရင်းသားလူမျိုး တို့၏ တပ်ပေါင်းစုများ

လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ၏ ၁၉ရ၆ ခုနှစ် မေလ (၁ဝ) ရက်နေ့ တွင် ဖွဲ့စည်းခဲ့သော ကချင်၊ ကရင်၊ကရင်နီ၊ချင်း၊ရှမ်း၊ပအို့၊လားဟူ၊မွန်၊ပလောင်၊ဝ၊ရခိုင် အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တို့ပါဝင်သည့် အမျိုးသား ဒီမိုကရေစီတပ်ဦး (National Democratic Front) သည်၎င်း Kachin Independence Organization (KIO), New Mon State Party (NMSP), Shan State Army-North (SSPP /SSA), Karen National Union (KNU), Karenni National Progressive Party (KNPP), Chin National Front (CNF), Lahu Democratic Union (LDU), Arakan National Council (ANC), Pa-Oh National Liberation Organization (PNLO), Ta-ang National Liberation Army (TNLA), Wa National Organization (WNO) တို့ ပါဝင်ပြီး ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ တွင်ဖွဲ့စည်းခဲ့သော United Nationalities Federal Council (UNFC) ခေါ် တပ်ပေါင်းစုတို့သည်၎င်း တပြည်ထောင်စနစ်ကိုဆန့်ကျင်ပြီး ပင်လုံမူ ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုကိုပြန်လည်ထူထောင်ရန် ဘုံနိုင်ငံရေးဦးတည်ချက်ဖြင့် ဖွဲ့စည်းထားသည့် တပ်ပေါင်းစုများဖြစ်သည်။

တပြည်ထောင်စနစ် ကို ဆန့်ကျင်သည့် မြို့ပြ ဗမာ ကျောင်းသား တို့၏ လက်နက်ကိုင် တော်လှန်ရေးစတင်ခြင်း

ထို့အပြင် ၁၉ဂဂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင်ဖွဲ့စည်းခဲ့သည့် All Burma Students’ Democratic Front (ABSDF) ခေါ် လက်နက်ကိုင် ကျောင်းသားတပ်မတော် သည်လည်း တပြည်ထောင်စနစ်ကို ဆန့်ကျင်ကာ ဗမာမျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် ချမှတ်ခဲ့သော ပင်လုံမူ ကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ထူထောင်ရေး ကို ဦးတည်ကာ ဖွဲ့စည်းခဲ့ သည့် ပထမ ဦးဆုံး သော ဗမာလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ ထို့အပြင် အထက်ပါ တပ်ဦး တို့တွင်မပါဝင်သော Restoration Council of Shan State (RCSS) နှင့် United Wa State Army (UWSA) တို့သည်လည်း တပြည်ထောင်စနစ်ကို ဆန့်ကျင်ကာ ပင်လုံကိုအခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု ကိုထူထောင် ရန် ဦးတည်ချက်ရှိကြသည်။

တပြည်ထောင်စနစ် ကို ဆန့်ကျင်သည့် ဗမာ့ တပ်မတော်၏ သမိုင်းဝင် ခြေလှမ်းသစ်

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းအားအချောသပ်ရေးဆွဲရေး အတွက် ဦးသိန်းစိန် အစိုးရ နှင့် တိုင်းရင်းသားများ၏ ၂ဝ၁၄ ခုနှစ် မေလ ၂၁ နှင့် ၂၂ ရက်နေ့ဆွေးနွေးပွဲ များတွင် အပစ်ခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်ရေး အတွက် အခြေခံမူများကိုညှိနှိုင်းရာတွင် အထူးသဖြင့် တပ်မတော်ကိုယ်စားလှယ်များ ဖက်မှ အထစ်အငေါ့ ဖြစ်ခဲ့သည့် “ဖက်ဒရယ်” ဟူသော ဝေါဟာရ အသုံးအနှုံးကို အစိုးရဖက်မှ သဘောတူကာ “ဒီမိုကရေစီ နှင့် အမျိုးသား တန်းတူရေး ကို အာမခံချက်ပေးသော ဖက်ဒရယ်စနစ်” ကိုကျင့်သုံးသော ပြည်ထောင်စု ကိုတည်ဆောက်ရန် ဖက် နှစ်ဖက်လုံး မှ ညှိနှိုင်းရေး အဖွဲ့များက အခြေခံမူအဖြစ် ဘောတူညီမှုရယူနိုင်ခဲ့သည်။ ယင်း ညှိ နှိုင်းရေး အဖွဲ့များတွင် ဦးသိန်းစိန် အစိုးရဖက်မှ (တပ်မတော် ကိုယ်စားလှယ်များ အပါအဝင်) UPWC ခေါ် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ကော်မီတီ ဝင် များ နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များမှ NCCT ခေါ် တနိုင်ငံ လုံးအပစ်ခတ်ရပ်စဲရေး ဆိုင်ရာ ညှိင်းနှိုင်းရေးကော်မီတီဝင် များပါဝင်ကြသည်။ တနည်းအားဖြင့် ရာစုနှစ် ထက်ဝက်ကျော် ကာလ အာဏာရှင်ဟောင်း ဦးနေဝင်း က ဖက်ဒရယ် ကိုခွဲထွက်ရေးမူအဖြစ် တတိုင်းတပြည်လုံးကို နှစ်ပေါင်းမြောက်မြားစွာ လိမ်ညာမှိုင်းတိုက် နိုင်ခဲ့သော်လည်း ယနေ့တပ်မတော်သည် ယင်း ဖက်ဒရယ် စနစ် ကို ၂ဝ၁၄ ခုနှစ် မေလ (၂၁) ရက်နေ့အဆိုပါဆွေးနွေးပွဲတွင် လက်ခံလာသည်မှာ ပင်လုံပြည်ထောင်စုကြီး ပြန်လည်တည်ဆောက်ရေး သမိုင်းတွင် အရေးကြီး သော သမိုင်း အလှည့် အပြောင်းတခုအဖြစ် မှတ်တမ်းတင် ရမည်ဖြစ်ပေသည်။ တနည်းအားဖြင့် ဗမာ့တပ်မတော်အနေနှင့် အာဏာရှင်ဟောင်း ဦးနေဝင်း ၏ လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်ခဲ့သည့် ပထမ ခြေလှမ်း အဖြစ်ပြည်သူ တရပ်လုံးက ကြိုဆိုကြရပေမည်။

ပင်လုံကိုခြေခံသော ဖက်ဒရယ် ပြည်ထောင်စု ပြန်လည် တည်ဆောက်ရေး သမိုင်းမြင်ကွင်းကျယ်။

ဤသည်မှာ ၁၉၄၇ ခုနှစ် မှစကာ ပင်လုံ ပြည်ထောင်စုကြီး တစတစ ပြိုကွဲပျက်စီးခဲ့သည်မှ ယနေ့ ၂ဝ၁၄ ခုနှစ် အထိ နှစ်ပေါင်း (ရဝ) နီးပါးကြာညောင်းခဲ့ပြီ ဖြစ်သော သမိုင်း ဖြစ်စဉ် တခုလုံးအပေါ် လွှမ်းခြုံ ပြီး မြင်ကွင်းကျယ် ရှုထောင့်တခု မှ မြင်တွေ့ ရသည့် တပြည်ထောင် စနစ်ကိုဆန့်ကျင်ကြသည့် အရေးကြီးသော သမိုင်း မှတ်တိုင်အချို့တို့ဖြစ်ပေသည်။ တနည်းအားဖြင့် ပင်လုံတွင် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ငြိမ်းချမ်းသော သံတမန် နည်းအားဖြင့် စတင် အုပ်မြစ်ချခဲ့သည် ဖက်ဒရယ်ပြည်ထောင်စုကြီး သည် အမှန်တကယ် တွင်မတည်ရှိတော့ပဲ ပျောက်ကွယ်ပျက်စီး သွားခဲ့သော်လည်း နှစ်ပေါင်း ရှည်ကြာစွာ လူမျိုးပေါင်းစုံပြည်သူတို့၏ အသက်၊ သွေးချွေး နှင့် အသက် အိုးအိမ်စည်းစိမ် ချမ်းသာတို့ကို ရင်းနှီးပေးဆပ်ကာ၊ ပြန်လည်ရေး ဆွဲခဲ့ရ သည့် ပင်လုံ ပြည်ထောင်စုကြီး ၏သမိုင်းဖြစ်ပေသည်။ ပြည်သူတရပ်လုံးအနေနှင့် ပင်လုံ ပြည်ထောင်စု ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ် ကိုမျက်ခြေမပြတ်သင့်ပေ။ ပြည်သူတို့လိုလားတောင်းဆိုနေသည်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် သက်သက်မဟုတ်ပဲ၊ လက်တွေ့ စစ်မြေပြင် ရှေ့တန်းများတွင် ထိုးစစ်များရပ်စဲရေး၊ အပြန်အလှန် ပစ်ခတ် သည့် သေနတ်သံ များရပ်စဲရေးဖြစ်သည်။ တပြည်ထောင်စနစ်ကို အားလုံးသောအင်အားစုတို့မှ ဆန့်ကျင်လာကြပြီး၊ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည် တည်ဆောက် ရေး ကိုလည်း အားလုံးသောအင်အားစုတို့မှ သဘောတူလက်ခံလာကြသည့် ယနေ့ အချိန်အခါတွင် အဓိပ္ပါယ်လုံးဝ ကင်းမဲ့ သည့် ပြည်တွင်းစစ်ကြီး အား လက်တွေ့ကျကျ အမှန်တကယ်ရပ်စဲရေး သည် ဗမာအပါအဝင်၊ တပ်မတော်သားများအပါအဝင် လူမျိုးပေါင်းစုံပြည်သူတရပ်လုံး ၏ စစ်မှန်သော ဆန္ဒ ဖြစ်သည်။

လူမျိုး ပေါင်းစုံပြည်သူတရပ်လုံး ၏အနာဂတ် ထာဝရငြိမ်းချမ်းစေရေးအတွက် အကောင်း ဆုံးနှင့် တခုတည်းသော အဖြေမှာ ပင်လုံဆီသို့ပြန်လည်ဦးလှည့် ရန်မှတပါး အခြားရွေးချယ် စရာ လမ်းမရှိပေ။ ပင်လုံတွင် နိုင်ငံ့ ဖခင်ကြီးများ (founding fathers များ) မျိုးစေ့ချခဲ့သည့် လမ်းစဉ်သည် လူမျိုးတမျိုးနှင့်တမျိုး ရန်လိုမုန်းထားမှုများ ကြီးထွားစေမည့် အကြမ်းဖက်နည်း၊ စစ်ရေးနည်းဖြင့် နယ်မြေများကို သိမ်းပိုက်ကာ ထူထောင်ရမည့် ပြည်ထောင်စု ၏ မျိုးစေ့ မျိုး အလျဉ်းမဟုတ်ခဲ့ပေ။ ဗမာအပါအဝင် လူမျိုးပေါင်းစုံပြည်သူတို့အကြား “ဆူကြုံနိမ့်မြင့်မရှိ“ တန်းတူ သော၊ လွတ်လပ်သော၊ ဒီမိုကရေစီ အပြည့် အဝရှိသော၊ အပြန်အလှန်လေးစားမှု ရှိသော၊ အပြန်အလှန် အသိအမှတ်ပြုသော ပင်လုံ ပြည်ထောင်စု စိတ်ဓါတ် မျိုးစေ့ကိုသာ ချထားခဲ့ကြသည် ကို သမိုင်း အထောက်အထားများ အခိုင်အမာ ရှိနေပါသည်။

ပင်လုံ ပြည်ထောင်စု စိတ်ဓါတ် အားဖြင့် သာလျင် လူမျိုးပေါင်းစုံပြည်သူတို့ ၏ စိတ်နှလုံး ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ခိုင်မာ တောင့်တင်း သောပြည်ထောင်စုကို လည်းပင်လုံစိတ်ဓါတ် အားဖြင့်သာ ပြန်လည် တည်ဆောက်နိုင် မည်ဖြစ်သည်။ အတိတ် ကာလ တလျောက်လုံး ဖြတ်သန်း ခဲ့ကြရသည့်ပကတိသမိုင်းအတွေ့အကြုံများ အရ အင်အား သုံးကာ နယ်မြေ စိုးမိုးရေး၊ နယ်မြေသိမ်းပိုက်ရေး စစ်ရေးလမ်းစဉ် အားဖြင့် ခိုင်မာသော ပြည်ထောင်စု ကို တည်ဆောက်၍ မရနိုင် ကြောင်း သမိုင်း သင်္ခန်းစာများကို အထင်အရှား တွေ့မြင်ခဲ့ကြ ပြီးဖြစ်သည်။ စစ်ရေးနည်းဖြင့် နိုင်ငံကိုတည်ဆောက်ခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို အစည်းပြေစေခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုကြီး၏ အရှည်သဖြင့် တည်တန့် ခိုင်မြဲရေး ကိုပါခြိမ်းခြောက်ခဲ့ပြီဖြစ်သည်။ တိုင်းပြည်၏ အချုပ်အခြာ အာဏာကို လည်း အားအင်ချိနဲ့စေခဲ့ သည်ကို မျက်ဝါး ထင်ထင် တွေ့မြင်နေ ရပြီဖြစ်သည်။ လူမျိုးပေါင်းစုံ ပြည်သူတို့ သည်လည်း ဆင်းရဲတွင်း နက်သထက် နက် စေခဲ့သည်ကို သမိုင်းလက်တွေ့တွင် တွင်ဖုံးကွယ်၍မရသောအမှန်တရား ဖြစ်ပေသည်။

လူမျိုးတမျိုးနှင့်တမျိုး စစ်အင်အားသုံးကာ နိုင်ထက် စီးနင်း ပြုကျင့် သည့် ဝါဒသည် ပင်လုံ လမ်းစဉ် နှင့် ဆန့်ကျင် သော လမ်းစဉ် သာဖြစ်ပေသည်။ ပင်လုံကိုကျောခိုင်း ခြင်းအားဖြင့် ဗမာအပါအဝင် မည်သည့် လူမျိုးကို မျှ ကောင်းကျိုး မပြုနိုင်ခဲ့ ကြောင်း၊ ဗမာ့ တပ်မတော် အပါအဝင် မည်သည့် အဖွဲ့အစည်းကိုမှ အကျိုးမပြုခဲ့ကြောင်း သမိုင်း အတွေ့အကြုံများ အရ အခိုင်အမာ သက်သေထူ ခဲ့ ပြီးဖြစ်သည်။
ပင်လုံနိုင်ငံတော်ကြီးကို အင်အားစုအားလုံးတို့၏ စုစည်းမှုခွန်အားဖြင့် လူမျိုးပေါင်းစုံပြည်သူတို့နှင့် အတူ စည်းစည်းလုံးလုံး ပြန်လည် တည်ဆောက်ကြပါစို့။

25 May 2014

ပြည်တွင်းစစ်သမိုင်းတွင် အခြားသောအရေးကြီးသည့် သမိုင်းအလှည့်အပြောင်းများကိုအောက်ပါ လင့် တွင်ဖတ်ရှုနိုင်ပါသည်။

http://vansangva.com/vansangva-library/#10

Written by mike16os

May 29, 2014 at 4:14 pm

ပင်လုံ ပြည်ထောင်စုကြီး ကိုစတင် ထူထောင်ခြင်း

“မိုးဒဏ်၊လေဒဏ်၊ ငလျင်ဒဏ် နဲ့ လောကဓံတရား တို့ ဖိစီးလာတဲ့အခါမှာ အလွယ်တကူပြိုလဲပျက်စီးသွားတဲ့ အဆောက်အဦ ဟာ တည်ဆောက်သူ ဗိသုကာ ရဲ့ ညံ့ဖျင်းမှု ကိုဖေါ် ပြနေသလို၊ နှစ်ပေါင်း (၆ဝ) ကျော် ပြည်သူတွေ သွေးချွေးမျက်ရည်နဲ့ မျှော်လင့်ချက်မဲ့ အော်ကြ၊ ငိုကြ၊ ပြေးကြ၊ လွှားကြ၊ ပြည်ပကမ္ဘာ အနှံ့ကို အသုတ်လိုက် အသုတ်လိုက် တိမ်းရှောင်ကြ နဲ့ လူမှုဒုက္ခ အဝဝ ကို ကြုံတွေ့ဖြတ်သန်း ခဲ့ရပြီး သွေးချောင်း စီးသတ်ဖြတ်နေကြတဲ့ ပြည်တွင်းစစ် ကြီး အ တောမသတ်နိုင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ကိုကြည့်ပြီး တည်ဆောက် သူ ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ကို အပြစ်ဖို့ကြရတော့မှာလား။ တချိန်က တတင်္ဂတည်ရှိခဲ့ပြီး၊ အခုပြိုလဲပျက်စီးသွားပြီ ဖြစ်တဲ့ ပင်လုံပြည်ထောင်စုကြီးရဲ့ အခိုင်အမာရှိခဲ့ တဲ့ သမိုင်းက ဘာကို ဖေါ်ပြ နေ သလဲ။ တည်ဆောက်ရာမှာ ကျွမ်းကျင်ပိုင်နိုင်မှု မရှိ၊ ကပျက်ကချော် အမျှော်အမြင် မရှိစံမမီ ညံ့ဖျင်းတဲ့ အဆောက်အအုံ ယန္တယား တွေကိုပဲအသုံးပြုခဲ့တာလား။ ပင်လုံပြည်ထောင်စုကြီးရဲ့ ရှည်ကြစွာ အဖုံးကွယ်ခံခဲ့ရတဲ့ လျှိ့ဝှက် သမိုင်း ကို ကျွန်တော်တို့ ပြန်လည် မဖေါ်ထုတ်နိုင်တော့ဘူးလား။ ဒီနေ့ လူမျိုးပေါင်းစုံ မြန်မာလူငယ် မျိုးဆက်သစ် တွေဟာ ပင်လုံသမိုင်းရဲ့ အဖြစ်မှန်တွေ ထဲမှာ နိုးထကြပြီး ဒီမေးခွန်းတွေ ရဲ့ ပြီးပြည့်စုံတဲ့ အဖြေ တွေကို ဖေါ်ထုတ်ကြ ရတော့မယ်။ စိန်ခေါ်မှု တွေ နဲ့ ပြီးတဲ့ ဒီမေးခွန်းတွေရဲ့ အဖြေကို မျိုးဆက်သစ်လူငယ်တွေ က မှန်မှန်ကန်ကန် မထုတ်နိုင်သေးသရွေ့တော့ ပျောက်သုဉ်း သွား ခဲ့ တဲ့ ပင်လုံ ပြည်ထောင်စုကြီး ကို ပြန်လည်ရှာ တွေ့ကြဦး မှာ မဟုတ်ဘူး။ နောက်ပြီး၊ ပြည်သူတွေ ရဲ့ ရာစုနှစ်ထက်ဝက်ကျော် သွေး၊ချွေး၊မျက်ရည်တွေ နဲ့ ပေးဆပ် မှုတွေ ဟာ လည်း တမဟုတ်ချင်း အတော သတ်သွားဦးမှာမဟုတ်ဘူး။”

“A sudden collapse of a building in the midst of wind, rain, earth quake or natural disaster could be attributed to the shoddy job of the architect. Likewise, are we to blame Bogyoke Aung San, the architect of the modern-day Union of Burma for its over sixty years of undending civil war that consumed the blood sweat and tears of the people, who have been running and crying in despair and facing untold human miseries, coupled with mass exodus to the exiles? What kind of historical facts could we dig from the once shortly existed and now defunct Panglong Pyidaungsu? Have the builders of the Panglong Pyidaungsu lack proper visions and expertise? Has it been built with inferior building blocks and shoddy workmanship? Could we not properly expose the long hidden history of the Panglong Pyidaungsu? The new generation Burmese today need to be awakened to the truth of the history of Panglong and seek comprehensive answers to these questions. Unless and until these challenging questions could be correctly answered by the new generations, could we ever rediscover the lost Panglong Pyidaungsu and, more than half a century of sacrifices of the people’s blood, sweat and tears will not abrutply end.”

ပင်လုံ ပြည်ထောင်စုကြီး ကိုစတင် ထူထောင်ခြင်း

ဗြိတိသျှတို့ က မြန်မာနိုင်ငံအား မဖြစ်မနေလွတ်လပ်ရေး ပေးရတော့မည့် ထိုစဉ်ကာလ ကမ္ဘာ့ နိုင်ငံရေး ရေချိန် အရ တကမ္ဘာလုံး အတိုင်းအတာ လူမျိုး တမျိုး နှင့် တမျိုး ကိုလိုနီ ကျွန်ပြုသည့် စနစ် များ ကို ကမ္ဘာ့ ကုလ သမဂ္ဂ ၏ အကူ အညီ ဖြင့် အားနှင့်အင်နှင့် ဖျက်သိမ်းနေချိန် ဖြစ်သည့်အပြင် ဗိုလ်ချုပ် အောင် ဆန်း သည် လည်း ခေတ်နှင့် တပြေးညီ တွေးခေါ်စဉ်းစားနိုင်ပြီး၊ ဝေးလန်သော အနာဂတ်ကို မျှော်ရည် မှန်းဆ နိုင်သည့် အမျှော်အမြင် ကြီး မား သော ရှားပါးသည့် ခေါင်းဆောင်ကောင်းတဦးဖြစ် သည် နှင့် အညီ ရှမ်း၊ ချင်း၊ ကချင် အစရှိသည့် Frontier Areas များ အား ဗမာတို့၏ ကိုလိုနီ ကျေးကျွန်နိုင်ငံ များအဖြစ်သို့ သွတ်သွင်းလိမ့်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်၏ ကတိကဝတ်တို့ကို မယုံကြည် စရာ အကြောင်းမရှိခဲ့ပေ။ ဤ သို့သော ကမ္ဘာ့နိုင်ငံရေး အခြေအနေ နောက်ခံကားချပ် နှင့် Frontier Areas ခေါင်းဆောင်များ နှင့် ဗမာမျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့ ၏ နိုင်ငံရေး အမျှော်အမြင် တို့သည် သဟဇာတဖြစ်ကာ ကြီးကျယ်သော၊ ခန်းနားသော ပြည်ထောင်စုနိုင်ငံ ကြီးတခု ကို တန်းတူရည်တူ အတူတကွ စတင်ထူထောင်ရန်အတွက် အကောင်းဆုံး နိုင်ငံရေး ရေခံမြေခံတို့ ဖြင့် ပြီးသော သမိုင်း အချိန်ကာလ ကို ဖြတ်သန်းရင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။ ဤသို့သောအခြေအနေ အရပ်ရပ် နှင့် အညီ ပင်လုံ ပြည်ထောင်စုကြီး ကို စတင် ထူထောင် ရာ တွင် လည်း အခြေခံအုပ်မြစ်များကို စတင် တည်ဆောက်ရာတွင် ပါရှိသည့် အစိတ်အပိုင်းတို့ မှာ ခိုင်မာ သော ငြိမ်းချမ်း သာယာ သော ခေတ်မှီသော ခန်းနားကြီးကျယ်သော ပြည်ထောင်စုကြီး တခု ထူထောင်ရန်အတွက် လိုအပ်သော အစိတ်အပိုင်းများ အပြည့် အစုံ ပါဝင်ခဲ့ သည် ကို ပင်လုံစာချုပ် ၏ ကျစ်လစ်ခိုင်မာသော ကဗျည်း စာသား များ တွင် တွေ့ ရှိ နိုင်ပါသည်။

ပင်လုံစာချုပ်၏ နိဒါန်းတွင် ပူးပေါင်းရေး၊ လွတ်လပ်ရေး၊ တန်းတူရေး စသည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်ပြည် ထောင်စု တို့၏ သဘော တရား များပါရှိသည့် အပြင် ပင်လုံစာချုပ်၏ အခြား အပိုဒ်များတွင်လည်း ဒီမိုကရေစီ အခွင့်အရေးများ ကို ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများတွင် ခံစားရရှိ သကဲ့သို့ ရရှိခံစား ကြရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဘဏ္ဍာ ရေး ဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်များ ရရှိခံစားရမည်ဖြစ်ကြောင်း အတိအလင်း အခိုင်အမာ ပါရှိခဲ့ပေသည်။ Frontier Areas မှခေါင်းဆောင်တို့ တောင်းဆိုသည့် Burma Proper နှင့်အတူ ပူးပေါင်းကာ ပြည်ထောင်စု နိုင်ငံ ကိုထူ ထောင်ကြသည့်တိုင်အောင် “အချိန်မရွေး ခွဲထွက်ပိုင်ခွင့်” ဆိုသည် ကို မူ ဗိုလ်ချုပ်အနေနှင့် မနစ်မြို့သည့် တိုင်အောင် သမိုင်းကြောင်းအရ ဤဒေသတို့ က ဗမာ အပေါ် ယုံကြည်မှု ကင်းမဲ့နေခဲ့သည်ကို ဗိုလ်ချုပ် ကိုယ်တိုင် က နားလည်မှု ထားရှိ ခဲ့သည်။ ထို့ကြောင့်လည်း ယတိပြတ် မငြင်းပယ်ခဲ့ပေ။ ဤသည်မှလည်း ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံရေး အမျှော်အမြင် ကြီးမားမှု တရပ်ပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဤ ခွဲထွက်ပိုင်ခွင့် ဟူသော အငြင်းပွားဘွယ် ကိစ္စ ကို တည်တည် ငြိမ်ငြိမ် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် တုန့်ပြန် နိုင်မှုကြောင့်လည်း Frontier Areas မှခေါင်းဆောင်များ ၏ “အချိန်မရွေးခွဲထွင်ခွင့်” တောင်းဆိုမှု အား ဗိုလ်ချုပ် အောင်ဆန်း က “ဆယ်နှစ်တန်၍ ကြေနပ်မှုမရှိမှခွဲထွက်ရန်” ဟူ၍ တန်ပြန် အဆိုပြု ကာ Frontier Areas မှခေါင်းဆောင်များ နှင့် အပေးအယူလုပ်ပြီး၊ အောင်မြင်စွာ ညှိနိုင်းခဲ့သည်ကိုပင် အချို့သော ဗမာနိုင်ငံရေးခေါင်းဆောင်များ က မနှစ်မြို့၊ လက်မခံနိုင်ခဲ့ကြပေ။ ထိုကာလ ဗိုလ်ချုပ်နှင့် ခေတ်ပြိုင် ဗမာ နိုင်ငံရေးသမား များ က ဤ အချက်ကို မကြေမနပ် ထောက်ပြ လာသောအခါ ဗိုလ်ချုပ်က ဆယ်နှစ်နေလို့မှ ခွဲထွက်ချင်ကြလျင် ဗမာ တို့ ညံ့ရာကျမည်ဖြစ်ကြောင်း ဘွင်းဘွင်းကြီး ပြောချလိုက်သည် ကို ဗမာနိုင်ငံရေးသမား များပြန်လည်မခြေပနိုင်ခဲ့ကြပေ။ ခွဲထွက်ပိုင်ခွင့် ဟူသည် ထိုကာလ Frontier Areas မှ ခေါင်းဆောင်များ (အထူးသဖြင့် ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်) အတွက် ဗမာနှင့် ပူးပေါင်းကာ ပြည်ထောင်စု အတူတကွဖွဲ့ကြ မည်ဆိုလျင် အလွန်တရာ မှအခရာကျသော ကိစ္စဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အနေနှင့် ဤကိစ္စ ကို အကြောက် အကန်လည်း မငြင်းဆိုခဲ့၊ နှစ်ဦးနှစ်ဖက် ဘုံသဘောတူညီမှုရနိုင်သည့် “ဆယ်နှစ်တန်၍ ကြေနပ်မှုမရှိမှခွဲထွက်ရန်” တန်ပြန် အဆိုပြု ခဲ့သည်။ ခွဲထွက်ပိုင်ခွင့် နှင့်ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်း ၏ အမြင်မှာ ရှင်းလင်းလှသည်။ ပင်လုံသဘောတူညီမှု အတိုင်းပြည်ထောင်စု ကိုအမှန် တကယ် တည် ဆောက် လျင် Frontier Areas တို့ ကလည်း (၁ဝ) နှစ်မက အနှစ် (၁ဝဝ)၊ တထောင် တိုင်ခွဲထွက်လိုကြမည်မဟုတ်။ ပင်လုံသဘောတူညီမှုကို ဖေါက်ဖျက်ပါက ခွဲထွက် လို ကြမည်။ ဆယ်နှစ်တန်၍ မှ ခွဲထွက်လိုကြလျင် ခွဲထွက်လိုသူကိုအပြစ်မတင်သာ၊ “ဗမာညံ့ရာသာကျမည်” ဟူသည့် ဗိုလ်ချုပ်၏ စကားကို ဤသို့ နား လည် နိုင်ပါ သည်။ တနည်းအားဖြင့် ဗိုလ်ချုပ်သည် ပင်လုံကို နှစ်နှစ်ကာကာယုံကြည်သည်။ သူကိုယ်တိုင် ဗမာပြည်သူတို့၏ ရေရှည်အကျိုးစီးပွားကိုဦးထိပ်ထားကာ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ကတိကဝတ်တို့ ကို သူကိုယ်တိုင်က ဘယ်နံရောအခါ မှ သစ္စာဖေါက်မည့်လူစားမျိုးမဟုတ်။ အစဉ် လေးစား၊ စံထား လောက်သည့် ဗမာ မျိုးချစ်ခေါင်းဆောင်ကြီး အစစ်အမှန်ဖြစ်သည်။ ဗိုလ်ချုပ်အောင် ဆန်း ၏ အလိုအရမူ Frontier Areas များ ကို (၅) နှစ်စီမံကိန်း များဖြင့် အဆင့် ဆင့် ပျိုးထောင်ပြီး ဗမာနှင့်အတူ တိုးတက်အောင်ပြုလုပ်မည်၊ ဗမာ နှင့် တန်းတူရည်တူ တိုးတက်နေသမျှ၊ ပင်လုံစာချုပ်နှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်များ ရရှိပိုင်ဆိုင်ထား နေသမျှကာလ ပတ်လုံး ခွဲထွက်ရေး ကိုတောင်းဆိုလာစရာအကြောင်းမရှိ၊ သာယာ သောငြိမ်းချမ်းသော စည်းလုံးသော ပြည်ထောင်စု ကြီးကို အတူတကွ ထူထောင် ဖြစ်ကြမည်။ ဤသည်မှာ ဗိုလ်ချုပ်၏ ပင်လုံ သစ္စာ၊ ပင်လုံ စိတ်ဓါတ်ဖြစ်သည်။

ထို့ကြောင့်လည်း ခွဲထွက်ပိုင်ခွင့်ဟူသည်မှာ သမိုင်းကြောင်းအရ ဗမာကိုယုံကြည်ရန်ခက်ခဲ ၍ တောင်းဆိုခြင်းဖြစ်သည်။ ရေရှည်တွင် ပင်လုံ ကတိ ကဝတ် များ ကိုလက်တွေ့ ကျကျ အကောင်အထည်ဖေါ်ကာ ယုံကြည်မှု ကိုအမှန်တကယ်တည်ဆောက်နိုင်ပါက ဤကိစ္စသည် ယာယီသဘော သာဆောင်သော ကိစ္စဖြစ်မည်။ ထာဝရ သဘောကိုမဆောင်။ ထို့ကြောင့်လည်း ယင်းခွဲ ထွက်ပိုင်ခွင့် ကို ထူထောင်လတ္တံ့သော ပြည်ထောင်စု နိုင်ငံသစ် ၏ အခြေခံအုတ်မြစ် အဖြစ် ထာဝရ နိုင်ငံရေး လမ်းညွှန် ဖြစ်လာမည့် ပင်လုံစာချုပ်ထဲတွင် ထည့်မရေးပဲ၊ ခေတ်နှင့် သမိုင်း တို့ ပြောင်းလဲလာသည်နှင့် အမျှ ပြုရ ပြင်ရ လွယ်ကူ သည့် ပြည်ထောင်စု ၏ အခြေခံဥပဒေတွင်ထည့် ရေးရန် ဗိုလ်ချုပ်ကိုယ်တိုင်က အဆိုပြုခဲ့ခြင်းဖြစ်သည်။ ဤသည်မှာလည်း ဗိုလ်ချုပ်၏ တမျှော်တခေါ် အဝေးကိုကြိုတင် မြင်နိုင်စွမ်းသည့် နိုင်ငံရေး အမျှော်အမြင်ကြီးမားမှု ကိုသက်သေထူခြင်းဖြစ်သည်။

ထို့ အပြင် ပင်လုံသဘောတူညီချက်များကိုအခြေခံသည့် ပြည်ထောင်စုအခြေခံဥပဒေ ကိုရေးဆွဲ နိုင်ရေးအတွက် လမ်း ညွှန်ချက် (ရ) ချက်ကိုလည်း ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ရေးဆွဲကာ တိုင်းပြုပြည်ပြုလွတ်တော်၏ အတည်ပြု ချက်ကို ရယူခဲ့သေး သည်။ ယင်း ပြည်ထောင်စုအခြေခံဥပဒေ ကိုရေးဆွဲ နိုင်ရေးအတွက် လမ်း ညွှန်ချက် (ရ) ချက် တို့၏ အနှစ်သဘော တို့ မှာ….

၁) ပြည်ထောင်စုနိုင်ငံ အခြေခံဥပဒေကိုရေးဆွဲရမည်။ (လူမျိုတမျိုးတည်းနေထိုင်သော တမင်းတနိုင်ငံ တပြည်ထောင်စနစ်မျိုး ကိုထူထောင်ရန်မဟုတ်၊ လူမျိုးပေါင်းစုံ နေထိုင်သော ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ အခြေခံ ဥပဒေ ကိုရေးဆွဲရမည် ဟူလို။)

၂။ ပြည်နယ်များ သည် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် (ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ) ရှိစေရမည်။ (ပြည်နယ်များ သည် ဗမာပြည်၏ တပည့် နိုင်ငံ vassel states ကဲ့သို့၊ ကိုလိုနီများကဲ့သို့ မဖြစ်စေရ ဟူလို)။

၃။ ပြည်နယ်များ အပါအဝင် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အာဏာ သည် တိုင်းသူ ပြည် သားများထံမှဆင်းသက်ရမည်။ (ပြည်နယ်အစိုးရ ခေါင်းဆောင် များကို များကို သမ္မတ သို့မဟုတ် တစုံတဦး က အပေါ်စီးမှ ခန့် အပ်ခြင်းမျိုး မဟုတ်ပဲ၊ ဒီမိုကရေစီ နည်းကျ ပြည်သူတို့ က အောက်ခြေမှ ရွေးကောက် သော အစိုးရများဖြစ်ရမည် ဟူလို)။

၎) တိုင်းသူပြည်သားမှန်သမျှ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့တွင်တရားမျှတမှုရှိ စေလျက် လွတ်လပ်သော ဒီမိုကရေစိ အခွင့် အရေးများကို ဥပဒေ သက်ရောက်မှုတွင် ဆူကြုံ နိမ့်မြင့် မရှိ ပကတိ တန်းတူ ခံစားကြရမည်။ (ပြည်ထောင်စု အခြေံဥပဒေသည် ဒီမိုကရေစီ ကို အခြေခံသော အခေခြံဥပဒေ ဖြစ်ရမည် ဟူလို။)

၅။ လူနည်းစုများ အတွက် လုံလောက်သော ကာကွယ် ချက်များ ပြဌာန်းထား ရမည်။ (ဒီမိုကရေစီ သဘောတရား အရ လူများစုမှအုပ်ချုပ်ရန်ဖြစ်သော်လည်း၊ ပြီးပြည့်စုံသော ဒီမိုကရေစီ နိုင်ငံ ထူထောင်ရန်အတွက် ဒ်ီမိုကရေစီသဘောတရား ၏ အခြားသော အနှစ်သာ ရတခုဖြစ်သည့် လူနည်းစု အခွင့် အရေး ကို အာ မ ခံထားသည့် အခြေခံဥပဒေ ကိုပြဌာန်းရမည်ဟူလို။)

၆ နှင့် ရ။ တိုင်းပြည် ကာကွယ်ရေး နှင့် နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ လမ်းညွှန် ပြဌာန်းချက်များ။


ဤသို့ဖြင့် ပင်လုံသဘောတူညီချက်များ နှင့် အညီ ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု ၏ အခြေခံဥပဒေ ကိုရေးဆွဲရန် အခြေခံလမ်းညွှန်ချက် (ရ)ချက်ကို အသေအ ခြာ ရေးဆွဲ ပြဌာန်းပြီး ယင်းတို့အား အခြေခံလျက် ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံဥပဒေ (ပထမ မူကြမ်း) ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဥိးဆောင်ကာ ရေးဆွဲ ခဲ့သည်။ ပင်လုံ ပြည်ထောင်စုကြီးအား သေနပ်တချက်မဖေါက်၊ သွေးမြေ တစက်မကျ စေပဲ ငြိမ်းချမ်းသော သံတမန်နည်း အားဖြင့် အောင်မြင်စွာ ထူထောင် လိုက်ကြ သည်။ ဗမာမျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး၊ သူကိုယ်တိုင် ပင်လုံစာချုပ်ကို ဗမာ ပြည်သူတို့ကိုယ်စား လက်မှတ်ရေးထိုးကာ ထူထောင်ခဲ့သော ပင်လုံ ပြည်ထောင်စုကြီးသည် ဗမာပြည်သူတို့ အတွက် ထာဝရ ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကြီးကိုမျက်မောက်ပြုနိုင်ရေး အတွက် အာမခံချက် အပြည့်အဝရှိသည့် အပြင် ယင်းပင်လုံပြည်ထောင်စုကြီးတွင် ပါဝင်သည့် တိုင်းရင်းသား ပြည်နယ်များ အတွက်လည်း ဗမာညီအစ်ကို တို့နှင့် ချစ်ချစ် ခင်ခင် ထာဝရ ပူးပေါင်းပါဝင်နိုင် ကြမည့် ဒီမိုကရေစီ နှင် ဖက်ဒရယ် ပြည်ထောင်စု မူများ၊ သဘောတရားများ ဖြင့် အခိုင်အမာ ပနှက်ရိုက်ကာ အုပ်မြစ်ချထားသော ခေတ်သစ် ပင်လုံ ပြည်ထောင်စု ကြီး တခုဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သော ပင်လုံ ပြည်ထောင်စုသည် လူမျိုးပေါင်းစုံ ပင်လုံ နိုင်ငံသားတို့် အနက် ဗမာ အပါအဝင် မည်သည့် လူမျိုး တမျိုးမျိုး ၏ ထာဝရ အကျိုးစီးပွား ကို မျှထိခိုက် နစ်နာ ပျက်စီးစေမည့် ပြည်ထောင်စုမျိုး အလျင်းမဟုတ်ခဲ့ပေ။

ပင်လုံပြည်ထောင်စုကြီးကိုတည်ဆောက် ထူထောင်ခဲ့သည့် ဗိသုကာ ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ထိုခေတ်ထိုကာလ ပြည်သူများအပေါ်သာမက နှစ်ပေါင်း ရာစု နှစ် မကရှည်ကြာ သည့်တိုင်အောင် နောင်လာနောက်သား ဗမာပြည်သူများအပါအဝင်ဖြစ်သည့် လူမျိုးပေါင်းစုံ ပင်လုံနိုင်ငံသားတို့ ငြိမ်းချမ်းသော သာယာသော ပြည်ထောင်စုကြီး ကိုမျက်မှောက်ပြု နိုင်ရေးအတွက် အာမခံချက် အပြည့်အဝရှိသည့် ပင်လုံနိုင်ငံသစ်ကို တည်ဆောက်ပေးနိုင်ခဲ့သည်မှာ ယုံမှားသံသယ ထားဘွယ် အလျင်းမရှိခဲ့ပေ။ အမှန်တကယ်တွင်မူ ဗိုလ်ချုပ်အောင်ဆန်း သည် ပင်လုံပြည်ထောင်စုကြီး ၏ အခြေခံအုတ်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အခိုင်အမာ ချမှတ်နိုင် ခဲ့ သည့် ကမ္ဘာ့အဆင့်မှီ ဗိသုကာကြီးတဦးပေတည်း။

ဤ သည်မှာ ပင်လုံ ပြည်ထောင်စု နိုင်ငံကြီးပေါ်ထွန်း ခဲ့သည့် အစစ်အမှန် သမိုင်း ၏ အနှစ်သဘော ဖြစ်သည်။

The Panglong Agreement – ပင်လုံစာချုပ် (၁၉၄၇) – ပင်လုံစာချုပ် (၁၉၄၇) ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန် – See more at: http://vansangva.com/vansangva-library/#1

Written by mike16os

April 29, 2014 at 9:58 pm

ပင်လုံသို့ တကျော့ပြန်ခရီး

Salai Kipp Kho Lian

ပင်လုံ ခေတ်ဟာ တိုတောင်းလှတဲ့ကာလလေးဖြစ်ခဲ့ပေမဲ့ (၂၁) ရာစုခေတ် အလွန်အထိ ခေတ်မီနေဦးမည့်/ ခေတ်မီနေအုန်းမဲ့ သစ္စာတရားတွေ နဲ့ရစ်ခွေထုံးဖွဲ့ နေ ခဲ့တာကို ဒီနေ့ ကျနော်တို့ ပြန်လည် တွေ့ရှိ လာ ကြပါ ပြီ။ ကျနော်တို့ ဟာ အတိတ်ရဲ့ ပင်လုံ ဆိုတဲ့ အလှပဆုံး တိုတောင်းလှတဲ့ကာလလေး ကို အလေးအနက် ဦးညွတ် အလေးပြုရင်း၊ အဲဒီ ကာလတိုကလေးကို ပဲ လူမျိုး ပေါင်းစုံ မျိုးဆက်သစ် ပြည်သူ တွေရဲ့ ထာဝရ တောက်ပြောင်တဲ့ အနာဂတ် ဘဝသစ်တွေ အဖြစ် ပြန်လည် ဖေါ်ထုတ် ပြီး ပြန်လည် တည်ဆောက်ကြ ဖို့အတွက် ရှေ့ကို မနားတမ်း တိုးရွှေ့ ကြရမှာ ဖြစ် တယ်။ တကြိမ်ထဲမှာ ရွာကလေးတစ်ရွာလိုသာဖြစ်သွားတော့မဲ့ ကမ္ဘာ အဝှမ်း မှာ အချိန်နဲ့ အညီ ဝေစည် ဖွံ့ဖြိုး နေတဲ့ (၂၁) ရာစု ကွန်ယက် လူ့အဖွဲ့ အစည်း နဲ့ သဟဇာတ အချိတ်အဆက် မိအောင်လုပ်ဖို့ စိန်ခေါ်မှု တွေ ကိုရင်ဆိုင်ဖို့ ပြင်ဆင် ကြ ရမှာ ဖြစ်တယ်။

We have rediscovered today that the short lived Panglong period of our past is enshrined with truth, that could have last long beyond the 21st. Century. Let us solemly honour this brief, yet most beautiful Panlong era of our past and continuously move forward to restore and rebuild it into the promise of the future generations of all nationalities and to simultaneously prepare for the new challenges to connect and integrate into the 21st. Century network society ever emerging across the globalized world.

ပင်လုံပြည်ထောင်စု သမိုင်း ၏ အစ နိဒါန်း

ဒုတိယကမ္ဘာ စစ်ကြီးအပြီး ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရမည့် အချိန် ကျရောက်လာခဲ့သည်တွင် ထိုစဉ်က နယ်စပ်ဒေသ Frontier Areas ဟုခေါ်ဆိုသော ရှမ်းပြည်၊ ကချင်ပြည် နှင့် ချင်းပြည် တို့ ကို ချန်လှပ် ထားကာ British Burma အ တွင်း မှ ဗမာ၊ မွန်၊ ရခိုင်၊ ကရင် တို့ပါဝင်သည့် Ministrial Burma ခေါ် Burma Proper ကိုသာကွက်၍ လွတ်လပ်ရေးပေးရန်ရည်ရွယ်ခဲ့သည်။ အ ကြောင်းပြချက်မှာ မြန်မာနိုင်ငံကို သိမ်း ပိုက် စဉ် က ယင်း Frontier Areas တို့သည် ဗမာအင်ပါယာတွင်မပါဝင်ခဲ့၊ သီးခြား လွတ်လပ်စွာ တည်ရှိခဲ့ ကြသည့် ဒေသ များ ဖြစ်သဖြင့် သီးခြားစီ သိမ်းပိုက်ခဲ့ရပြီး စစ်ပြေ ငြိမ်းရေး စာချုပ်များကိုလည်း သီးခြားစီ ချုပ်ဆိုကာ ဗြိတိသျှအင်ပါယာလက် အောက် သို့သွတ်သွင်းခဲ့ရသည်။ လွတ်လပ်ရေး ပေး လျင်လည်း Frontier Areas များကိုချန်လှပ်ကာ သီးခြားစီ သာပေးလိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း ထိုသို့သီးခြားစီပေးလျင်လည်း ယူကောင်းယူရမည် သာဖြစ်ကြောင်း ထိုစဉ် က ရန်ကုန်သို့ လျှိ့ဝှက်စွာ လာရောက် ဆွေး နွေးကြ သည့် ရှမ်းလူငယ် ခေါင်းဆောင်များ နှင့် တွေ့ဆုံပွဲ တွင် ပြောဆိုသွားရာ ဦးထွန်းမြင့် (တောင်ကြီး) အပါ အ ဝင် ထိုစဉ်ကာလ ရှမ်းလူ ငယ် ခေါင်းဆောင် များ က “Frontier Areas များမပါဝင်သည့် လွတ်လပ်ရေး သည် စစ်မှန်သော လွတ် လပ် ရေး မဟုတ်ကြောင်း” ဗိုလ်ချုပ် အောင် ဆန်းအား ဖြောင်းဖျ စည်းရုံးခဲ့ သဖြင့် ထိုတွေ့ဆုံပွဲ နောက်ပိုင်းတွင် လွတ်လပ်ရေး ကို Frontier Areas များ နှင့် တပြိုင်နက်ထည်း ရယူရန် သန္နိဌာန်ချကာ တောင်း ဆိုခဲ့သည်။ အောင်ဆန်း အက်တလီ စာချုပ် ချုပ် ဆို ရာတွင် ဗြိတိသျှ တို့က ဗိုလ်ချုပ်အောင်ဆန်းအား Frontier Areas များမှ ခေါင်း ဆောင် များ ၏သဘောတူညီချက်ကိုရယူ နိုင်မှ သာလျင် မြန်မာ နိုင်ငံကို လွတ် လပ် ရေးပေး ရာတွင် Frontier Areas များ နှင့် အတူ တပြိုင်နက် တည်း ပေးမည် ဖြစ်ကြောင်း မိမိတို့၏ သဘောထား ကို ပြော ကြား ခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းကလည်း ထိုစိန်ခေါ် ချက်ကို စိုးစဉ်းမျှ နောက်မတွန့်ပဲလက်ခံခဲ့သည်။ ထိုစဉ် ကာလ ဗိုလ်ချုပ်အောင် ဆန်း နှင့် အတူ လန်ဒန် သို့သွားရောက်ခဲ့ကြသည့် မြန်မာကိုယ်စားလှယ် ထဲမှ အချို့သည် ဤအချက်ကို အပြင်းအထန် ကန့် ကွက် ကာ အောင်ဆန်း အက်တလီစာချုပ်ကိုပင် ပါဝင် လက်မှတ်ရေး ထိုးရန် ငြင်းဆန်ခဲ့ကြသည်။ လွတ်လပ် ရေး ကိုအငန်းမရ လိုချင်ပြီး စားလည်း ဒီစိတ် အိပ်လည်းဒီစိတ် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး အမျှော် အမြင် ကို ညဏ်မမီ နိုင် ခဲ့ ကြပေ။

အမှန်မှာ ဗြိတိသျှတို့၏ အလိုအရ Frontier Areas များသည် ကိုယ်ပိုင်အုပ်ချုပ် နိုင်သော ဒေသများ အဆင့် တွင် မရှိသေး ဟူသော အကြောင်းပြချက် ဖြင့် ကုလသမဂ္ဂ ၏ ထိုစဉ်ကာလ ကိုလိုနီစနစ်များဖျက်သိမ်းရေး စီမံချက် အောက်တွင် ဖွဲ့စည်းမည့် ကုလ သမဂ္ဂ အစောင့် ရှောက်ခံ ဒေသများ UN Trust Territories အဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ ၏ Trusteeship Council ၏ ကြီးကြပ်မှု အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်နိုင်သည့် အဆင့် သို့ ရောက်လာသည် အထိ အချိန် အကန့် အသတ်တခုအထိ ထားရှိပြီး အချိန်တန်လျင် သီးခြားလွတ်လပ်ရေး ကိုပေးရန်ဖြစ်သည်။ ဤအစီအစဉ် အရ Frontier Areas များသည် အချိန် တန် ၍ ဆန္ဒရှိလျင် နီးစပ်ရာ ကုလသမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တခုခု (ဥပမာ India, Burma) ၏ ပြည်နယ်များ အဖြစ် ပူးပေါင်းသွားရန် လည်း အလားအလာ ရှိခဲ့ သည်။ ယနေ့ အချိန်အထိ အများ အမြင်မှားယွင်းစွာ ယူဆခဲ့ကြ သကဲ့သို့ ဗြိတိသျှကိုလိုနီ လက်အောက်တွင် ဆက်လက် ထား ရှိရန်မဟုတ်ပေ။ ထိုစဉ်ကာလ ကုလသမဂ္ဂ ၏ အဓိကတာဝန်ကြီး တရပ်မှာ လည်း ကမ္ဘာတဝှမ်း ကိုလိုနီစနစ် များ ဖျက်သိမ်းရေး decolonization ဖြစ်ပြီး ဗြိတိသျှ တို့ က Frontier Areas များ ကို မိမိတို့၏ ကိုလိုနီလက်အောက်တွင် ဆက်လက်ထားရှိလိုသည့်တိုင်အောင် ထိုစဉ်ကာလ ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်းနှင့် နိုင်ငံရေး ရေချိန် အရ လုံးဝ လက်ခံ၍ မရသော အခြေ အနေ ဖြစ်သည်။ အကယ်၍ Frontier Areas များ ကို လွတ်လပ်ရေး မပေးပဲချန်လှပ်ထားခဲ့ဦးတော့၊ ဗြိတိသျှ ကိုလိုနီ လက်အောက်တွင် ထားရှိရန် မဖြစ်နိုင်၊ UN Trust Territories များ အဖြစ် အိမ်နီးချင်း UN Trust Council အဖွဲ့ဝင် နိုင်ငံတခုခု ၏ ယာယီ အစောင့်လျောက်ခံ ဒေသ အဖြစ် သာထားရ မည် ဖြစ်သည်။ ဤ သို့သော နိုင်ငံရေး အခင်းအကျင်း ကို world class leader တဦးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ကောင်းမွန်စွာ နားလည်ထားပြီးဖြစ်သည်။

ကုလသမဂ္ဂ ၏ စီမံချက်အရ UN Trusteeship Territories တွင် ထားရှိရမည့် ကမ္ဘာ့ကိုလိုနီ နယ်မြေ များမှာ non self-governing territories ခေါ် မိမိကိုယ်ကို မအုပ်ချုပ်နိုင်သေးသော ခေတ်နောက်ကျန်ခဲ့သည့် ကိုလိုနီဒေသ များ ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း သည် တောင်တန်းဒေသ များ အား နိုင်ငံရေး အရ ခေတ်နောက်ကျ သော ကိုယ်ပိုင်ပြဌာန်း ခွင့် နှင့် မထိုက်တန်သေးသော၊ မိမိတို့ ဒေသကိုကိုယ်တိုင်မအုပ်ချုပ်နိုင်သေးသော ကိုယ်ပိုင်အစိုးရ နှင့် မထိုက်တန် သေး သော ဒေသများအဖြစ် လည်း မမြင်ခဲ့ပါ။ ခေတ်နောက်ကျသော ဒေသများ ဟူ၍လည်း မမြင်ခဲ့ပါ။ အထင်သေးအမြင်သေးခြင်းလည်းမရှိခဲ့ပါ။ “For sixty years the conditions of the so called backward tribes administered by the  British authorities without Burmese aid, have remained without improvement. The delegation do not held the view that they are politically backward and still incapable of self government,  but if such is the view of His Majesty‘s  government the delegation maintain that no government outside Burma should have any claim in the privilege of trusteeship over these areas.” အထက်ပါတို့မှာ အောင်ဆန်း အက်တလီ စာချုပ်ချုပ် ဆိုရာတွင် ဗိုလ်ချုပ် အောင်ဆန်း တင်သွင်း ခဲ့ သော General Statement of Burma Delegation to London-January 1947 စတမ်းပါ The Frontier Areas ခေါင်းစဉ် အောက်တွင် United Nations Charter, Chapter XII, Article 73, the principles that continue to guide United Nations decolonization efforts, including respect for self-determination of all peoples ကိုကိုးကား ကာ ဗိုလ်ချုပ်အောင်ဆန်းက ဖေါ်ပြခဲ့ သည့် အချက် များ ဖြစ်သည်။ (မဟာသရေစည် သူ ဦးဖေခင်၏ ကိုယ်တွေ့ ပင်လုံ ကိုရှုပါ။) [Emphasis by the author] ဗိုလ်ချုပ်အောင်ဆန်း ဆိုလိုသည်မှာ ဗမာ အကူအညီမပါပဲ ဗြိတိသျှတို့ က သီးခြား အုပ်ချုပ်ခဲ့သည့် Fronatier Areas များအား နိုင်ငံရေး အရ ခေတ်နောက်ကျန်ခဲ့ပြီး ကိုယ်ပိုင် မအုပ်ချုပ်နိုင်သည့် အဆင့် တွင် ရှိနေသေးသောဒေသများအဖြစ်မမြင်ကြောင်း၊ အကယ်၍ ဗြိတိသျှတို့ ကထိုသို့ ထင်မြင်ယူဆကာ UN Trusteeship ခေါ် ကုလသမဂ္ဂ အစောင့်ရှောက်ခံဒေသအဖြစ်ချန်လှပ်ထားခဲ့မည်ဆိုပါကလည်း ဗမာပြည်မှအပမည်သည့် နိုင်ငံကမျှ ထိုဒေသများ ကို UN Trusteeship စီမံချက်အောက်တွင် ဆက်လက်စောင့်ရှောက်ခွင့် အခွင့်ထူးကို မပိုင်ဆိုင်သင့်ကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။

ဤဒေသတို့သည် အမှန်တကယ်တွင်မူ ကိုယ်ပိုင်အုပ်ချုပ်မှု မရှိသော non self-governing territories များ မဟုတ်မူပဲ၊ မိမိတို့ ဒေသ သမိုင်း ဖြစ်စဉ် အရ စော်ဘွားများ၊ ဒူးဝါးများ၊ တိုက်သူကြီးများ အုပ်ချုပ်ခဲ့ သည့် သမိုင်း အစဉ်အလာအားဖြင့် ကိုယ် ပိုင်အုပ်ချုပ်သည့် ကိုယ်ပိုင် အုပ်ချုပ်ရေး စနစ်များ ကျင့် သုံးခဲ့သည့် ဒေသများဖြစ်ပေသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် အခြား ဖြစ်နိုင်ခြေ ရွေးချယ်စရာ Option အမျိုးမျိုး ကိုကြိုတင်ထည့်သွင်း စဉ်းစားထားနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် လည်း အကယ်၍ ဗြိတိသျှတို့ က ယင်း Frontier Areas များ ကို non-selfgoverning territories များအဖြစ်ဇွတ်သတ်မှတ်ကာ UN Trusteeship Council လက်အောက်တွင် မဖြစ်မနေ ထားရှိမည် ဆိုပါက လွတ်လပ်ရေး ရပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်လာမည့် မြန်မာနိုင်ငံ မှအပ မည်သည့် နိုင်ငံ အစိုးရ ကမျှ ယင်း Frontier Areas များ ကို ယာယီ စောင့်ရှောက်ရန် trusteeship အခွင့်အရေး မရှိသင့် ကြောင်း […. but if such is the view of His Majesty‘s  government the delegation maintain that no government outside Burma should have any claim in the privilege of trusteeship over these areas] သူ၏ စာတမ်းတွင် ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ “ [မဟာသရေစည်သူ ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံ စာမျက်နှာ (၆ဂ)။]

[International Trusteeship System. In 1945, under Chapter XII of the Charter, the United Nations established the International Trusteeship System for the supervision of Trust Territories placed under it by individual agreements with the States administering them. Under Article 77 of the Charter, the Trusteeship System applied to Territories held under Mandates established by the League of Nations after the First World War; Territories detached from “enemy States” as a result of the Second World War; Territories voluntarily placed under the System by States responsible for their administration. The basic objective of the System was to promote the political, economic and social advancement of the Territories and their development towards self-government and self-determination. It also encouraged respect for human rights and fundamental freedoms and recognition of the interdependence of peoples of the world.] (http://www.un.org/Depts/dpi/decolonization/trust.htm).

ဗိုလ်ချုပ်အောင်ဆန်း ၏ အလိုအရ Frontier Areas များသည် လွတ်လပ်ရေး မယူသေးပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနယ်မြေ self-governing territory အဆင့် ကို ရောက်အောင် UN Trust Territories များအဖြစ် အချိန်ပိုင်းတခု အထိ ယာယီ အစောင့်ရှောက်ခံ ဒေသများ အဖြစ်ထားရှိရန် မလိုအပ်ပေ၊ ထိုဒေသ များ သည် အစကတည်းက သမိုင်းအဆက်ဆက် ကိုယ်ပိုင် အုပ်ချုပ်နေ ခဲ့ကြသောဒေသများ ဖြစ်သဖြင့် ဗမာပြည်နှင့် ပူးပေါင်း ကာ တချက် တည်း လွတ်လပ်ရေး ကို အရယူ ခြင်းအားဖြင့် ကိုယ်ပိုင် အုပ် ချုပ်ခွင့် ရှိသော ပြည်ထောင်စုဝင် ဒေသများ အဖြစ် ချက်ခြင်း ရ နိုင် သည်။ နိုင်ငံရေး အမျှော်အမြင်ကြီးမားသော ဗိုလ်ချုပ် အောင်ဆန်းသည် ဤသို့ဖြင့် Frontier Areas များ၏ နောက်ခံသမိုင်း ကို အသိအမှတ်ပြုကာ ချင်း၊ရှမ်း၊ ကချင် ခေါင်း ဆောင် တို့ ၏ ယုံကြည်မှု ကို ရယူပြီး ပင်လုံစာချုပ်ကို ရေးထိုး ချုပ်ဆို နိုင်ခဲ့ သည် အပြင် တန်းတူသော လွတ်လပ်သော ပြည်ထောင် စု အဖွဲ့ဝင် များ အဖြစ် လူမျိုးပေါင်းစုံပြည်သူတို့အတွက် လွတ်လပ် ရေး ကိုပါ အတူတကွ အရ ယူနိုင်ခဲ့သည်။ [မှတ်ချက်။ ထိုစဉ်ကာလ ကမ္ဘာတဝှမ်းတွင် ကမ္ဘာ့ ကုလ သမဂ္ဂ က Trust Territories နယ်မြေ (၁၁) ခု သတ်မှတ်ခဲ့ရာ ၄င်း နယ်မြေ များအား ယခင် ကိုလိုနီနယ်မြေများအဖြစ်မှ အချုပ်အခြာအာဏာ ပိုင်နိုင်ငံ များ အဖြစ်သို့ ကူးပြောင်းသည့် ကာလ အတွင်း ထိုဒေသများ၏ အုပ်ချုပ်ရေး ကိုကြီးကြပ် ရန် ဖွဲ့စည်းခဲ့သည့် UN Trust Council ကို ၁၉၉၄ ခုနှစ်တွင် နောက်ဆုံး ကျန်ရှိနေသေး သော Palau ကျွန်းငယ် လွတ်လပ်ရေး ကြေညာနိုင်ခဲ့ သည့် အချိန် မှ စ၍ ဖျက်သိမ်းလိုက်ပြီးဖြစ်သည်။ Palau ၏ အုပ်ချုပ်ရေး ကို အမေရိကန် ပြည် ထောင်စုမှ UN Trusteeship Agreement အရတာဝန်ယူခဲ့ပြီး ၁၉၉၃ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၏ ရလဒ်အဖြစ် ၁၉၉၄ ခုနစ်တွင် လွတ်လပ်ရေးကြေညာကာ ကုလသမဂ္ဂ ၏ ၁ဂ၅ ခုမြောက် အဖွဲ့ဝင်နိုင်ငံတခုဖြစ်လာသည်။ ကျွန်းနိုင်ငံငယ် ကလေး ဖြစ်သော Republic of Palau သည် ဧရိယာ အားဖြင့် ၁၁ရ စတုရန်း မိုင်ကျယ်ဝန်းပြီး ၂ဝ၁ဝ ခုနှစ်တွင် လူဦးရေ နှစ်သောင်းကျော်ရှိသည်။ ဧရိယာ အကျယ်အဝန်း အားဖြင့် ၂၃၂.၂ စတုရန်းမိုင်ရှိပြီး ၂ဝ၁ဝ ခုနှစ်တွင် လူဦးရေ လေးသန်း ကျော်ရှိသော ရန်ကုန်မြို့တော် ထက်ပင်သေးငယ်သော ကျွန်းနိုင်ငံတခုဖြစ်သည်။ Frontier Areas များသည်လည်း Palau သမ္မတ နိုင်ငံကဲ့သို့ UN Trusteeship အစီအစဉ်အောက်တွင် အချိန် ပိုင်း အကန့်အသတ်တခု အထိ နေထိုင် ပြီး အချိန်တန်သည့် အခါ သီးခြား အချုပ်အခြာအာဏာပိုင် သမ္မတ နိုင်ငံ များ အဖြစ်ကြေညာရန်၎င်း၊ သို့တည်းမဟုတ် ဆန္ဒရှိပါက မြန်မာ ပြည်ထောင်စု နှင့်ပူးပေါင်းရန်၎င်း အခွင့် အရေးရှိခဲ့ သော် လည်း၊ လွတ်လပ်ရေး ကို အလျင်အမြန် ရယူလိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း အားယုံကြည်လေးစားခြင်း၊ ဗိုလ်ချုပ် ကလည်း မိမိတို့၏ သမိုင်း ကြောင်း အရ ကိုယ်ပိုင် အုပ်ချုပ်ခဲ့ကြသည့် ဒေသ များ self-governing territories များ ဖြစ်သည်ကိုအသိအမှတ်ပြုခြင်း၊ ဗမာပြည်မနှင့်ပူးပေါင်းပါကလည်း မိမိတို့ ၏ နဂိုရှိရင်းစွဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်းအာဏာများ လက်လွတ် ဆုံးရှုံးစရာမရှိ၊ တန်းတူသော၊ လွတ်လပ်သော ပြည်ထောင်စု အောက်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ် ပိုင် ပြဌာန်းခွင့် ရှိသော ပြည်ထောင်စုဝင် ပြည် နယ် များ အဆင့် ကို ချက်ခြင်း လက် ငင်းရရှိကြမည်ဟုယုံကြည်ကြခြင်း စသည်တို့ကြေင့် ပင်လုံ စာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။]

ဤသည် တို့မှာ စစ်မှန်သော ပင်လုံပြည်ထောင်စု နိုင်ငံသစ် မလွဲမသွေ ပေါ်ထွန်းလာရေးအတွက် ကမ္ဘာ့ ကိုလိုနီစနစ်များ ဖျက်သိမ်းရေး သမိုင်း နှင့် ယှဉ်ပြီး ဖြတ်သန်းခဲ့ရသော ပင်လုံ သမိုင်း ၏ ပကတိ အစ နိဒါန်းများဖြစ်၏။ တနည်းအားဖြင့် ပင်လုံသမိုင်း သည် ကမ္ဘာ အဝှမ်း decolonization ခေါ် ကိုလိုနီစနစ် ဖျက်သိမ်းရေး သမိုင်း နှင့် ခွဲခြား၍ မရ၊ ကမ္ဘာ့ ကုလသမဂ္ဂ ပဋိညဉ် စာချုပ် နှင့် အညီ ကမ္ဘာ့ လူမျိုး အသီးသီး တို့၏ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် ကိုလေးစားရေး [the principles that continue to guide United Nations decolonization efforts, including respect for self-determination of all peoples] ဟူသည့် အခြေခံမူ နှင့်လည်းခွဲခြား၍မရသော အခိုင်အမာရှိသည့် သမိုင်း တခု ဖြစ်ပေသည်။ တနည်းအားဖြင့် ထိုကာလ ကမ္ဘာ့ နိုင်ငံရေးရေစီးကြောင့် အရသော်၎င်း၊ Frontier Areas မှ တိုင်းရင်းသားခေါင်းဆောင် တို့နှင့် အမြင်ခြင်းတထပ်တည်း ဖြစ်ခဲ့သည့် ဗမာမျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ကြီးမားသော နိုင်ငံရေး အမျှော်အမြင် အရသော်၎င်း ကမ္ဘာ့ ဤဒေသတွင် လူမျိုးတမျိုးနှင့် တမျိုး နိုင်ထက်စီးနင်းပြုကျင့်သည့် internal colony ခေါ် ပြည်တွင်း ကိုလိုနီ စနစ်မျိုး၊ တမင်းတနိုင်ငံစနစ်မျိုး ပေါ်ထွန်း လာစရာ အကြောင်း တစုံတရာမရှိခဲ့ပေ။

Written by mike16os

April 24, 2014 at 11:27 pm

FREEDOM HOUSE ရဲ့ electoral democracy ညွှန်းကိန်း။

Vansangva Online Democracy Discussions / အမြင့်ပျံငှက် အွန်လိုင်း ဒီမိုကရေစီ ဆွေးနွေးဝိုင်း (၂)

FREEDOM HOUSE ရဲ့ electoral democracy ညွှန်းကိန်း။

[display_podcast]

အရင် အပတ်က FREEDOM HOUSE ညွှန်းကိန်း ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စစ်တမ်းကိုတစေ့စောင်းဆွေးနွေးတင်ပြခဲ့ပြီး၊ အခုတခါမှာတော့ FREEDOM HOUSE ရဲ့ ကမ္ဘာ့ နိုင်ငံတွေထဲမှာ electoral democracy ကိုကျင့်သုံးမှု ရှိမရှိ လေ့လာစောင့်ကြည့် ပုံ နဲ့ ပတ်သက် ပြီး အကြမ်းဖျင်း တင်ပြ ဆွေးနွေးသွားပါမယ်။

ကမ္ဘာမှာ ရွေးကောက်ပွဲတွေ ကို (၄) နှစ်တကြိမ် တန်သည် (၅) နှစ်တကြိမ်တန်သည် ပုံမှန်ကျင်းပသွားပြီး တိုင်းပြည်ကို အုပ်ချုပ်မဲ့ ပါတီ (ဝါ) အစိုးရကိုပြည်သူတွေက တိုက်ရိုက် ရွေးကောက်ကြရတဲ့ ပါတီစုံရွေးကောက် ပွဲကျင်းပပေးတဲ့ စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေ အတော် အသင့် များပြားလာပေမဲ့ FREEDOM HOUSE ကတော့ အဲဒီလိုပါတီစုံစနစ် ကိုကျင့်သုံးတဲ့ နိုင်ငံတိုင်း၊ ရွေးကောက်ပွဲ ပုံမှန်ရှိတဲ့ နိုင်ငံတိုင်းကို electoral democracy စနစ် ကျင့်သုံးတဲ့ နိုင်ငံ (သို့မဟုတ်) တရားမျှတပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကို ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံ တခု ရယ်လို့ အလို အလျောက် မသတ်မှတ်ပါဘူး။

တရားမျှတပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကို ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံ တခု (သို့မဟုတ်) electoral democracy စနစ် ကျင့်သုံးတဲ့ နိုင်ငံ အဖြစ်သတ်မှတ်နိုင်ဖို့အတွက် FREEDOM HOUSE က စစ်တမ်းကောက် အမှတ်ပေး ရာမှာ အနိမ့်ဆုံး စံ တခု တော့ ထားရှိပါတယ်။ ဥပမာ အရင် အပတ် ကဖေါ်ပြခဲ့ပြီးဖြစ်တဲ့ အတိုင်း နိုင်ငံရေး ရပိုင်ခွင့် political rights နဲ့ပတ်သက်ပြီး စမ်းစစ်ရာမှာ မေးခွန်းပေါင်း (၁ဝ) ခု ရှိပါတယ်၊ အဲဒီ မေးခွန်းတခုချင်း စီ အတွက် အနိမ့်ဆုံး သုံည ကနေ အမြင့်ဆုံး (၄) မှတ်အထိရနိုင်ပြီး စုစုပေါင်း အမြင့်ဆုံး အမှတ် (၄ဝ) အထိရနိုင် ပါတယ်။ နိုင်ငံတခုကို electoral democracy စနစ် ကျင့်သုံးတဲ့ နိုင်ငံ စာရင်းထဲကို ထည့်သွင်း နိုင်ဖို့ဆိုရင် ရနိုင်ခြေ အမြင့်ဆုံး အမှတ် (၄ဝ) ထဲကနေ အနည်းဆုံး အမှတ် (၂ဝ) တော့ ရရှိ ရမှာ ဖြစ်တဲ့ အပြင် အဲဒီမေးခွန်း (၁ဝ) ခုထဲက ပထမ မေးခွန်း (၃) ခု မှာ အမြင့်ဆုံးရနိုင်ခြေ (၁၂) မှတ်ထဲကနေ အနည်းဆုံး (ရ) မှတ် လည်း ရရှိ ရ ဦး မှာ ဖြစ်ပါတယ်။ အဲဒီ ပထမ မေးခွန်း (၃) ခုကတော့ မေးခွန်းအုပ်စု A ထဲမှာ ပါရှိပြီး ရွေး ကောက်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေ ရဲ့ လိုရင်း ကတော့ ….

၁။ ထိပ်ဆုံး ကနေ အစိုးရ ကိုဦးစီးမဲ့ သမတ ကို ဖြစ်စေ ဝန်ကြီးချုပ်ကိုဖြစ်စေ တခြားသော အမျိုးသားအဆင့် အာဏာပိုင် ထိပ်သီး ခေါင်းဆောင် တွေ ကို ရွေးကောက်ရာမှာ တရားမျှတပြီး လွတ်လပ်တဲ့ နည်းနဲ့ရွေးကောက်ခဲ့သလား၊

၂။ အမျိုးသားအဆင့် [မြန်မာနိုင်ငံ အတွက်ဆိုရင် ပြည်ထောင်စုအဆင့်] ဥပဒေပြု ပြည်သူ့ကိုယ်စားလှယ် အမတ်လောင်းတွေကိုရွေးကောက်ရာမှာ တရားမျှတပြီး လွတ်လပ်မှုရှိသလား၊

၃။ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ မူဘောင် frame work တွေ ဟာတရားမျှတမှုရှိသလား။ …… စတာတွေပဲဖြစ်ပါတယ်။

နောက် တခါ B အုပ်စု မေးခွန်း (၄) ခုကတော့ ပါတီစုံစနစ်ကျင့်သုံးမှုနဲ့ လူထုပါဝင်မှု တွေနဲ့ သက်ဆိုင်ပါတယ်။ အဲဒါတွေကို အကျဉ်းရုံးပြောရရင်..

၁။ ပြည်သူတွေမှာ နိုင်ငံရေးပါတီတွေထူထောင်ခွင့်၊ မိမိကြိုက်နှစ်သက်ရာ ယှဉ် ပြိုင်ဘက် ပါတီမှာ ပါဝင်ခွင့် တွေရှိသလား၊ နောက်ပြီး တိုင်းပြည်မှာ ကျင့်သုံး တဲ့ နိုင်ငံရေးစနစ်ဟာ ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေ အတွက် အောင်နိုင်ခြင်း သော်၎င်း ရှုံးနိမ့် ခြင်းသော်၎င်း ရင်ဆိုင်နိုင်အောင် တပြေးညီ လမ်းဖွင့် ထားတဲ့ စနစ် ဖြစ်သလား၊

၂။ အင်အားတောင့်တင်းတဲ့ အတိုက်အခံပါတီတွေရှိသလား၊ နောက်ပြီး အတိုက်အခံတွေအနေနဲ့ ထောက်ခံမှုတွေတိုးပွားအောင် ဒါမှမဟုတ် အာဏာကို ရွေးကောက်ပွဲအားဖြင့် ရရှိလာနိုင်တဲ့ လက်တွေ့ကျတဲ့ အလားအလာတွေရှိသလား၊

၃။ ပြည်သူတွေရဲ့ရွေးချယ်မှု ဟာ စစ်တပ် ဒါမှမဟုတ် ပြည်ပနိုင်ငံတခုခု ဒါမှမဟုတ် တင်းကြပ်တဲ့ ဗဟိုဦးစီးမှု နဲ့ချုပ်ကိုင်ထားတဲ့ ပါတီတခုခု၊ ဘာသာရေး အရ အဆင့်ဆင့် ချုပ်ကိုင်မှု၊ စီးပွားရေး အထက်စီးရနေတဲ့ အနည်းစုသော လူ့မလှိုင်လွှာ၊ ဒါမှမဟုတ် တခြားသော အင်အားစုတခုခု ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကနေ လွတ်ကင်းမှု ရှိသလား၊

၎။ ယဉ်ကျေးမှု အရ၊ လူမျိုးစုအရ၊ ဘာသာရေးအရ ဖြစ်နေတဲ့ လူနည်းစုတွေ ဒါမှမဟုတ် တခြားသောလူနည်းစု တွေ မှာ နိုင်ငံရေး ရပိုင်ခွင့် နဲ့ ရွေးကောက် ပွဲ ဆိုင်ရာ အခွင့်အရေးတွေရှိသလား။ ….. စသည်တို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် C အုပ်စု မေးခွန်း (၃) ခုကတော့ အစိုးရရဲ့ အုပ်ချုပ်မှု ပုံစံ နဲ့ပတ်သက်ပြီး အောက်ပါအတိုင်းဖြစ်ပါတယ်…

၁။ လွတ်လပ်စွာ အရွေးကောက်ခံရတဲ့ အစိုးရ ထိပ်သီးခေါင်းဆောင် နဲ့ အမျိုးသား [ပြည်ထောင်စု] အဆင့် ဥပဒေပြု ပြည်သူ့ကိုယ်စားလှယ် အမတ် တွေ က အစိုးရရဲ့ပေါ်လီစီ တွေကို အမှန်တကယ်ပြဌာန်းနိုင်သလား၊

၂။ အစိုးရ ဟာ ထင်ထင်ရှားရှားကျယ်ကျယ်ပြန့်ပြန့် အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု တွေ နဲ့ ကင်းလွတ်မှုရှိသလား၊

၃။ အစိုးရဟာ ရွေးကောက်ပွဲ တခုနဲ့ တခုအကြား မှာ ရွေးကောက်လိုက်တဲ့ ပြည်သူတွေအပေါ် တကယ်ပဲ တာဝန်ခံနိုင်သလား၊ နောက်ပြီး ပွင့်လင်း မြင်သာ မှု ရှိရှိ အလုပ်လုပ်သလား။…. စတာတွေပဲဖြစ်ပါတယ်။

[မှတ်ချက်။ ဒီမေးခွန်းတွေ ကို စကားလုံးတလုံးချင်းစီ ဘာသာမပြန်ပဲ၊ နားလည်လွယ်အောင်နဲ့ စာသားချောမွေ့ အောင် ဆိုလို ရင်း ကို သိသာ ထင်ရှား အောင် ဆီလျော်သလို ပြန်ထားပါတယ်။ မူရင်းကို ဒီ လင့်မှာ ဖတ်ရှုနိုင်ပါတယ်။ http://www.freedomhouse.org/report/freedom-world-2013/checklist-questions-and-guidelines]

ဒီတော့ FREEDOM HOUSE ရဲ့ညွှန်းကိန်း စံနှုန်းတွေအရ လက်ရှိ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံ အနေနဲ့ electoral democracy စနစ် ကျင့်သုံးတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်လာဖို့အတွက် အလှမ်း တော်တော်လေး ဝေးနေသေးတာ ကို ထင်ထင် ရှားရှား တွေ့ရှိရ မှာ ဖြစ်ပါတယ်။ Electoral democracy ကျင့်သုံးတဲ့ နိုင်ငံဖြစ်လာဖို့ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ဟာလည်း အမှန်တကယ် နှောင်ကြိုးမဲ့ ပြီး တကယ့်ကို ဘက်မလိုက် တမ်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ဖို့လို အပ် ပါလိမ့်ဦးမယ်။ လာမဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ မှာ အရင် ၂ဝ၁ဝ တုံးကလို ရွေးကောက် ပွဲကော်မရှင်က လည်း အရင် စစ်အစိုးရခေတ်က စစ်ဗိုလ်ဟောင်းတွေပဲ ကြီးစိုး နေဦးမယ်၊ ရွေးကောက်ပွဲ ဥပဒေကိုလည်း ရွေးကောက်ပွဲ နီးမှ ကပ်ပြီးကြေညာမယ်၊ အတိုက်အခံ ပါတီတွေအတွက် အချိန်၊ ငွေ စတာတွေ နဲ့ အကန့်အသတ် တွေကြားထဲမှာ တက်သုတ်ရိုက် ပါတီဖွဲ့စည်းလိုက်ရတာမျိုး၊ ပါတီဝင် အလုံအလောက် ရှိအောင် အချိန်လုပြီး စည်းရုံး ရေးဆင်းရတာမျိုး၊ ကြံ့ခိုင်ရေးပါတီ အနေနဲ့ နိုင်ငံတော်ဘတ်ဂျက်ကို ဖေါချင်းသောချင်းသုံးနိုင်ပြီး ရွေးကောက်ပွဲဝင်မဲ့ ပါတီအသစ် ကပါတီ အမတ်လောင်းတွေ အနေနဲ့ ကတော့ တင်သွင်းရမဲ့ ရွေးကောက်ပွဲမှတ်ပုံတင်ကြေး ကျပ် ငွေ (၅) သိန်း ကို ဖတ်ဖတ်မောအောင်ရှာကြရတာမျိုး၊ စတဲ့ စတဲ့ မညီမျှ၊ မမျှတ တဲ့ game plan အပြင် တပြေးညီတဲ့ ကစားကွင်း level play ground ကင်းမဲ့နေတာမျိုး ဆက်လက်တည်ရှိနေဦးမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံ ဟာ FREEDOM HOUSE ရဲ့ စံချိန်စံညွှန်းနဲ့ ကြည့်ရင် electoral democracy ခေါ် တရားမျှတသော ရွေးကောက်ပွဲ စနစ်ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံ စာရင်း ထဲကိုဝင်လာဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။ စစ်တိုက်တဲ့အခါမှာ ရန်သူကိုဘာမှကြိုတင်အသိမပေးပဲ ပုန်းလျှိုးကွယ်လျှိုး စစ်ပရိရာယ် အမျိုးမျိုးဆင်ပြီး ရန်သူ့အငိုက်မှာ လျှပ်တပျက် ခြုံခိုတိုက် ပြီးမှ အပြတ်အသတ် အနိုင်ယူရ တဲ့ သဘောမျိုး နဲ့ ကိုယ့် အတိုက်အခံ ရော ကိုယ်ရော အားလုံးတပြေးညီ အခွင့် အရေးတွေ၊ သတင်း ပွင့်လင်းမှုတွေ အောက်မှာ မျှမျှတတ လုပ်ပြီး၊ ပါဝင်ယှဉ်ပြိုင် သူအားလုံး ဂုဏ်ကျက်သရေရှိရှိ ယှဉ်ပြိုင်ရတဲ့ electoral democracy စနစ် က မိုးနဲ့မြေ လိုကွာခြားပါတယ်။ အဲဒီတော့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိုလုပ်ဆောင်ရာမှာ ပြုပြင်ရမဲ့ အချက်တွေ တပုံတခေါင်းကြီးရှိနေပါသေးတယ်။

နောက်ပြီး FREEDOM HOUSE ရဲ့ political rights နဲ့သက်ဆိုင်တဲ့ မေးခွန်းပေါင်း (၁ဝ) ခုထဲကနေ အမှတ် (၂ဝ) အထိ အနည်းဆုံး ရရှိဖို့အတွက်ဆိုရင် ဒီမိုကရေစီ သဘောတရားတွေ၊ ဖက်ဒရယ်ပြည်ထောင်စု သဘောတရားတွေ ကင်းမဲ့နေတဲ့ ၂ဝဝဂ အခြေခံဥပဒေ ကို ပြင်ဆင် ရပါဦးမယ်၊ ဒါမှမဟုတ် အသစ် တခုကို ပြန် လည် ရေးဆွဲရ မှာ ဖြစ်ပါတယ်။ ဒီအပိုင်းကိုတော့ နောက်ပိုင်းတွေမှာ ဆက်လက် ပြီး ပိုပြီး အသေးစိတ် ဆွေးနွေး သွားပါမယ်။

နောက်ပြီး ပြည်သူတွေ ရှေရှည် ခက်ခက် ခဲခဲ ရုန်းကန် ကျော်လွှားကြရဦး မဲ့ တောင်ကြီးတလုံးကတော့ C အုပ်စု မေးခွန်း (၃) ခုအနက် နံပတ် (၂) မေးခွန်း ဖြစ်တဲ့ “အစိုးရ ဟာ ထင်ထင်ရှားရှားကျယ်ကျယ်ပြန့်ပြန့် အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု တွေ နဲ့ ကင်းလွတ်မှုရှိ သလား” ဆို တဲ့မေးခွန်း ရဲ့ အဖြေကို (သုံည) ကနေ အထက်ကိုဘယ်လိုတက်လာအောင်လုပ် မလဲ ဆိုတာ ပါပဲ။ ကမ္ဘာ့ နိုင်ငံအသီးသီး မှာ ခြစားမှု တွေ ကို စောင့် ကြည့် လေ့လာ တဲ့ Transparency International ရဲ့ ၂ဝ၁၂ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဂတိ လိုက် စား၊ အကျင့် ပျက်ခြစားမှု အမြင့် ဆုံး နိုင်ငံစါရင်းထဲမှာပါရှိနေပါတယ်။ အောက်ပါဇယားကိုကြည့်ရင် ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့ နိုင်ငံ ၁ရ၆ နိုင်ငံအနက် ခြစားတဲ့ နေရာမှာ အမှတ် (၁ရ၂) ချိတ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ ထက်ဆိုးတာဆိုလို့ Sudan, Afganistan, North Korea နဲ့ Somalia တို့ပဲ ဖြစ်ပါတယ်။ သမတ ဦးသိန်းစိန် အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကိုပြဌာန်းလိုက်တာကိုကြိုဆိုကြရမှာ ဖြစ်ပေမဲ့၊ ခြစားတဲ့ အစဉ်အလာကြီးဟာ ဒီနေ့ မနက်ဖန်ဆိုသလို တမဟုတ် ခြင်း ပျောက်သွားမှာ မဟုတ်ပါဘူး။

Source : http://issuu.com/transparencyinternational/docs/cpi_2012_report?e=2496456/2010281#search

ခစားမှုကို မီဒီယာတွေကလည်းလွတ်လွတ်လပ်လပ်ဖေါ်ထုတ်ခွင့်ရှိရမဲ့အပြင်၊ မူလတန်းကျောင်းကစလို့ တက္ကသိုလ်တွေအထိ စာရိတ္တ မဏ္ဍိုင် ခိုင်မာရေး ကို အခြေခံကျကျ တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ လူထုထဲမှာရော အစိုးရဝန်ထမ်းလောကမှာ ရော ခြစားမှုတိုက်ဖျက်ရေး လူထု လှုပ်ရှား မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာဖို့လည်းလိုအပ်မှာ ဖြစ်ပါတယ်။ တကြိမ်ထည်းမှာ တရားဥပဒေစိုးမိုးမှုရှိဖို့ နဲ့ ဒီမိုကရေစီရဲ့ တတိယ မဏ္ဍိုင် ဖြစ်တဲ့ တရားရေးဌာနကလည်း ခြစားမှုတွေကိုအပြစ်ပေးအရေးယူရာမှာ တကယ့်ကို လွတ်လပ်တဲ့ တရားစီရင်ရေး ကိုလုပ်ဆောင်နိုင်ရမှာ ဖြစ်ပါ တယ်။ ခြစားမှု ကိုဖွင့်ချဖေါ်ထုတ်တဲ့ whistle blowers ခေါ် ခြစားမှုပပျောက်ရေး ကိုရည်ရွယ်ပြီး သတင်းပေးသူတွေကိုလည်း ဥပဒေက အကာအကွယ် ပေးနိုင်ရမှာ ဖြစ်တယ်။ မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ မျိုးဆက်သစ် ခေါင်းဆောင် တွေ ပေါ်ပေါက်လာဖို့ အတွက် ရေရှည် စီမံကိန်း ချပြီးလက်တွေ့ကျကျဇောင်းချပြီး မလုပ်နိုင်ရင်တော့ ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်း တဲ့ အချိန်ကစပြီး အခြေတည်လာခဲ့တဲ့ အဂတိလိုက်စားမှု ဟာ ကျွန်တော်တို့ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်း လာ ဖို့အတွက် ကြီးမားတဲ့ အနှေက်အယှက် အဟန့်အတားတခုဖြစ်နေဦးမှာ ဖြစ်ပါတယ်။

အထူးသဖြင့် သယံဇာတပေါကြွယ်ဝ တဲ့ ကျွန်တော်တို့နိုင်ငံမှာ သစ်မာ၊ ကျောက်မျက်ရတနာ၊ ရေနံ၊ မီးသွေး၊ ဓတ်ငွေ့ အစရှိတဲ့ သယံဇာတ ပစ္စည်း တွေ ကို ထုတ်ရောင်း လို့ရတဲ့ငွေတွေဟာ ခရှိုနီ တွေ နဲ့ ထိပ်သီး စစ်တပ်ခေါင်းဆောင်တွေ အိတ်ထဲရောက်သွားကြပြီး၊ ပြည်သူတွေ အတွက် ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ဝန်ဆောင်မှု နယ်ပယ်နဲ့ infrastructure တည် ဆောက် ရေး မှာ အသုံးချ ခွင့်မရှိ သေးသမျှကာလပတ်လုံး တခြား ပြုပြင်ပြောင်းလဲရေးတွေ ကိုဘယ်လောက်ပဲလုပ်လုပ် ပြည်သူတွေရဲ့အနာဂတ်ဟာ မှေးမှိန်မြဲမှေးမှိန်နေဦးမှာ သာ ဖြစ်ပါ တယ်။ “နှစ်ပေါင်း ဘယ်လောက် အ တွင်း စင်ကာပူ လိုဖြစ်စေရမယ်” ဆိုတာမျိုးကြွေးကြော်နေလို့ လည်းဖြစ်လာမှာ မဟုတ်ပါဘူး။

ဒီတော့ FREEDOM HOUSE ရဲ့ စံနှုန်းနဲ့ ညွှန်းကိန်း အရ ကျွန်တော်တို့ နိုင်ငံအနေနဲ့ electoral democracy ကျင့်သုံးတဲ့ နိုင်ငံ စာရင်း ထဲမှာ ပါလာဖို့ ဆိုရင် ချောက်နက်ကြီးထဲ ကျရောက်နေရာကနေ မတ်စောက်မြင့်မားတဲ့ ချောက်ကမ်းပါးကြီး ကိုပြန်လည် တွယ် ဖက်ပြီးတက်ရသလို ခက်ခဲ နေဦး မှာ ဖြစ်ပါတယ်။ နိုင်ငံတကာကနေ ငွေကြေးအထောက်အပံ့တွေ ဘယ်လောက်ပဲ ပုံအောပြီးကူညီသည့်တိုင်အောင် ဘာမှထူးခြားလာမှာ မဟုတ် ပါဘူး။ ပြည်ပ နိုင်ငံတွေ က အကူညီငွေတွေ ထက်စာရင် နောင်လာမဲ့ အာဏာရ တိုင်းပြည်ခေါင်းဆောင် အဆက်ဆက် နဲ့ ပြည်သူတွေ အကြား မှာ နိုင်ငံရေး ဆန္ဒ political will အားကောင်း ဖို့ သာလျင် ပိုပြီး အဓိကကျပါတယ်။ တိုင်းပြည်ကို ပြည်သူတွေကသာပိုင်ဆိုင်တယ်ဆိုတာကို အာမခံ ပေးနိုင်တဲ့ အစိုးရမျိုး ပေါ်ထွန်း လာဖို့ လိုအပ် နေပြီဖြစ်ပါတယ်။

နိုင်ငံရေး ဆိုတာကတော့ ပြည်သူကို အလုပ်အကြွေးပြုရတာဖြစ်တယ်၊ ပြည်သူတွေ အတွက် ဝန်ဆောင်မှု ကိုပေးရတဲ့ အလုပ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေကို အလုပ်အကြွေးပြုမဲ့၊ ပြည်သူတွေ အတွက် စစ်မှန်တဲ့ ဝန်ဆောင်မှုကိုဆောင်ရွက်ပေးမဲ့ ကိုယ်ကျိုးမဖက် ပဲ အမှန် တကယ် ရိုးသား ဖြောင့်မတ်တဲ့ ခေါင်းဆောင် တွေ ပေါ်ထွန်းလာ ဖို့ ကို ပြည်သူတွေက မွတ်သိပ်စွာ တောင့်တ နေခဲ့ကြတာဖြစ်တယ်။ နိုင်ငံရေး ဖြစ်စဉ်တွေ အပေါ်မှာ ပြည်သူ လူထုရဲ့ ယုံကြည်မှုတွေ ပြန်လည်ရှင်သန်လာဖို့ အတွက် လက်တွေ့ ကျကျလုပ်ဆောင်လာမဲ့ နိုင်ငံ့ ခေါင်းဆောင်မျိုး၊ နိုင်ငံရေးပါတီမျိုးသာ ဖြစ်ပါစေ၊ ဘယ် ပါတီ ဖြစ်ဖြစ် ပြည်သူတွေကတော့ အစဉ် အမြဲ ထောက်ခံ ကြမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုတာ ဒီလို ပြည်သူ့ ပါတီမျိုးပေါ်ထွန်းလာဖို့ လမ်းဖွင့်ပေးတာပဲဖြစ်ရပါမယ်။ ပါတီတခု ဒါမှမဟုတ် အုပ်စုတခုခုက နိုင်ငံရေးဖြစ်စဉ် တွေကို အစဉ်အမြဲ ထိမ်းချုပ်နေဖို့မဖြစ်သင့်ဘူး။ ပြည်သူ တွေရဲ့ နိစ္စဓူဝ အခက်အခဲတွေကို ကျော်လွှား နိုင်ဖို့အတွက် နက်နက်ရှိုင်းရှိုင်း တွေးခေါ်မျှော်မြင်တတ်တဲ့ နိုင်ငံ့ ခေါင်းဆောင် ကောင်း တွေ ပေါ်ထွန်း လာဖို့ လမ်းဖွင့်ပေးတာ ပဲဖြစ်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံ ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်သစ်သမိုင်းမှာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားအရေး ဆိုပြီးလွဲမှားစွာကင်ပွန်း အတပ်ခံခဲ့ရတဲ့ ပြည်ထောင်စုအရေး၊ လူ့အခွင့် အရေး၊ ကျောင်းသားအရေး၊ အလုပ်သမားအရေး၊ လယ်သမားအရေး၊ အမျိုးသမီးများအရေး၊ ကလေးစစ်သားများအရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ စတဲ့ ပြည်သူ့အရေး တွေ နဲ့ ဆက်နွှယ်နေတဲ့ ပြဿနာပေါင်း မရေ မတွက်နိုင်အောင် များပြားလှပါတယ်။ နောင်တက်လာမဲ့ မျိုးဆက်သစ် နိုင်ငံရေး ခေါင်းဆောင် တွေ က နိုင်ငံကို failed state ခေါ် ကျဆုံးနိုင်ငံ ဘဝကို ကျရောက် မသွားအောင် တော်တော့ကိုအားသွန်ခွန်စိုက်ကျိုးပမ်းကြရမှာ ဖြစ်တယ်။ တကြိမ်ထည်းမှာ (၂၁) ရာစုခေတ်ရဲ့ မရေမတွက် နိုင် အောင် များပြားလှတဲ့ စိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်နေကြရဦးမှာ ဖြစ်တဲ့ အတွက် ခေတ်နဲ့ တပြေးညီ တွေးခေါ်နိုင် တဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့ အရေးကြီးလှပါတယ်။

စစ်မှန်တဲ့ electoral democracy စနစ်ကို ပီပီပြင်ပြင် ကျင့်သုံး နိုင်ဖို့ အတွက် လိုအပ်တဲ့ အကြောင်းအရာ အချက်အလက်တွေ အများကြီးရှိပါတယ်။ ဒီအချက်အလက်တွေကိုတော့ နောက်ပိုင်းမှာ အသေးစိတ်ဆွေးနွေးပါမယ်။ အဲဒီလို ဒီမိုကရေစီ စနစ် တခု ရှင်သန်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ အနက် အရေးကြီးတဲ့ အချက်တခုကတော့ နိုင်ငံရေး ပါတီ တွေအုပ်စုတွေကြားမှာ အပြန်အလှန်ယုံကြည်မှု နဲ့ mutual security1 ခေါ် အပြန်အလှန် လုံခြုံမှုရှိစေရေး ဆိုတဲ့ ဒီမိုကရေစီ ထုံးတမ်းစဉ်လာတခု အမြစ်တွယ်ကြီးထွားလာဖို့လိုပါတယ်။ ဆိုလိုတာက ဘယ်ပါတီဘယ်အုပ်စုပဲ အာဏာရရ၊ ရှုံးနိမ့်သွားတဲ့ ပါတီတခုအနေနဲ့ ထောင်တွင်း အကျဉ်းချခံရတာမျိုး၊ ကျူပင်ခုတ်ကျူငုတ်မကျန် အပြတ်ရှင်းခံရတာမျိုးမရှိပဲ ရှုံးနိမ့်သွားသည့် တိုင်အောင် အတိုက်အခံပါတီဘဝကနေ နိုင်ငံ့အာဏာကို ပြည်သူတွေရဲ့ထောက်ခံမှု နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ပြန်လည် ရယူနိုင်တဲ့အာမခံချက်လည်းရှိရပါမယ်။ Electoral ဒီမိုကရေစီ စနစ် အပေါ် တန်ဘိုးထားယုံကြည်ပြီး အပြန်အလှန် လုံခြုံမှု ရှိစေရေး မျိုး ကို အာမခံပေးနိုင်တဲ့ ဒီမိုကရေစီ ဓလေ့ထုံးတမ်းတွေ အမြစ်တွယ် လာအောင် ပြည်သူတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် တည်ဆောက်သွား နိုင်ရမှာဖြစ်ပါတယ်။ ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး အုပ်စုတခု နဲ့ တခု အပြန်အလှန်အမြစ်ပြတ်ခြေမှုန်းဖို့ ကျိုးစားကြရင်း နှစ်ပေါင်း (၆ဝ) ကျော်သွေးချောင်းစီးခဲ့ကြတာကို ဒီနေ့ပြည်သူတွေက အော့နှစ်လုံးနာနေကြပါပြီ။ ဒါကြောင့် လည်း ဒီစနစ်ဆိုးတွေကို အတိတ်မှာ ပဲထားခဲ့ နိုင်ဖို့အတွက် electoral democracy ခေါ် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာဖို့ အထူးလိုအပ်နေပါတယ်။ တခြား ရွေးချယ် စရာ လမ်းမရှိပါဘူး။

ဆလိုင်းကစ်(ပ်)ခိုလျန်
အောက်တိုဘာလ (၁ဝ) ရက် ၂ဝ၁၃၊ ဟမ်းဘတ်၊ ဂျာမဏီ။

1. Robert A. Dahl, Polyarchy: Participation and Opposition (1971) The focus of the book is the conditions under which such systems of public contestation develop and exist. Because “conditions that provide a high degree of mutual security for government and oppositions would tend to generate and to preserve wider opportunities for oppositions to contest the conduct of government,” Dahl frames his question as follows: “What circumstances significantly increase the mutual security of government and oppositions and thereby increase the chances of public contestation and polyarchy?” (p. 16). Professor Larry Diamond: Democracy Development: “That each side has some recognition and respect for the essential interests of the other, the essential dignity of the other, and there’ll be constraints on what they do. And of course, you can’t have a stable democracy, you can’t have a consolidated democracy, without belief in the legitimacy of democracy, as we’ve noted.

Written by mike16os

October 16, 2013 at 5:03 pm

Follow

Get every new post delivered to your Inbox.